တာကလူး
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငခူရ တောင်ရွာတွင် ဂျီအီး ခေါ် စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့မှ မြေညှိစက်ဖြင့် အရပ်သား လူငယ်တစ် ဦးကို တိုက်သေမှုနှင့် ဆက်စပ်ဖြစ် ပွါးခဲ့သည့် ရုန်းရင်း ဆန်ခတ်မှုကို ဒေသ အာဏာပိုင် များမှ သေဆုံးသွား သူ၏ မိဘ များကို ငွေ နှင့် လယ် လျော်ကြေး ပေးပြီး ယမန်နေ့က ဖြေရှင်း ခဲ့ကြောင်း သတင်း ရရှိသည်။
“မတ်လ ၈ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်မှာ ခယက ဥက္ကဌ ဦးထွန်းနိုင်လင်း၊ ခရိုင်ဥပဒေ အရာရှိ ဦးမြင့်သန်း၊ မယက ဥက္ကဌ ဦးအောင်ကျော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်မြင့်ကြည်၊ မောင်တောဒေသဖွံ့ဖြိုးရေးအသင်းက ဦးလှရွှေ ခေါ် ဆော်ယော့နဲ့ ဦးကျော်ကျော်တို့လာပြီး ဖြေရှင်းသွားခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့က သေဆုံးသူ မိဘတွေအပါအ၀င် ကျေးရွာလူကြီး ၆၀ ကျော်လောက်ကို ကျေးရွာ ရယကရုံးမှာ ခေါ်တွေ့ပြီးတော့ ကျပ်ငွေ ၄ သိန်းနဲ့ လယ်တဧက ကို သေဆုံးသူအတွက် ကရုဏာကြေး ပေးပြီးတော့ နောက်ထပ် ဒီလို ဥပဒေမဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဆက်မလုပ်ကြဖို့၊ ဆက်လုပ်မယ်ဆိုရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်ဆိုပြီး အမိန့်တွေလဲထုတ်ထားခဲ့ပါတယ်” ဟု လူကြီးက ပြောသည်။
၎င်းလူကြီး၏ ပြောကြားချက်အရ ယခုလ (၇)ရက် တနင်္လာနေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ငခူရတောင်ရွာ ဈေးလမ်းရှိ ဗလီရှေ့လမ်းဘေးမှ လျှောက်သွားနေသည့် လူငယ်တစ်ဦးကို ဂျီးအီးမှ ၄၆၀၅(ဖ) နံပါတ်ပါ Caterpillar 120H အမျိုးအစား မြေညှိစက်တစ်လုံးမှ နောက်မှ ၀င်တိုက်ခဲ့၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီးနောက် ထိုသို့ ရွာသားများနှင့် အာဏာပိုင်များအကြား ပြသနာ စတက်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါသေဆုံးသွားသူမှာ ငခူရအလယ်ရွာနေ မူစတာဖာ အာမတ်၏ သား အသက် ၁၈ နှစ်အရွယ် ဆာဒမ်ဟူဆိန်ခေါ် မိုဟာမက်ချာဟာဖြစ်သည်။
ထိုသို့ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ပြီးနောက် ရွာသားများဝိုင်းအုံလာခြင်းကြောင့် မောင်းနှင်လာသူမှာ ၄င်းမြေညှိစက်ကို ရပ်ပြီး ထွက်ပြေးသွားခဲ့သည်။
ထိုနောက်ပိုင်းတွင် ဂျီအီးမှ အရာရှိတစ်ဦးမှ နစကတပ်သားများ ခြံရံပြီး အဆိုပါ မြေညှိစက်ကို ပြန်ယူရန်လာသည့် အချိန်တွင် ရွာသားများက သေဆုံးသူ လူငယ်အတွက် တစ်ခုခုလုပ်ပေးပြီးမှ ၄င်းမြေညှိစက်ကို ပြန်ယူရန် တောင်းဆိုခဲ့ကြရာ ၄င်းအရာရှိမှ ရွာသားများကို အာဏာပြခြိမ်းခြောက်ခဲ့ခြင်းကြောင့် ရွာသားများက မကျေနပ်၍ ခဲဒုတ်များဖြင့် ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ၄င်းဂျီးအီးအရာရှိနှင့် နစကတပ်သားများမှာ သေနတ် အချက်ပေါင်းများစွာ မိုးပေါ်သို့ ပေါက်ဖေါက်ကာ ထွက်ပြေးသွားခဲ့ကြပြီး အဆိုပါ မြေညှိစက်၏ မှန်များမှာလည်း ကွဲသွားခဲ့ကြောင်း သိရှိရသည်။
ရွာသားများဘက်မှလည်း အာဏာပိုင်များမှ သေဆုံးသွားသူအတွက် တစ်စုံတစ်ခုမှ လုပ်မပေးပဲ အင်အားသုံးပြီး ထိုမြေညှိစက်ကို ပြန်လာယူလျှင် ဖြစ်သည့်နည်းဖြင့် ခုခံသွားမည်ဟုဆိုကာ မြေညှိစက်အနီးပတ်ဝန်းကျင်တွင် စောင့်ဆိုင်းနေခဲ့ကြခြင်းကြောင့် ရုန်းရင်းဆန်ခတ်မှု ပိုမိုကြီးထွားလာမည်ကို စိုးရိမ်သောကြောင့် အာဏာပိုင်လူကြီးများကိုယ်တိုင် လာရောက်ပြီး လျော်ကြေးပေး ဖြေရှင်းခဲ့ကြခြင်း ဖြစ်ကြောင်းသိရှိရသည်။
ဂျီးအီးနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါ မြေညှိစက်မောင်းသူမှာ ဂျီအီး၏ နယ်စပ်ဒေသ အထူးစီမံကိန်း အဖွဲ့ (၁)မှ ဒုတပ်ကြပ် ကျော်သက်အောင် ကိုယ်ပိုင်အမှတ် (တ-၂၂၅၂၁၆) ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါမြေညှိစက်ကို ပြန်ယူရန်သွားခဲ့သည့် ဂျီးအီးအရာရှိမှာလည်း ၄င်းအဖွဲ့ (၁)မှ အရာခံဗိုလ် သက်လွင် ဖြစ်ပြီး၊ ရွာသားများ ၀ိုင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်များတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး မောင်တောဆေးရုံတွင် တွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း လည်းသိရှိရသည်။
ဥပဒေကြောင်းအရ ယာဉ်မောင်းသူကို အပြစ်ပေးအရေးယူရမည် ဖြစ်သော်လည်း စစ်တပ်မှဖြစ်သည့် အတွက်ကြောင့် အာဏာပိုင်များမှ တစုံတရာ အရေးယူခြင်းမရှိဘဲ အပြစ်မှ ကင်းလွတ်ခွင့် ပေးထားပြီး လုပ်ငန်းခွင်တွင် ယခင်အတိုင်း ပြန်လည် အလုပ်လုပ်ခွင့် ပေးထားကြောင်းသိရှိရသည်။
ဂျီအီး အင်ဂျင်နီယာတပ်ဖွဲ့မှာ ၂၀၀၈-ခု နှစ်လယ်ပိုင်းမှစ၍ အနောက်ဘက် ရခိုင်ပြည်နယ်စပ်တွင် ခြံစည်းရိုးစီမံကိန်းကို အဓိက ကြပ်မတ်လုပ်ဆောင်နေကြပြီး၊ လက်ရှိအချိန်တွင် ခြံစည်းရိုးပတ်လမ်းကို တည်ဆောက်နေကြကြောင်း သိရှိရသည်။
No comments:
Post a Comment