မွန်တော်လှန်ရေးသမားဟောင်း နိုင်မြသီး(အသက်-၈၅ နှစ်) ဈာပနကို ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့ရှိ၊ ဝပ်စီဘုန်းတော်ကြီးကျောင်း၌ ဗုဒ္ဓဘာသာဓလေ့ထုံးဓမ်းနှင့်အညီ ယနေ့မွန်းလွဲပိုင်းတွင် မီးသင်္ဂြီုလ်ပြီးစီးသွားခဲ့သည်။ဝပ်စီဆရာတော်နှင့် ဝင်းကမွန်ကျောင်းထိုင်ဆရာတော်တို့အမှူးထား၍ သံဃာတော်များက ဗုဒ္ဓဘာသာတရားတော်များရွတ်ဖတ်သရေဇ္ဇျာယ်ခြင်း၊ ကျန်ရစ်သူမိသားစုများက အလှူဒါနပြုခြင်းနှင့် မြို့မိမြို့ဖများနှင့် ခင်မင်ရင်းနှီးသူတစ်ထောင်နီးပါးခန့် လာရောက်ဂါရဝပြုကြသည်။
အထူးသဖြင့် ၄င်းဈာပနအခမ်းအနားတွင် စံခလပူရီမြို့ပိုင်၊ မြူနီစီပယ်အရာရှိ၊ မြို့နယ်ရဲမှူးနှင့် ထင်ရှားသည့်လုပ်ငန်းရှင်များလည်း သီးသန့်ဂါရဝပြုခဲ့ကြသည်။
ထို့အတူ ထိုင်းမြန်မာနယ်စပ်ရှိ မွန်လူမှုအဖွဲ့အစည်းများမှလည်း တက်ရောက်ဂါရဝပြုကြသည်ကို တွေ့ရှိရသည်။
၎င်းဈာပနကို မွန်းလွဲ ၁ နာရီတွင်စတင်ကာ မီးရှူးမီးပန်းများပစ်ဖောက်ပြီး ညနေ ၄ နာရီခန့်၌ မီးစတင်သင်္ဂြီုလ်သည်နှင့် အခမ်း အနားပြီး ဆုံးခဲ့သည်။
နိုင်မြသီးသည် မွန်လူမျိုးများအကျိုးအတွက်သာမက ထိုင်းလူမှုအဖွဲ့အစည်းများတွင်လည်း ကွယ်လွန်သည့်အချိန်ကအထိ အကျိုးပြု လုပ်ငန်းများ ထမ်းဆောင် လာခဲ့သူ ဖြစ်သည်။
မွန်လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သည့် ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် မွန်လူငယ် ၂ ကျိပ်ခန့်တို့ ဘားအံမြို့နယ်၊ ဇာသပြင်ရွာ ရဲစခန်းသို့ လက်နက်ဝင်ရောက်လုယူခဲ့ရာ၌ နိုင်မြသီးသည် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ပြီး မွန်အမျိုးသား ကာကွယ်ရေး တပ်မတော် (MNDO) တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့သည်။
၁၉၅၈ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦး (ဖဆပလ) အစိုးရထံ လက်နက်အပ်နှံပြီးနောက် နိုင်မြသီးသည် ထိုင်းနယ်စပ်သို့ တိမ်းရှောင်ခဲ့ပြီး ယခုကွန်လွန်ချိန်အထိ စံခလပူရီမြို့ရှိ မွန်လူမူအဖွဲ့အစည်းများတွင် နာယကအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
No comments:
Post a Comment