ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးတွင် တရားစွဲခံထားရသော မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ် မစ္စတာ ရော့စ် ဒန်ကလေသည် အင်းစိန်ထောင်အတွင်း ကောင်းမွန်စွာ နေထိုင်ခွင့်ရ ထားသည်ဟု အမည်မဖော်လိုသည့် အင်းစိန်ထောင် အရာရှိက ပြောသည်။“အကျဉ်းသား တသောင်းကျော်ရှိတဲ့ အင်းစိန်ထောင်ကြီးထဲမှာ သူ့ရဲ့ အင်းလျားလမ်းနေအိမ်လို ဇိမ်ကျကျ မထားနိုင်ပေမယ့် တခြား အကျဉ်းသားတွေထက် သာလွန်တဲ့အဆင့်နဲ့ သူနေရပါတယ်”ဟု အဆိုပါအရာရှိက ဆိုသည်။
မစ္စတာ ဒန်ကလေကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အင်းစိန်ထောင်သို့ ပို့လိုက်ချိန်မှစ၍ အင်းစိန်ထောင် တိုက်အမှတ် ၁ အတွင်းရှိ အခန်းနံပါတ် ၁၄ ၌ ထားရှိကြောင်း သိရသည်။
အဆိုပါအခန်းသည် မန္တလေးမြို့မှ လူသိများသည့် စီးပွားရေးသမား နေပြည်တော်သန်းထွန်းနေထိုင်ခဲ့ဖူးသည့် အခန်းဖြစ်ပြီး အနောက်နိုင်ငံသုံး ရေချိုးခန်းနှင့်အိမ်သာပါရှိသည့် အခန်းဖြစ်ကြောင်း ၊ တိုက်နံရံများတွင် ထုံးမသုတ်ဘဲ သန့်ရှင်းသည့် ဆေး သုတ် ထားကြောင်း ၊ အရောင်တင်ဆီ သုတ်ထားသည့် ကွပ်ပျစ်လည်း ရှိကြောင်း အင်းစိန်ထောင်အရာရှိက ပြောသည်။
အင်းစိန်ထောင်အတွင်း မနက်စာအဖြစ် ဆန်ပြုတ်တိုက်လေ့ရှိသော်လည်း မစ္စတာ ဒန်ကလေကိုမူ ကော်ဖီပေးသည်ဟုလည်း ဆို သည်။
“သူက ဆန်ပြုတ် မသောက်ချင်ဘူးပြောလို့ ကော်ဖီနဲ့ တခြားအသင့်စား စားစရာတချို့ကို ပေးပါတယ်။ ဒေါက်တာ တင်ထွန်းဦး က လည်း ထောင်ဝင်စာပို့ပေးတယ်။ သူလိုအပ်တဲ့ ရေနွေးကိုလည်း ခွင့်ပြုပေးထားပါတယ်”ဟု ထောင်အရာရှိက ပြောသည်။
ဒေါက်တာ တင်ထွန်းဦးသည် မြန်မာတိုင်းမ်ဂျာနယ်၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီး မစ္စတာ ဒန်ကလေကို ရဲက ဖမ်းဆီးပြီး ၃ ရက်အကြာတွင် မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူလိုက်သူဖြစ်သည်။
လတ်တလော မြန်မာနိုင်ငံ တ၀န်း အကျဉ်းထောင်များရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အပါအ၀င် အကျဉ်းသား အားလုံး သည် အနောက်နိုင်ငံသုံး ရေချိုးခန်းနှင့် အိမ်သာ အသုံးပြုခွင့်မရကြောင်း သိရသည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ၁၉၈၈ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ နိုင်ငံရေး အကျဉ်းသား ၁၄၆ ဦး သေဆုံးခဲ့ကြောင်း၊ တခြားသော ထောင်နှင့် ချီသည့်အကျဉ်းသားများမှာလည်း ရဲဘက် စခန်းများနှင့် အကျဉ်းထောင်များအတွင်း သေဆုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန် ပြောဆိုထားသည်။
AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က“မစ္စတာ ဒန်ကလေ က နိုင်ငံခြားသားလည်း ဖြစ်တယ်၊ နိုင်ငံရေး အကျဉ်းသား လည်း မဟုတ်တော့ သူ့ကို ထောင်အရာရှိတွေက ကောင်းကောင်း ထားနိုင်တာပေါ့၊ ဒါပေမယ့်လည်း သူ့အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင် ရဦးမှာပါ”ဟု ပြောသည်။
ယနေ့ တွင် မစ္စတာ ရော့စ် ဒန်ကလေကို ဒုတိယအကြိမ်မြောက် ရုံးထုတ်သည်။
“ဒီကနေ့ မစ္စတာ ဒန်ကလေလည်း တရားရုံးကို တက်ရောက်ပါတယ်။ တရားလိုပြသက်သေ ၆ ဦးကို တရားသူကြီးက စစ်မေးပါတယ်။ မစ္စတာ ဒန်ကလေရဲ့ ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်နေပုံရပါတယ်။ အာမခံတော့ မရပါဘူး”ဟု ယနေ့ တရားခွင်သို့ သွားရောက်ခဲ့သည့် မြန်မာတိုင်းမ်ဂျာနယ် မန်နေဂျာ ဦးဝေလင်းက ပြောသည်။
အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေနေသည့် မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ် မစ္စတာ ဒန်ကလေသည် လ၀က အက်ဥပဒေပုဒ်မ ၁၃ (၁) ၊ ရာဇ၀တ်မှုပုဒ်မ ၃၂၃ ၊ ၃၂၈ ၊ ၃၅၂ ၊ ၃၄၁ တို့ဖြင့်ငြိစွန်းသည်ဟုစွပ်စွဲခံရပြီး တရားရင်ဆိုင်နေရခြင်း ဖြစ် သည်။
သြစတြေးလျနိုင်ငံသား မစ္စတာ ဒန်ကလေသည် ၂၀၀၀ ပြည့်နှစ်တွင် မြန်မာတိုင်းမ်ဂျာနယ်ကို စတင်ထုတ်ဝေခဲ့သူဖြစ်ပြီး ထိုစဉ်က တန်ခိုးထွားသည့် စစ်ထောက်လှမ်းရေး၏ ကျောထောက်နောက်ခံပြုမှုများ ရှိခဲ့သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းကပြော ဆိုကြသည်။
စစ်ထောက်လှမ်းရေးအဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် နအဖစစ်အစိုးရက ဖျက်သိမ်းခဲ့ပြီးနောက် မြန်မာတိုင်းမ်ဂျာနယ် ရှယ်ယာဝင် ဗိုလ်မှူးချုပ်သိန်းဆွေ၏သား ဦးဆန်နီဆွေသည်လည်း အဖမ်းခံခဲ့ရကာ ၄င်း၏ အစုရှယ်ယာများကို နအဖပြန်ကြားရေးဝန်ကြီးနှင့် နီးစပ် သည့် ဒေါက်တာတင်ထွန်းဦးထံ လွှဲပြောင်းပေးခဲ့ရကြောင်း အမည်မဖော်လိုသည့် သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
“မစ္စတာ ဒန်ကလေ ကတော့ နအဖ စစ်အစိုးရရဲ့အနုနည်းနဲ့ အကြမ်းဖက်ခြင်းကို ခံလိုက်ရတာလို့ပဲ မြင်တယ်”ဟု ၎င်းက ဆိုသည်။
မစ္စတာ ဒန်ကလေကို လာမည့် မတ်လ ၈ ရက်နေ့တွင် တတိယအကြိမ် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment