Monday, March 7, 2011

မြန်မာဘက်မှ မြေ ၁၅ ဧကကို ဘင်္ဂလားဒေခ်ျ့သို့ ပြန်ပေး

ထွန်းထွန်း

ဘင်္ဂလား-မြန်မာ နယ်စပ်မျဉ်း တိုင်းတာရေးကို များမကြာမှီက ပြုလုပ်ခဲ့ရာ မြန်မာဘက်မှ သူ့နိုင်ငံထဲ ပါဝင်နေသည့် မြေ ၁၅ ဧကကို ဘင်္ဂလာဒေခ်ျ့သို့ ပြန်လည် လွဲပြောင်း ပေးအပ်ခဲ့ကြောင်း ဒေသထုတ် ဘင်္ဂလီ သတင်းစာများက ဖေါ်ပြသည်။

လွန်ခဲ့သောနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က စပြီး ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ ပြုလုပ်သော တရားဝင် နယ်စပ်မျဉ်း ပိုင်းခြား သတ်မှတ်စဉ် မြန်မာဘက်က ထိုသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ယခုလ ၃ရက်နေ့ထုတ် ကော့ဘဇား ခရိုင်ထုတ် သတင်းစာများက ဖေါ်ပြသည်။

နှစ်နိုင်ငံအကြား ကီလိုမီတာ ၈၈ ရှည်လျှားသည့် နယ်စပ် မျဉ်းကြောင်းကို နှစ်နိုင်ငံအကြား စစ်ဆေးနိုင်ခဲ့ပြီး မြန်မာထဲသို့ ၀င်ပါနေသည့် မြေဧက ၁၅ ဧကကို ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ယခု တိုင်းတာ ခြင်တွယ်ပြီးစီး ခဲ့သည့်နေရာမှာ ဘင်္ဂလား-မြန်မာနယ်နိမိတ်ချင်းထိစပ်နေသည့် တောင်ပြိုနှင့် လိမ္မော်ဆရီ အကြားတွင်ရှိသည့် ကျောက်တိုင်အမှတ် (၅၁/၅၃/၃၄/၃၅) တို့ ဖြစ်ကြောင်း သိရသည်။ တောင်ပြိုနှင့် လိမ္မော် ဆရီမှာ ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တွင်ရှိပြီး ဘင်္ဂလားဒေ့ခ်ျ့ နိုင်ငံနှင့်ထိစပ်နေ သည့် နယ်မြေများ ဖြစ်ကြသည်။

ထိုသို့ မြန်မာဘကမှ မြေများကို ပြန်ပေး အပြီး နယ်စပ် မှတ်တိုင် ၁၄ အနီးတွင် သစ်သားဖြင့် ဆောက်လုပ် ထားသော နစက အမာခံ စခန်းတခုပါ မြန်မာဘက်က ဆုတ်ခွာ ပေးလိုက်ရ ကြောင်း သတင်းများက ရေးသား ဖေါ်ပြသည်။

မကြာခင် အချိန် အတောအတွင်း တိုင်းတာရန် ကျန်ရှိနေသည့် နယ်စပ် ကျောက်တိုင် အမှတ် (၅၀/၅၅) အထိ ဆက်လက် တိုင်းတာ သွားမည် ဖြစ်ကြောင်း နတ်ကျောက် ဆော်ရီ အခြေစိုက် ဘီဂျီဘီ အမှတ် ၁၅ တပ်ရင်း တာဝန်ရှိသူများက ပြောသည်။

နှစ်နိုင်ငံနယ်စပ် တိုင်းတာရေးကို ဘင်္ဂလားဒေ့ခ်ျ စစ်တပ်မှ ဗိုလ်မှူး ဇော်ဂအာဟာဆင် ဦးဆောင်သည့်အဖွဲ့မှ မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ပူးပေါင်း တိုင်းတာ ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

No comments: