KHONUMTHUNG NEWS GROUP
ချင်းပြည်နယ် ထန်တလန်မြို့နယ် ဒေါန်ကျေးရွာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီဝင်များက ဒေသခံ ပြည်သူများအား လှည့်စားပြီး ကျေးရွာ ရွေးကောက်ပွဲ ကျင်းပကာ ၎င်းတို့ပါတီဝင်ကို ကျေးရွာအုပ်ချူပ်ရေးမှူး အဖြစ်ရွေးချယ် လိုက်သည်ဟု သိရသည်။
အဆိုပါ ရွေးကောက်ပွဲကို သြဂုတ်လ ၂၁ ရက်နေ့က ထန်တလန်မြို့နယ်အထွေထွေအုပ်ချုပ်ရေး အတွင်း ရေးမှူးဖြစ်သူ ပူး သောခ့်လိန်း၊ ထန်တလန်မြို့ပေါ်မှ အထက်တန်းကျောင်းဆရာ ပူး တျာလ်ကုလ် နှင့်ဒေါန်ကျေးရွာမှ လက်ရှိ ရယက ဥက္ကဌ သောင်းလျန်နှင့် သောင်းလျန်း၏ ညီဖြစ်သူကျေးရွာ ရယက စာရေးတို့က ကျင်းပပေးခြင်း ဖြစ်သည် ဟု ဒေသခံတဦးက ပြောသည်။
” မြို့နယ်အမိန့်ဆိုပြီးတော့ ရွေးကောက်ပွဲကို ကျင်းပကြတယ်၊ ဒါပေမဲ့သူတို့ ကြံ့ဖွံ့ပါတီဝင် ၁၅ ဦးနဲ့ နီးစပ်ရာ လူ ၁၉ ဦးကို ခေါ်ပြီးကျေးရွာ အုပ်ချုပ်ရေးမှူးအတွက် လက်ရှိ ဥက္ကဌဖြစ်တဲ့ ကြံ့ဖွံ့ပါတီဝင်သောင်းလျန်ကိုပဲ ပြန်ရွေးကြတယ်’’ ဟု သူကပြောသည်။
အိမ်ခြေစုစုပေါင်း ၂၀၀ ခန့်ရှိသော ဒေါန်ကျေးရွာတွင် ဒေသခံအများစုသည် ချင်းအမျိုးသားပါတီဝင်များဖြစ်ကြသည်ဟု ၎င်းကဆက်ပြောသည်။
ရွေးကောက်ပွဲအကြို သြဂုတ်လ ၂၀ ည လူထုစည်းဝေးပွဲတွင် ဒေါန်ကျေးရွာမှ တအိမ် တယောက်နှုန်းဖြင့် မဲထည့်ရန် ဆုံးဖြတ်ကြသော်လည်း ကြံ့ဖွံ့ပါတီဝင် နှင့် ၎င်းတို့အားထောက်ခံတချို့နှင့်သာ ကျေးရွာ အုပ်ချူပ်ရေးမှူးကို ရွေးချယ်ကြ ခြင်းဖြစ်သည်။
၎င်းတို့၏ လုပ်ရပ်ကို လူထုက မကျေနပ်ကြသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ သွားရောက်တင်ပြကြရာ မြို့နယ်မှ ဘာမှမသိရကြောင်း တုံ့ပြန်ခဲ့ကြသည်ဟု သိရသည်။
သို့သော် လက်ရှိ ကျေးရွာ ရယက အဖွဲ့ဝင်များက ကြံ့ဖွံ့ပါတီဝင်များနှင့် အပေါင်းပါ ၃၅ ဦး၏ လိမ်လည်ရွေးကောက်ပွဲမှ အရွေးခံ အုပ်ချုပ်ရေးမှူးသောင်းလျန်နှင့် အုပ်စုစာရေးထံ အာဏာလွဲအပ်ခဲ့ရာ ၄င်းတို့က လက်မခံရဲကြောင်း ဒေသခံကဆို သည်။
” သူတို့လုပ်ရပ်မမှန်တာကို အထက်က အရေးယူမှာစိုးလို့လားတော့ မသိဘူး၊ အာဏာလည်း မယူရဲဘူး၊ ခဏ စောင့်ကြပါ အုံးလို့သာ ပြောကြတယ်” ဟု ဆိုသည်။
သြဂုတ် ၁၉- ၂၀ ရက်နေ့ ထန်တလန်မြို့နယ်ကြံ့ဖွံ့ပါတီသင်းလုံးကျွတ်အစည်းအဝေးတွင် ကျေးရွာ ရပ်ကွက် အုပ်ချုပ် ရေးမှူးရေးမှူးကိုယူအက်စ်ဒီပီ ပါတီမှ ရွေးချယ် သည့် ကိုယ်စားလှယ်များကိုသာ ခန့်အပ်သွားရန် နှင့် အိန္ဒိယအစိုးရက ကူညီမည့် လူမှုအထောက်အပံ့အား ပါတီဝင်စုဆောင်းရေးအတွက်အသုံးချရန် ဆုံးဖြတ် ကြကြောင်း သိရသည်။
” သောင်းလျန်တို့ ကြံ့ဖွံ့ပါတီဝင်တွေက အဲဒီ မြို့နယ်သင်းလုံးကျွတ်အစည်းအဝေးနဲ့ အချိတ်အဆက်မိမိ လုပ်တာဖြစ် မှာပါ” ဟု ဒေသခံရယက အဖွဲ့ဝင်တဦးက ပြောသည်။
No comments:
Post a Comment