မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) အား တုံ့ပြန်သည့်အနေဖြင့် သစ်လုံးများဖြင့် သုံးရက်ကြာလမ်းပိတ်ဆို့ထားမှုကြောင့် ဒေသခံများ၏သွားလာရေး ဒုက္ခရောက်ခဲ့ကြောင်း သိရသည်။KIA တပ်ရင်း ၂၇ မှ ၎င်းတို့ဒေသထဲရောက်ရှိတပ်ချနေသော မြန်မာစစ်တပ်၏ ရိက္ခာထောက်ပို့ လမ်းကြောင်းပိတ်ဆို့မှုကို တုံ့ပြန်သည့်အနေဖြင့် ယင်းကဲ့သို့သစ်လုံးဖြင့် လမ်းပိတ်ဆို့ခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။
မန်မော်(ဗန်းမော်)ခရိုင်၊ အဓိကဆက်သွယ်ရေး မန်ဂျေ(မံစီ)နှင့် မုန်းခေါင်ကားလမ်းတစ်နေရာ လိုင်ကာဇွပ်ဂျာကျေးရွာတွင် ဒုဗိုလ်မှူးကြီးအောင်မြင့်ထွန်း ဦးဆောင်သော အင်မောက်(မိုးမောက်)နယ်မြေခံ တပ်ရင်း ခမရ (၄၃၇)က ဖေဖော်ဝါရီ ၂၃ မှ ၂၅ ရက်အထိ ၃ ရက်ကြာပိတ်ဆို့ထားသည်ဟု ရွာခံများပြောသည်။
ယင်းသို့ပိတ်ဆို့ထားသည့်အတွက် လိုင်ကာဇွပ်ဂျာကျေးရွာနှင့် အခြားရွာငယ်များ အစားအစာနှင့် လူသုံးကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်း အခက်အခဲကြုံတွေ့ရသည်ဟု ဒေသခံများပြောသည်။
“KIA က သူတို့နယ်မြေကို ဖြတ်သန်းလာတဲ့ မြန်မာစစ်တပ်ထောက်ပို့၊ ရိက္ခာတင်ထော်လာဂျီကားငယ်တွေကို ရပ်တန့်တားမြစ်လိုက်ပြီး ခမရ (၄၃၇) က ဗိုလ်မှူး မြင့်လှိုင်ဦးဆောင်တဲ့ မြန်မာစစ်သား ၃၀ က အဲဒီလမ်းကို သစ်လုံးတွေနဲ့ ပိတ်ဆို့လိုက်ပြန်တယ်။” ဟု ရွာသားတစ်ဦးပြောသည်။
“အဲဒီ ဒေသက KIA တပ်ရင်းကို ဖိအားမပေးနိုင်တော့ မြန်မာစစ်သားတွေက ရွာသားတွေကို ဒုက္ခပေးပြန်တယ်။” ဟု သူဆက်ပြောသည်။
ထောက်ပို့လမ်းကြောင်းပိတ်ဆို့ခံရသည့် ဗိုလ်မှူး ကျော်သူအောင်နှင့် မြန်မာစစ်သား ၃၀ သည် ခမရ (၄၃၇) မှဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့၊ KIA တပ်ရင်း ၂၇ နှင့် မိုးညှင်းနယ်မြေခံတပ်ရင်း ခလရ (၁၅)ကြား ပစ်ခတ်မှုဖြစ်ပွားပြီး ကတည်းက ယခုထိ ၎င်း KIA နယ်မြေတွင် တပ်ချကျန်နေခဲ့သည်ဟု ရွာသားက ထပ်ပြောသည်။
ယင်းမြန်မာစစ်သား ၈ ဦး ဒဏ်ရာရရှိခဲ့သည့် ခလရ (၁၅) ကုန်တင်ယာဉ်တစ်စီးအား ဗိုလ်မှူး ယောထုန်ဦးဆောင်သော KIA တပ်ရင်း ၂၇ က ပစ်ခတ်မှုသည် မန်မော်(ဗန်းမော်)ခရိုင် မံဝင်းမြို့နယ် ပုံးလိန်ကျေးရွာတွင်ဖြစ်သည်။
ဒဏ်ရာရသူထဲမှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးယဉ်ထွေး တရုတ်နယ်စပ် နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ရောက်ရှိဆေးဝါးကုသပြီးနောက် သေဆုံးခဲ့သည်။
ယင်းနောက် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လက်အောက် အင်မောက်တပ်ရင်း ခမရ (၄၃၇)၊ မန်ဂျေတပ်ရင်း ခမရ (၃၁၉)၊ မိုးညှင်းတပ်ရင်း ခလရ(၁၅)နှင့် မြစ်ကြီးနားတပ်ရင်း ခလရ (၂၁) မှ မြန်မာစစ်သားများ တိုက်ပွဲဖြစ်ရာ KIA နယ်မြေအနီးသို့ရောက်ရှိလာပြီး ပြန်ဆုတ်သွားခဲ့သည်။
“နောက်ထပ် စစ်ရိပ်စစ်ယောင်မတွေ့ရပေမဲ့လို့ ဒေသခံရွာသားတွေက ဟိုဒီ သွားလာဖို့ အခက်အခဲကြီး ကြုံနေရတယ်။” ဟု ရွာသားတစ်ဦး ပြောသည်။
No comments:
Post a Comment