မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၉ ရက် ၂၀၁၁
ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ရာထူးမှ နှုတ်ထွက် ရမှာဖြစ်ပြီး သူ၏နေရာ သို့ အငြိမ်းစား သံအမတ်ဟောင်း နှင့် စစ် အရာရှိ ဟောင်း ဦးလှမြင့် မကြာမီ ရောက်ရှိ လာတော့မည်ဟု စည်ပင် အရာရှိ များက ပြောသည်။
၆၂ နှစ်အရွယ် ဦးလှမြင့်သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ကြေညာခဲ့သော ရခိုင်၊ ကရင် ဝန်ကြီးများ အပါအဝင် လျာထားသည့် ဝန်ကြီးစာရင်း၌ ပါဝင်သည်။ ၎င်းဝန်ကြီးဌာနများတွင် စည်ပင်သာယာ ဝန်ကြီးဌာနပါ ပါရှိသည်။
ဦးလှမြင့်သည် ၁၉၆၇-၁၉၇၁ ခုနှစ်အထိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၁၃ တွင် တက်ရောက်ခဲ့ပြီး၊ ၁၉၇၁-၂ဝဝ၂ ခုနှစ်အထိ တပ်ထဲတွင် ဒုဗိုလ်အဆင့်မှ ဗိုလ်မှူးချုပ်အထိ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့နောက် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ရောက်ရှိခဲ့သည်။ ၂ဝဝ၂-၂ဝဝ၅ ခုနှစ်အထိ ဘရာဇီးနှင့် အာဂျင်တီးနားအတွက် မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ယူကာ၊ ၂ဝဝ၅-၂ဝ၁ဝ ခုနှစ်အထိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု တောင်ဥက္ကလာပမြို့နယ် အမတ်လည်းဖြစ်သူ ဦးအောင်သိန်းလင်းသည် ယခုလကုန်တွင် မြို့တော်ဝန်အဖြစ်မှ နုတ်ထွက်ရမည်ကို မလိုလား မနှစ်သက်နေသည်ဟု စည်ပင်သာယာ သတင်းရပ်ကွက်များက ဆိုသည်။
“ရုံးကိုတော့ သောကြာနေ့တွေပဲ လာတာတွေ့တယ်။ လွှတ်တော် တက်နေတာလို့ သိရတယ်။ ’’ ဟု ဝါရင့် စည်ပင် အရာထမ်းတဦးက ပြောသည်။
ဦးအောင်သိန်းလင်းကို ဖမ်းဆီးထားကြောင်း ယခုလဆန်းပိုင်းတွင် ရန်ကုန်၌ ကောလာဟလများ ပျံ့နှံ့ခဲ့သော်လည်း နေပြည်တော် လွှတ်တော်အစည်းအဝေး တက်ရောက်နေသော အမတ်များက ဦးအောင်သိန်းလင်းကို လွှတ်တော်အစည်းအဝေများ၌ တွေ့မြင်နေရသည်ဟု ပြောသည်။
“ငွေကြေးကိစ္စတွေလည်း ရှိတယ်။ ...သူ့ကို လူကြီးတွေ မကြည်ဘူးလို့တော့ ပြောနေကြတယ်။’’ ဟု လွှတ်တော် အမတ်တဦးက ပြောသည်။
ဌာန ၂ဝ ရှိသော ရန်ကုန် စည်ပင်သာယာရေး ကော်မတီတွင် မြို့တော်ဝန်အသစ် ရောက်လာပါက ဝန်ထမ်းလျော့ချလိမ့်မည်ဟူသော စိုးရိမ်မှုများလည်း တိုးပွားနေသည်။
မြို့တော်ဝန် အပြောင်းအလဲရှိသဖြင့် မြေကွက်နှင့် ဆိုင်ခန်းနေရာ လျှောက်ထားသည့် ကိစ္စများကို စည်ပင်က ခေတ္တ ရပ်ဆိုင်းထားကြောင်း အဆင့်မြင့် အရာရှိကြီးတဦးက ဆိုသည်။
သဘောထားတင်းမာသူ အသက် ၅၉ နှစ်အရွယ် ဦးအောင်သိန်းလင်းမှာ ၂ဝဝ၃ ခုနှစ်ကတည်းက ရန်ကုန်မြို့တော်ဝန် ဖြစ်လာခဲ့ပြီး နိုင်ငံရေးပါတီဖြစ်နေသော ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့တွင်လည်း ပါဝင်သည်။
No comments:
Post a Comment