Monday, October 3, 2011

လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင်ပုဂ္ဂိုလ်များ​ အပိုင်း​ ၅

ခင်​မောင်စိုး

ဒီက​နေ့​ အ​မေရိကန်ပြည်​ထောင်စုအ​ကြောင်း​ကို စဉ်း​စား​လိုက်ရင် ဒီမိုက​ရေစီအ​ရေး​ လူ့​အခွင့်​အ​ရေး​၊​ နိုင်ငံသား​အခွင့်​အ​ရေး​ စသဖြင့်​ လူသား​တ​ယောက် ရရှိသင့်​ရရှိထိုက်တဲ့​ အခွင့်​အ​ရေး​တွေ အလျှံပယ်ရရှိ​နေတဲ့​ နိုင်ငံတခုအဖြစ် မြင်မိမှာဖြစ်ပါတယ်။ ဒါ​ပေမယ့်​ အ​မေရိကန်နိုင်ငံသား​တွေ ဒီလို လူ့​အခွင့်​အ​ရေး​တွေကို အလိုလိုရရှိခဲ့​တာ မဟုတ်သလို အလွယ်တကူရရှိခဲ့​တာလည်း​ မဟုတ်ပါဘူး​။ လူသား​ရဲ့​ လွတ်လပ်မှုကို ဦး​ထိပ်ထား​တဲ့​ ပုဂ္ဂိုလ်​ကျော်​တွေရဲ့​ အနစ်နာခံတိုက်ပွဲဝင်ခဲ့​မှု​တွေ​ကြောင့်​ ရရှိခဲ့​တာဖြစ်ပါတယ်။ ​ထောင်ဒဏ်ကျခံရတာ​တွေ၊​ ရိုက်နှက် သတ်ဖြတ်ခံရတာ​တွေက စပြီး​ ကိုယ့်​အသက်ကို စ​တေး​ခဲ့​ရတဲ့​အထိ အ​မေရိကန် လူ့​အခွင့်​အ​ရေး​တိုက်ပွဲ​တွေဟာ ပြင်း​ထန်ကြမ်း​တမ်း​ခဲ့​ပါ တယ်။ ဒီလို အသက်ကိုစ​တေး​ပြီး​ တိုက်ပွဲဝင်ခဲ့​သူတဦး​က​တော့​ အ​မေရိကန် လူမည်း​အခွင့်​ အ​ရေး​ခေါင်း​ဆောင် မာတင်လူသာကင်း​ ဖြစ်ပါတယ်။

မာတင်လူသာကင်း​ဟာ ခရစ်ယာန်သာသနာ့​ဝန်ထမ်း​မိသား​စုက ​မွေး​ဖွား​လာသူ ဖြစ်ပါတယ်။ ၁၉၂၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှာ ​မွေး​ဖွား​တာပါ။ ပညာထူး​ချွန်တဲ့​ မာတင်လူသာကင်း​ဟာ ၁၉၅၅ ခုနှစ် အသက် ၂၆ နှစ်အရွယ်မှာပဲ ဘာသာ​ရေး​အ​တွေး​အ​ခေါ် စာတမ်း​တ​စောင်ကို ပြုစုပြီး​ Dooctor of Philosophy ပါရဂူ့​ဘွဲ့​ကို ရရှိခဲ့​ပါတယ်။ ပါရဂူဘွဲ့​ မရခင်ကတည်း​က ခရစ်ယာန်ဘုရား​ရှိခိုး​ကျောင်း​တို့​ရဲ့​ တရား​ဟောဆရာအဖြစ် အမှုထမ်း​ပြီ။ မာတင်လူသာကင်း​ ပါရဂူဘွဲ့​ရတဲ့​နှစ်မှာပဲ လူမည်း​တွေရဲ့​ အခွင့်​အ​ရေး​နဲ့​ ပတ်သက်ဆက်နွယ်​နေတဲ့​ အ​ရေး​အခင်း​တခု ဖြစ်ပွား​ပါတယ်။ ဒါက​တော့​ ဘတ်စ်ကား​စီး​ရာမှာလူမည်း​တွေကို လူဖြူ​တွေနဲ့​ တန်း​တူမ​ပေး​ဘဲ နှိမ်ချတဲ့​အတွက်​ကြောင့်​ ဘတ်စ်ကား​သပိတ်​မှောက်ပွဲကြီး​တခုကို လူမည်း​တွေက ဆင်နွှဲလိုက်ခြင်း​ ဖြစ်ပါတယ်။

ရိုစာပတ်ခ် ဆိုတဲ့​ လူမည်း​အမျိုး​သမီး​တ​ယောက်ဟာ အလုပ်က​နေ အိမ်ကိုပြန်လာတဲ့​အခါ ဘတ်စ်ကား​ပေါ်မှာ လူဖြူတ​ယောက်အတွက် ​နေရာဖယ်​ပေး​ဖို့​ ဒရိုင်ဘာက ခိုင်း​တာကို လက်မခံဘဲ ငြင်း​ဆန်ရာက ဒီသပိတ်ပွဲကြီး​ ​ပေါ်​ပေါက်လာခြင်း​ပါ။ အဲဒီအချိန်က မာတင်လူသာကင်း​တို့​၊​ ရိုစာပတ်ခ်တို့​ ​နေတဲ့​ ​မောင်ဂိုမာရီမြို့​မှာ လူဖြူလူမည်း​ အဆင့်​အတန်း​ခွဲခြား​မှုဟာ အလွန်ကြီး​မား​ပါတယ်။ ဘတ်စ်ကား​ရဲ့​ ​ရှေ့​တန်း​ခုံ​တွေက လူဖြူ​တွေအတွက် သီး​သန့်​ဖြစ်ပါတယ်။ လူမည်း​တွေက​တော့​ ကား​နောက်ပိုင်း​မှာပဲ စီး​နင်း​ခွင့်​ရှိခဲ့​ပါတယ်။ လူဖြူတ​ယောက်က ​နေရာမရဘဲ ဖြစ်​နေရင်လည်း​ လူမည်း​တွေက ထိုင်ခုံ​နေရာ ဖယ်​ပေး​ရမယ်လို့​ ဥပ​ဒေထုတ်ပြန်ထား​တဲ့​အထိ ခွဲခြား​ဆက်ဆံမှု​တွေ ဆိုး​ရွား​ခဲ့​ပါတယ်။

လူဖြူအတွက် ​နေရာဖယ်မ​ပေး​တဲ့​ ရိုစာပတ်ခ်ကို ကား​ဒရိုင်ဘာက ရဲ​ခေါ်ပြီး​ ဖမ်း​ခိုင်း​ပါတယ်။ ဒီလိုနဲ့​ ရက်​ပေါင်း​ ၃၈၂ ရက်ကြာမြင့်​တဲ့​ ဘတ်စ်ကား​သပိတ်​မှောက်ပွဲကြီး​ ဖြစ်လာပါတယ်။ တကယ်​တော့​ ​မောင်ဂိုမာရီမြို့​မှာ ဘတ်စ်ကား​စီး​သူ ၇၅ ရာခိုင်နှုန်း​က လူမည်း​တွေဖြစ်ပါတယ်။ ဒါ​ကြောင့်​ လူမည်း​တွေက ဘတ်စ်ကား​မစီး​ဘဲ ​နေတဲ့​အခါ ဘတ်စ်ကား​လုပ်ငန်း​နဲ့​ စီး​ပွား​ရှာ​နေတဲ့​ လူဖြူ​တွေဟာ အကြီး​အကျယ် ထိခိုက်ခဲ့​ပါတယ်။

မာတင်လူသာကင်း​ဟာ ဒီသပိတ်​မှောက်ပွဲကို ​ခေါင်း​ဆောင်ခဲ့​တဲ့​အတွက် ဖမ်း​ဆီး​တာ၊​ အကြမ်း​ဖက်တာ​တွေကို ခံခဲ့​ရပါတယ်။ ​နောက်ဆုံး​ သူ့​အိမ်ထဲကို ဗုံး​ပစ်ပြီး​ ခွဲတဲ့​အထိ ခံရပါတယ်။ ဒါ​ပေမယ့်​ မာတင်လူသာကင်း​နဲ့​တကွ လူမည်း​တွေအား​လုံး​ဟာ သပိတ်​မှောက်ပွဲကို စိတ်ဓာတ်ခိုင်မာစွာနဲ့​ ဆင်နွှဲနိုင်ခဲ့​ပါတယ်။ ဒါ​ကြောင့်​ ​နောက်ဆုံး​မှာ ​တော့​ ဘတ်စ်ကား​စီး​ရာမှာ လူဖြူလူမည်း​ခွဲခြား​တဲ့​ ဥပ​ဒေကို အစိုး​ရက ပယ်ဖျက်​ပေး​လိုက် ရပါ​တော့​တယ်။ ဒီအချိန်ကစပြီး​ မာတင်လူသာကင်း​ဟာ လူမည်း​အခွင့်​အ​ရေး​တိုက်ပွဲမှာ နာမည်​ကျော်ကြား​လာသလို အရှိန်အဟုန်ကြီး​စွာ လှုပ်ရှား​လာပါ​တော့​တယ်။

၁၉၅၇ ခုနှစ်မှာ အ​မေရိကန်​တောင်ပိုင်း​ ခရစ်ယာန်​ခေါင်း​ဆောင်များ​ကွန်ဖရင့်​ကို တည်​ထောင်ဖွဲ့​စည်း​ပါတယ်။ ဒီအဖွဲ့​က လူမည်း​အခွင့်​အ​ရေး​အတွက် ပိုမိုကျယ်ပြန့်​တဲ့​ လှုပ်ရှား​မှု​တွေ လုပ်ဖို့​ ဖြစ်ပါတယ်။ အဲဒီနှစ် ​မေလအတွင်း​မှာပဲ မာတင်လူသာကင်း​က ဝါရှင်တန်ဒီစီမှာ လူထုပရိသတ် ၁၅,၀၀၀ ကို စကား​ပြောပါတယ်။ ဒီအချိန်ကစပြီး​ မာတင်လူသာကင်း​ဟာ လူထုလှုပ်ရှား​မှု​တွေကို စဉ်ဆက်မပြတ် ဦး​ဆောင်ပြုလုပ်ပါတယ်။ သူကွယ်လွန်ချိန် ၁၉၆၈ ခုနှစ်အထိ ၁၁ နှစ်တာ ကာလအတွင်း​မှာ မိုင်​ပေါင်း​ ၆ သန်း​ကျော် ခရီး​ထွက်ပြီး​ လူထု​ဟော​ပြောပွဲ ၂,၅၀၀ ​ကျော် ပြုလုပ်ခဲ့​ပါတယ်။

မာတင်လူသာကင်း​ဟာ မတရား​မှု​တွေ၊​ မမျှတမှု​တွေ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု ​တွေ ရှိတဲ့​နေရာမှန်သမျှကို သွား​ပြီး​ လူထုတိုက်ပွဲ​တွေ ဆင်နွှဲခဲ့​တာပါ။ တ​နေရာမှာ မတရား​မှုတခု ရှိ​နေတာဟာ တခြား​နေရာမှာရှိ​နေတဲ့​ တရား​မျှတမှုအတွက်လည်း​ ​ဘေး​အန္တရာယ်တခုဖြစ်တယ်လို့​ ​ရေး​သား​ခဲ့​ပါတယ်။ ဒါ​ကြောင့်​ မတရား​မှုဆိုရင် ဘယ်​လောက်​ဝေး​လံတဲ့​နေရာမှာပဲ ရှိ​နေပါ​စေ သွား​ရောက်ဖယ်ရှား​ဖို့​ မာတင်လူသာကင်း​ဟာ စိတ်အား​ထက်သန်​နေတတ်ပါတယ်။

မာတင်လူသာကင်း​ရဲ့​ ကမ္ဘာ​ကျော်လှုပ်ရှား​မှုတခုက​တော့​ ၁၉၆၃ ခုနှစ်မှာ ဝါရှင်တန်ဒီစီကို ချီတက်တဲ့​ပွဲ ဖြစ်ပါတယ်။ ဒီပွဲက အ​မေရိကန် ​တောင်ပိုင်း​ဒေသက လူမည်း​တွေရဲ့​ အခွင့်​အ​ရေး​ကို ​တောင်း​ဆိုဆန္ဒပြတဲ့​ပွဲဖြစ်ပါတယ်။ စာသင်​ကျောင်း​တွေမှာ လူဖြူလူမည်း​ခွဲခြား​မှု ရုပ်သိမ်း​ဖို့​၊​ အလုပ်အကိုင်မှာလည်း​ လူမျိုး​ခွဲခြား​မှုကို တား​ဆီး​တဲ့​ ဥပ​ဒေပြဌာန်း​ပေး​ဖို့​၊​ လူ့​အခွင့်​အ​ရေး​တောင်း​ဆိုလှုပ်ရှား​သူ​တွေကို ရဲ​တွေက အကြမ်း​ဖက်ဖြိုခွင်း​တာမျိုး​ မလုပ်​အောင် အကာအကွယ်​ပေး​ဖို့​ အလုပ်သမား​တွေအတွက် အ​ခြေခံအလုပ်သမား​ခကို စံချိန်စံညွှန်း​မီ​အောင် ​ပေး​ဖို့​ စတဲ့​တောင်း​ဆိုချက်​တွေ ပါဝင်ပါတယ်။ လူမည်း​ ၂၅၀,၀၀၀ ​ကျော် ပါဝင်ခဲ့​တဲ့​ အလွန်ကြီး​ကျယ်တဲ့​ ဆန္ဒပြပွဲကြီး​ ဖြစ်ပါတယ်။

ဒီပွဲမှာ မာတင်လူသာကင်း​ဟာ “ကျ​နော့်​မှာ အိပ်မက်တခု ရှိတယ်” ဆိုတဲ့​ ​ခေါင်း​စဉ်နဲ့​ ​ဟော​ပြောပါတယ်။

“ကျ​နော့်​မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်က​တော့​ တ​နေ့​ကျရင် ကျ​နော်တို့​ နိုင်ငံဟာ လူအား​လုံး​ တန်း​တူညီမျှဖြစ်တယ်ဆိုတဲ့​ ယုံကြည်ချက်ကို အ​ကောင်အထည် ​ဖော်လိမ့်​မယ် ဆိုတဲ့​ အိပ်မက်ဖြစ်ပါတယ်။

“ကျ​နော့်​မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်က​တော့​ တ​နေ့​ကျရင် ကျ​နော့်​ရင် ​သွေး​ ​လေး​ယောက်ကို အသား​အ​ရောင်နဲ့​ လူဆိုး​လူ​ကောင်း​သတ်မှတ်တာမဟုတ်ဘဲ သူ့​အကျင့်​စာရိတ္တနဲ့​ သတ်မှတ်လိမ့်​မယ်ဆိုတဲ့​ အိပ်မက်ဖြစ်ပါတယ်။

“ကျ​နော့်​မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်က​တော့​ တ​နေ့​ကျရင် ​ဂျော်ဂျီယာပြည် နယ်က ​တောင်ကုန်း​တွေ​ပေါ်မှာ ကျွန်ဖြစ်ခဲ့​သူ​တွေရဲ့​ သား​သမီး​တွေနဲ့​ ကျွန်ပိုင်ရှင်ဖြစ်ခဲ့​သူ ​တွေရဲ့​ သား​သမီး​တွေ ညီအစ်ကို​မောင်နှမ​တွေလို ချစ်ကြည်ရင်း​နှီး​စွာ အတူတူ ​နေထိုင်နိုင်ကြလိမ့်​မယ်ဆိုတဲ့​ အိပ်မက်ဖြစ်ပါတယ်။”

လူမည်း​လည်း​လူပဲ၊​ လူဖြူလည်း​လူပဲ၊​ အသား​အ​ရောင်နဲ့​ လူလူချင်း​ ခွဲခြား​ ဆက်ဆံတာဟာ မမှန်ကန်ဘူး​ဆိုတာကို အလွန်ထက်မြက်တဲ့​ အ​ပြောအဆို အလွန်အား​ကောင်း​တဲ့​ စကား​လုံး​တွေနဲ့​ ​ပြောခဲ့​တာပါ။ မာတင်လူသာကင်း​ဟာ ဒီလို ​ဟော​ပြောမှုမျိုး​နဲ့​ လူ​တွေရဲ့​ နှလုံး​သား​ကို ဖမ်း​စား​ခဲ့​တာပါ။

မာတင်လူသာကင်း​ရဲ့​ ​ခေါင်း​ဆောင်မှု​အောက်မှာ လူမည်း​အခွင့်​အ​ရေး​တိုက်ပွဲဟာ အ​မေရိကန်ပြည်​ထောင်စုကို ​ကောင်း​ကောင်း​ကြီး​ တုန်လှုပ်​ချောက်ချား​စေပါတယ်။ ကမ္ဘာကြီး​တခုလုံး​ကလည်း​ မာတင်လူသာကင်း​ရဲ့​ ​ပြောဆိုချက်​တွေ၊​ လှုပ်ရှား​မှု​တွေကို ဂရုတစိုက် နား​ထောင်ကြည့်​ရှု​နေကြပါတယ်။ ဒါ​ကြောင့်​ သမ္မတ က​နေဒီကိုယ်တိုင် မာတင်လူသာကင်း​နဲ့​ ​တွေ့​ဆုံညှိနှိုင်း​ခဲ့​ရပါတယ်။ ဒီလိုနဲ့​ ၁၉၆၄ ခုနှစ်အတွက် ငြိမ်း​ချမ်း​ရေး​နိုဘယ်ဆုဟာ မာတင်လူသာကင်း​အတွက် ဖြစ်သွား​ခဲ့​ပါတယ်။ ဒီဆုရတဲ့​အချိန်မှာ မာတင်လူသာကင်း​ဟာ အသက် ၃၅ နှစ်ပဲ ရှိပါ​သေး​တယ်။

အဲဒီအချိန်မှာ အ​မေရိကန်ပြည်​ထောင်စုဟာ ဘက်​ပေါင်း​စုံ အကျပ်အတည်း​ ရင်ဆိုင်​နေရတဲ့​ အချိန်ပါ။ ဗီယက်နမ်စစ်ပွဲကို ဆင်နွှဲ​နေတဲ့​အချိန်ဖြစ်သလို ဆိုဗီယက်ဦး​ဆောင်တဲ့​ ကွန်မြူနစ်အုပ်စုနဲ့​လည်း​ အကြိတ်အနယ် ယှဉ်ပြိုင်​နေရတဲ့​အချိန် ဖြစ်ပါတယ်။

၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှာ အ​မေရိကန်သမ္မတ ဂျွန်အက်ဖ်က​နေဒီ လုပ်ကြံခံရပါတယ်။ က​နေဒီလုပ်ကြံခံရအပြီး​ ​နောက် ၅ နှစ်အကြာ ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်မှာ လူ့​အခွင့်​အ​ရေး​ခေါင်း​ဆောင် မာတင်လူသာကင်း​ လုပ်ကြံခံရပါတယ်။ တင်နက်စီပြည်နယ် မင်း​ဖစ်စ်မြို့​က သန့်​ရှင်း​ရေး​အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​အတွက် ဆန္ဒပြပွဲကို ​ဟော​ပြောဖို့​ ​ရောက်​နေချိန်မှာ သူတည်း​ခိုတဲ့​ ဟိုတယ်ရဲ့​ ဝရန်တာမှာ ရပ်​နေတုန်း​ ​သေနတ်နဲ့​ အပစ်ခံရတာ ဖြစ်ပါတယ်။

မာတင်လူသာကင်း​ လုပ်ကြံခံရတယ်ဆိုတဲ့​သတင်း​ ပျံ့​နှံ့​သွား​တဲ့​အခါ အ​မေရိကန်ပြည်​ထောင်စုအတွင်း​ မြို့​ကြီး​ ၆၀ ​ကျော်မှာ ရုန်း​ရင်း​ဆန်ခတ်မှု​တွေ ဖြစ်ပွား​ခဲ့​ပါ တယ်။ ကွယ်လွန်ပြီး​ ၅ ရက်မှာ အ​မေရိကန်သမ္မတဂျွန်ဆင်က အများ​ပြည်သူ ရုံး​ပိတ်ရက်အဖြစ် သတ်မှတ်​ပေး​လိုက်ပါတယ်။ အဲဒီ​နေ့​မှာ သူ့​ဈာပနကို ပြည်သူ သုံး​သိန်း​ကျော် တက်​ရောက်ခဲ့​ပါတယ်။

မာတင်လူသာကင်း​ပြောခဲ့​တဲ့​ စကား​တခွန်း​ ရှိပါတယ်။ “နိုင်ငံတနိုင်ငံဟာ ဘဏ္ဍာ​ငွေကို သုံး​စွဲတဲ့​နေရာမှာ လူမှုတိုး​တက်​ရေး​အတွက် နည်း​နည်း​ပဲသုံး​ပြီး​ စစ်တပ်အတွက်​တော့​ များ​များ​သုံး​နေမယ်ဆိုရင် အဲဒီနိုင်ငံဟာ စိတ်ဓာတ်​ရေး​ရာ ကပ်ဆိုး​ကြီး​ဆီ ဆိုက်​ရောက်သွား​လိမ့်​မယ်” တဲ့​။

No comments: