ရိုးမ ၃
ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း (၂၀) ဦးအား အရည်အချင်း ပျက်ယွင်းသူများဖြစ်ကြောင်း ယမန်နေ့က ကြေညာလိုက်သည်။
၎င်းတို့အား ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းခြင်းမရှိသည့်အတွက် ရွေးကောက်ပွဲနည်းဥပဒေ အပိုဒ် (၈၃) အရ အရည်အချင်းပျက်ယွင်းသူအဖြင့် ကြေညာလိုက်ခြင်းဖြစ်သည်။
ကချင်ပြည်နယ်မှ ဦးစောနွဲ့ရွှေမောင်၊ ဦးကျော်ဦး၊ ဦးလှငွေ၊ ဦးအောင်နီ (ခ) ဦးဝင်းနိုင်၊ ဦးထွန်းထွန်းဦး၊ ချင်းပြည်နယ်မှ ဦးပီအက်စ်ခမ်ဒို့နန်၊ ဦးလိန်းကီး၊ ဦးဗျက်ခမ်း၊ ဦးလန်းဇမန်၊ ဦးလွန်ခိုဟန်၊ ဦးထန်းကီး၊ ဦးလိန်းပိုင်း၊ ဦးကျော်ကျော်ဖြူ၊ ဦးဟုန်းထန်း၊ ဦးလှာမာ၊ ဦးလျန်ချွမ်း၊ ဦးကမ်လျန်ထန်၊ ဦးထွမ်းဂိုးထန်၊ ဦးဒိုင်းလျန်းပေါင်၊ ဦးတွာလ်ဒိုပေါင်တို့ဖြစ်သည်။
၎င်းတို့အား ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ခုံရုံးများဖွဲ့ကာ အရည်းအချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ရန် သင့်မသင့် ဆုံးဖြတ်ပြီး ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ဥပဒေ ပုဒ်မ (၈၈) အရ အရည်အချင်းပျက်ယွင်းသူများအဖြစ် ကြေညာခံရသည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကြေညာသည့်နေ့မှ စတင်၍ လက်ရှိလွှတ်တော်သက်တမ်းနှင့် နောက်လာမည့် လွှတ်တော်သက်တမ်းအတွက် ကျင်းပသည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည် မဟုတ်ပေ။
၂၀၁၀ နိုင်ဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၅၅) နှင့် နည်းဥပေဒ ပုဒ်မ (၇၇) တို့အရ ရွေးကောက်တင်မြှောက်ခံရသူများသည် အမည်စာရင်းကြေညာသည့်နေ့မှ စ၍ ရက်ပေါင်း (၆၀) အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို ဥပဒေသတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများသို့ တင်သွင်းရမည်ဖြစ်သည်။
No comments:
Post a Comment