Thursday, March 10, 2011

အကျဉ်းသားပေါ်တာ (၆) ဦး ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးရောက်ရှိ

ကူးဒူ

မြန်မာစစ်အစိုးရတပ် အကျဉ်းသားအထမ်းသမား (၆) ဦးတို့သည် စစ်အစိုးရတပ်၏ လုပ်အားပေး စေခိုင်းမှုများကို မခံနိုင်သောကြောင့်ဟု ဆို၍ ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေသို့ ပြီးခဲ့သည့်လ (၂၄) ရက်နေ့က ထွက်ပြေးရောက်ရှိခဲ့ကြသည်။

အကျဉ်းသားပေါ်တာများ ဖြစ်သော ကျော်စိုး အသက် (၄၅)နှစ်၊ နေမျိုးထွန်း (၃၅)နှစ်၊ မောင်သူဝင်း (၂၆)နှစ်၊ စမ်းမောင်ဝင်း (၂၆)နှစ်၊ တင်းဇာ (၂၀)နှစ်နှင့် ကျော်ကျော်ထွန်း (၁၉)နှစ်တို့သည် ကရင်နီပြည် အရှေ့ဘက်ခြမ်း ရှားတောမြို့နယ်တွင် အခြေစိုက်ထားသော စစ်အစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၅၄) တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည်။

ထိုအထမ်းသမားများသည် စစ်အစိုးရတပ်နှင့်အတူ တပ်စခန်းတွင်း၌ နေထိုင်ခဲ့ရာတွင် ရေခပ်ခြင်း၊ ကတုတ်ကျင်းတူးခြင်း၊ ရိက္ခာများ သွားရောက်ထမ်းခြင်း၊ သစ်၊၀ါးများ သွားရောက်ခုတ်ယူခြင်းနှင့် ခြံခတ်ခြင်းတို့ကို ပုံမှန် အလုပ်လုပ်နေရသည့်အတွက် မခံနိုင်သောကြောင့် ထွက်ပြေးရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

တပ်စခန်းတွင်း၌ နေထိုင်ခဲ့စဉ်တွင် စစ်အစိုးရတပ်များ၏ နှိပ်စက်မှုများကို ခံခဲ့ရကြောင်း၊ ထမင်းကိုလည်း အနည်းငယ်သာ စားခဲ့ရကြောင်း စစ်အစိုးရတပ် တပ်စခန်းတွင်းတွင် (၂) လခန့် နေထိုင်ခဲ့ရပြီး ထွက်ပြေးလာသော အကျဉ်းသားပေါ်တာများအနက် နေမျိုးထွန်းက ပြောသည်။

သူက “ရိုက်ပုတ်တာတို့ ရှိတယ်။ သူတို့ စိတ်မထင်ရင် မထင်သလိုပေါ့။ သူတို့ စိတ်ထဲမှာ မကြည်တာတွေ ရှိရင် အဲလို လက်နဲ့ ရိုက်တယ်။ ဒါမဲ့ တုတ်နဲ့တော့ မလုပ်သေးပါဘူး။ လက်သီးနဲ့ ထိုးတာတို့ ပါးရိုက်တာတို့ အဲလောက်ပဲ ရှိတယ်” ဟု ပြောသည်။

အထမ်းသမားအဖြစ် စစ်အစိုးရတပ် စစ်ကြောင်းနှင့်အတူ ကရင်နီပြည် အနောက်ဘက်ခြမ်းမှ အရှေ့ဘက်ခြမ်းသို့ ခရီးထွက်လာခဲ့စဉ်က ထမ်းပိုးသွားသော ရိက္ခာနှင့် ပစ္စည်းများသည် အလွန်လေးလံ၍ စစ်ကြောင်း မှီအောင် မလိုက်သွားနိုင်သောကြောင့် စစ်အစိုးရတပ်၏ နှိပ်စက်မှုများကို ခံခဲ့ရကြောင်း ထွက်ပြေးလာခဲ့သူ ကျော်စိုးကလည်း ပြောသည်။

“လမ်းမှာ လာတာတော့ ပစ္စည်းကတော့ တော်တော်လေးတယ်။ မထမ်းနိုင်လို့ မသွားနိုင်လို့ ခဏနာအုံးမယ် မရဘူး။ အမှီလိုက်မှ နားရမယ် ပြောပြီးမှ ကျနော့်ကို ထိုးတယ်။ ကျနော့်ကို တချက် ပါးရိုက်တယ်။ နောက်ပြီးမှ ခြေထောက်နဲ့ ကျနော် လည်းပင်းမှာ တခါနင်းသေးတယ်” ဟု သူက ပြောသည်။

ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေသို့ ယခု ထွက်ပြေးရောက်ရှိသော အကျဉ်းသားပေါ်တာများ၏ ဇာတိများမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ဖယ်ခုံမြို့နယ်မှ ဖြစ်ကြသည်။ ၎င်းတို့သည် အများအားဖြင့် ခိုက်ရန်ဖြစ်ပွားမှု အမှုဖြင့် တောင်ကြီးမြို့ရှိ တောင်လေးလုံးထောင်တွင် ထောင်ကျခံခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းတွင် အာဏာပိုင်များက ၎င်းတို့ကို တောင်လေးလုံးထောင်မှ လွိုင်ကော်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ လွိုင်ကော်ထောင်မှတဆင့် ကရင်နီပြည် ရှေ့တန်းစစ်မြေပြင်သို့ အထမ်းသမားများအဖြစ် စစ်အစိုးရတပ်၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

No comments: