မြန်မာစစ်အစိုးရဖော်ပြသည့် ဘိန်းခင်းဖျက်ဆီးခြင်းကိန်းဂဏန်းအား ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ပယ်ချခဲ့သည်။ကချင်ပြည်နယ်အတွင်း ၀ိုင်းမော်၊ ဖားကန့်နှင့် တနိုင်းမြို့နယ်များတွင် ဖေဖော်ဝါရီ ၂၁ မှ ၂၇ ရက်အတွင်း ဘိန်းခင်း ဧက ၄၁၁.၃၀ ဖျက်ဆီးခဲ့သည်ဟု မတ်လ ၇ ရက်ထုတ် စစ်အစိုးရပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။
“ကျနော်တို့ သူတို့(မြန်မာစစ်တပ်)က ဘိန်းခင်းဖျက်ဆီးတာ မမြင်မိဘူး။ ဆဒုံး (၀ိုင်းမော်မြို့နယ်)မှာ လမ်းဘေးက ၃၊ ၄ ဧကဖျက်ဆီး တာလောက်ပဲကြားမိတယ်။” ဟု KIO မူးယစ်တိုက်ဖျက်ရေးပြောခွင့်ရ နော်ဘူ ပြောသည်။
၂၀၁၀-၂၀၁၁ ဘိန်းစိုက်ရာသီမှာ စုစုပေါင်း ဘိန်းစိုက်ခင်းဧက ၁၅၀၂၁.၇၅ ဖျက်ဆီးပြီးဖြစ်ကြောင်း အစိုးရ သတင်းစာတွင် ပါရှိသည်။
“မဖြစ်နိုင်ဘူး။ အပြောသက်သက်ပဲ။ ကျနော်တို့(KIO)က ဘိန်းခင်းဖျက်ဆီးနေတော့ သူတို့(မြန်မာစစ်အစိုးရ)ကလည်း လုပ်နေပါတယ်ဆိုတဲ့သဘော” ဟု နော်ဘူ ပြောသည်။
KIOက မူးယစ်တိုက်ဖျက်ရေးကို ၂၀၁၀ အောက်တိုဘာတွင် ပြန်လည် စတင်ခဲ့ပြီး ဘိန်းခင်း ၆၀၀၀ ဧက ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
ဘိန်းနှင့် မူးယစ်ဆေးဝါး သုံးစွဲသူ၊ ကူးသန်းရောင်းဝယ်သူ များအားဖမ်းဆီးခဲ့ပြီး မြန်မာစစ်တပ်ထိန်းချုပ်နယ်မြေထဲရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင်လည်းဆက်လက် ဖော်ဆောင်သွားမည်ဟု ဆိုသည်။
မူးယစ်ဆေးဝါးသည် ကချင်ပြည်နယ်အတွက် အဓိကပြဿနာဖြစ်လာသည်။ ကချင်လူငယ်ထု၏ ၇၀ ရာခိုင်နှုန်း မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း ဒေသခံများ ပြောနေကြသည်။
“ကျမထင်တယ် မိသားစုတိုင်းမှာ တစ်ယောက်က ဘိန်းစား” ဟု ကချင်ပြည်နယ် မန်မော် (ဗန်းမော်) ခရိုင် မန်ဂျဲ (မံစီ) ဒေသခံ အမျိုးသမီးတစ်ဦးပြောသည်။
သူမကပဲ အစိုးရ၀န်ထမ်းတွေထဲက ရဲသားများပင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ပါဝင်နေသည်ဟု ပြောသည်။
“သူတို့(အာဏာပိုင်)တွေက ရွာထဲမှာလက်လီဖြန့်ရောင်းနေသူတွေဆီကိုလည်းရောင်းပေးနေတာပဲ” ဟု ဆက်ပြောသည်။
ဘိန်းခင်းဖျက်ဆီးနေကြောင်း လူအများ သိသာမြင်သာသည့်နေရာတွင်သာ မြန်မာစစ်တပ်က ဘိန်းခင်းဖျက်ဆီးပြကြောင်း ရှမ်းပြည် ကျိုင်းတုံ ဒေသခံ တစ်ဦးပြောသည်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းသွားသည့် ယခင် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) တပ်ဖွဲ့ထိန်းချုပ်ဒေသထဲမှ ဘိန်းခင်းများအား KIO မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ဖျက်ဆီးရန်ကြိုးပမ်းလာရာမှ မြန်မာစစ်တပ်နှင့် နှစ်ဖက်စစ်ရေးတင်းမာမှု ပိုမိုလာခဲ့သည်ဟု KIOက ဆိုသည်။
“ကျနော်တို့(KIO)က ကျနော်တို့ တတ်နိုင်သလောက်လုပ်သွားမယ်။” ဟု နော်ဘူပြောသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ၏အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် ၂၀၀၉ တွင်ဘိန်းစိုက်ဧက ၇၈၂၉၉ ဧကမှ ၂၀၁၀ ခုနှစ်တွင် ၉၄၁၀၇ ဧကအထိ ၂၀ ရာခိုင်နှုန်း တိုးတက်စိုက်ပျိုးလာသည်ဟု ဖော်ပြထားသည်။
၂၀၀၉ ခုနှစ်တွင် ဘိန်း တန် ၃၃၀ ထွက်ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ၅၈၀ တန်ထွက်ခဲ့သည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
“မြန်မာအစိုးရကတော့ ဘိန်းဖျက်ဆီးတာတွေ တိုးတက်နေတယ်လို့ပြောနေပေမဲ့လို့ ကျနော်တို့ခန့်မှန်းတာက ၂၀၀၉ နဲ့စာရင် ၂၀၁၀ မှာ ၇၅ ရာခိုင်နှုန်း ဘိန်းထုတ်တာတိုးလာတယ်။” ဟု UNODC အမှုဆောင်အရာရှိချုပ် ယူရီဖေဒိုတောပ့် ကဆိုသည်။
No comments:
Post a Comment