Tuesday, September 13, 2011

တွေ့ဆုံ ဆွေးနွေးရေး ဇာခန်းဆီးကို လှပ်ကြည့်ခြင်း အပိုင်း(၁)

ဝင်းမြင့်မောင်

၂ဝ၁ဝ ရွေးကောက်ပွဲအပြီး၊ အနိုင်ရကြံ့ဖွံ့ပါတီ အစိုးရ တက်လာသည်။ ရွေးကောက်ပွဲလွန် နိုင်ငံရေးတွင် ရွေးကောက်ပွဲ ဝင်သည့်ဘက်နှင့် မဝင်သည့်ဘက် ပဋိပက္ခပေါ်လာသည်။ မိတ်ဘက်ချင်း ပဋိပက္ခဖြစ်သည်။

လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးကို ပကတိအတိုင်းရှုမြင်ရန် အားထုတ်သင့်သည်။ တွေ့ဆုံဆွေးနွေး လမ်းကြောင်း နှင့်သွားမည်၊ သို့မဟုတ် ၉ဝ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ပြီး ကြံ့ဖွံ့အစိုးရကို တိုက်ခိုက်မည်။ စသည့် နည်းလမ်းကို ပြတ်ပြတ် သား သား ရွေးချယ်ရန်လိုအပ်သည်။

ယင်းသို့ နည်းလမ်းရွေးချယ်ရာတွင် ပန်းတိုင်ကို လက်တွေ့ကျကျ သတ်မှတ်ရန်လိုသည်။ မျက်မှောက် အခြေအနေသည် ဒီမိုကရေစီရေး လမ်းကြောင်းပေါ်သို့ တင်ပေးနိုင်ရန် ဝေးလျက်ရှိသည်။ ခရီးဝေးသည်ထက် တံတိုင်းကြီး ခံနေသည်။ ထိုတံတိုင်းကို ကျော်မလား၊ ဖြိုမလား ရွေးချယ်ရမည်။

သို့သော် ကျော်တက်ရန် ဖြစ်နိုင်မဖြစ်နိုင် သုံးသပ်ရန် ရှိသည်။ ကျော်တက်ပါက လိုအပ်ချက် ထောက်ကူချက် ရှိရမည်။ အချိန်ကြာမည်။ အဓမ္မကြီးစိုး စီးပိုးတဲ့ အကျင့်စရိုက်နဲ့ ကျင်လည်နေသူတွေက ကျော်တက်သည်ကို ကြည်ဖြူနိုင်ပါ့ မလား။ ကြည်ကြည်ဖြူဖြူ လက်ကမ်းလာသည် ဆိုရင်တောင်၊ ရိုးသားပါရဲ့လား၊ အကောက်ကြံ ခလောက်ဆံအောင် လုပ်သွားမည်လား။

မိမိယှဉ်ဘက်၊ ရန်ဘက်ကိုလျော့တွက်၍ မရ သတိကြီးကြီးထားမှ တန်ကာကျမည် တကယ်ပြောတာလား၊ အယုံသွင်း တာလား၊ ဒေါ်စုမပြောနှင့် ဗိုလ်ချုပ်အောင်ဆန်းကိုပင် သမိုင်းထဲက ဖျောက်ခဲ့သူတွေက၊ အောင်ဆန်းပုံချိတ် လုပ်ပြ လာသည်။ပြောစကား နှင့်အလုပ်က ရှေ့နောက်မညီ။ ယင်းသို့အငြင်းပွားစရာ ဖြစ်သောအခြေအနေကို အကောင်း ဘက်တွေးပြီး သမ္မတခေါ်တွေ့သည့်ရက်ကို စောင့်နေ ပါက အခက်ကြီးကြုံ ရတက်မီးပုံ ပေါ်လာလိမ့်မည်။

NLDပါတီသည် အာဏာရှင်စနစ် ဖြိုချရေးတွင် တပ်ဦးပါတီအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ သို့ဖြစ်၍ မိတ်ဖက်ပါတီများကို လက်တွဲထားသင့်သည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကိုလည်း ဒီမိုကရေစီ အင်အားစုအတွင်း ထည့်ထားရမည်။ တောတွင်း လက်နက်ကိုင် တပ်များသည် နိုင်ငံရေး လိုအပ်ချက်အရ ကိုင်ထားရခြင်း ဖြစ်သည်။ သောင်းကျန်းသူများ မဟုတ်။ လက်နက်ကိုင် တပ်ပေါင်းစု ရှိနေပြီဖြစ်၍ မြေပေါ်ပါတီများ တပ်ပေါင်းစု ရှိရမည်။ ယင်းသို့အင်အားကို စုစည်းမထားဘဲ မည်သည့် နိုင်ငံရေးမျှ ရှေ့တိုးရမည် မဟုတ်ပါ။

လူထုထောက်ခံမှုရသည် ဆိုရုံမျှနှင့် မလုံလောက်ပါ။ အင်အားစနစ်တကျ စုစည်းရပါမည် စစ်ဗိုလ်တဖြစ်လဲ အာဏာရှင်အစိုးရကို ပုံမှန် အစိုးရကဲ့သို့ ဆက်ဆံမိပါက ထောင်ချောက်မိမှာ စိုးရိမ်သည် ဆိုသော တိုင်းရင်းသား ခေါင်းဆောင် တဦး၏ သတိပေးစကားကို လက်ဆောင်ပါးချင်ပါသည်။

နိုင်ငံရေး စီးပွားရေး အကျပ်အတည်း၊ တပ်တွင်း အက်ကြောင်း စပ်ကြောင်း ထိပ်ပိုင်း ဗိုလ်ချုပ်များ အုပ်စု အကွဲအပြဲ၊ တရုတ် နဂါးကြီးက မြန်မာပြည်ကို တဖြည်းဖြည်း ဝါးမျိုလာသည့် ရန်စွယ်က တမှောင့် အရေးရေး အခက်ကြုံနေရာ “ဗိုလ်သန်းရွှေ အခက် ဒို့အချက်” ဆိုပြီး အင်နှင့်အားနှင့် ရင်ဆိုင် တိုက်ပွဲဝင်မှသာ အခွင့်အလမ်းကို ဖမ်းယူနိုင်မည်ဖြစ်သည်။

ကျားကုတ်ကျားခဲ အားထုတ်ရမည့် အချိန်ဖြစ်သည်။ "စိတ်ပြောင်းလာပါပြီ" ဟု ယူဆပါက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်သွားနိုင်ကြောင်း သတိပေးချင်ပါသည်။

ဝင်းမြင့်မောင်
(စာရေးသူဝင်းမြင့်မောင် သည်နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သည် ရန်ကုန်စီးပွားရေး
တက္ကသိုလ်မှ ဘွဲ့လွန်ပညာ သင်ယူခဲ့သည်။ စီးပွားရေးဆိုင်ရာ သုတေသန ဆောင်းပါးနှင့် နိုင်ငံရေး
ဆောင်းပါးများကို ရေးသားနေသူဖြစ်ပြီး၊ စီးပွားရေး ဘာသာရပ်ကို ပို့ချနေသူ ဖြစ်သည်။)

No comments: