မြန်မာနိုင်ငံဟာ သဘာဝသယံဇာတအရင်းအမြစ်တွေလည်း ပေါများပြီး လူသား အရင်းအမြစ်လည်း ကြွယ်ဝပါလျက် ဘာကြောင့် တိုးတက်ဖွံ့ဖြိုးမှုမရှိဘဲ ဆုတ်ယုတ် သထက် ဆုတ်ယုတ်နေရတာလဲဆိုတာကို ရုရှလူမျိုး လူ့အခွင့်အရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်ကြီး ဆက်ခရော့ဗ်ရဲ့ သဘောတရားထဲမှာ အဖြေရှာတွေ့နိုင်ပါတယ်။ဆရာကြီး ဆက်ခရော့ဗ်က “ငြိမ်းချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး တို့ဟာ တခုနဲ့တခု ဆက်စပ်နေတယ်၊ လူ့အခွင့်အရေးမရှိရင် ငြိမ်းချမ်းရေးနဲ့ တိုးတက် ဖွံ့ဖြိုးရေး မရှိနိုင်ဘူး” လို့ ပြောခဲ့ပါတယ်။
တကယ်လည်း မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့နေရာမှာ ကမ္ဘာ့အဆိုးဆုံးနိုင်ငံတခု ဖြစ်နေခဲ့၊ ဖြစ်နေဆဲ မဟုတ်ပါလား။ ဒါကြောင့် ဆရာကြီး ဆက်ခရော့ဖ်ရဲ့ ပုံသေနည်းအတိုင်း လူ့အခွင့်အရေး မရှိတော့ ငြိမ်းချမ်းရေးလည်းမရှိ၊ တိုးတက်မှုလည်းမရှိ၊ ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်နေရခြင်းပါပဲ။
လူ့အခွင့်အရေးရှိမှ တိုးတက်ငြိမ်းချမ်းမယ်လို့ ပြောခဲ့တဲ့ ဆရာကြီး ဆက်ခရော့ဗ်ကို ၁၉၂၁ ခုနှစ် မေလ ၂၁ ရက်မှာ မွေးပါတယ်။ အဖေက ရူပဗေဒ သင်ကြားပေးတဲ့ ကျောင်းဆရာပါ။ ဆက်ခရော့ဖ်ရဲ့ အသိုင်းအဝိုင်းဟာ ပညာတတ် အသိုင်းအဝိုင်း ဖြစ်ပါတယ်။
ဒီအသိုင်းအဝိုင်းကပဲ ဆက်ခရော့ဗ်ကို ထိပ်တန်းပညာရှင်တယောက် ဖြစ်အောင် ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။ ပညာထူးချွန်သူ ဖြစ်တဲ့အတွက် အသက် ၁၇ နှစ် အရွယ်မှာ တက္ကသိုလ်ကို ရောက်ပါတယ်။ အသက်၂၆ နှစ်မှာ ပါရဂူဘွဲ့ ရပါတယ်၊၊
ဆက်ခရော့ဗ် ပါရဂူဘွဲ့ရပြီးတဲ့အချိန်ဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့အချိန်ပါ။ ဒုတိယကမ္ဘာစစ်ကြီးဟာ အမေရိကန်ကနေ ဂျပန်နိုင်ငံရဲ့ မြို့ကြီး ၂ မြို့ကို အဏုမြူဗုံး ကြဲချလိုက်ပြီးနောက် ဆုံးခန်းတိုင်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လက်နက်ဆန်းကို သုံးစွဲပြီး အနိုင်ယူလိုက်တဲ့အတွက် ကမ္ဘာ့နိုင်ငံတိုင်းမှာ အဏုမြူလက်နက်ကို ပိုင်ဆိုင်လိုတဲ့ ရည်ရွယ်ချက်တွေ ရှိလာပါတယ်။ အဏုမြူလက်နက်ကို ပိုင်ဆိုင်မှ ကိုယ့်နိုင်ငံကို လုံခြုံအောင် ထိန်းသိမ်းနိုင်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီအထဲမှာ ဆက်ခရော့ဗ်တို့ရဲ့ ဆိုဗီယက်ရုရှနိုင်ငံတော် ကြီးလည်း ပါဝင်ပါတယ်၊၊
နောက်တချက်ကတော့ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပေမယ့် ကမ္ဘာကြီးဟာ အုပ်စု ၂ စု ကွဲသွားခဲ့ပါတယ်။ လက်ဝဲအုပ်စုနဲ့ လက်ယာအုပ်စုဆိုပြီး ကွဲပြားသွားရာမှာ လက်ဝဲအုပ်စုကို ဆိုဗီယက်က ခေါင်းဆောင်ပြီး လက်ယာအုပ်စုကို အမေရိကန်က ခေါင်းဆောင်ပါတယ်။ ဒီလိုနဲ့ အုပ်စုကြီးနှစ်ခု အားပြိုင်တဲ့ စစ်အေးခေတ်ကြီးကို ရောက်လာခဲ့တာပါ။
ဒီစစ်အေးခေတ်ကြီးမှာ အမေရိကန်ကို အန်တုနိုင်ဖို့အတွက် ဆိုဗီယက်ရုရှနိုင်ငံအနေနဲ့ အဏုမြူလက်နက်ကို ပိုင်ဆိုင်နိုင်ဖို့ အရေးတကြီး လိုအပ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရူပဗေဒပညာရှင်ဖြစ်သူ ဆက်ခရော့ဗ်ဟာလည်း ၁၉၄၈ ခုနှစ်အတွင်းမှာ အဏုမြူလက်နက်ထုတ်လုပ်ရေး စီမံကိန်းထဲကို ပါဝင်လာခဲ့ပါတယ်။ နောက်တနှစ်အကြာမှာတော့ ဆိုဗီယက်နိုင်ငံဟာ သူ့ရဲ့ ပထမဆုံးအဏုမြူဗုံးကို စမ်းသပ်ဖောက်ခွဲ ပြနိုင်ခဲ့ပါတယ်။ ဒီကတဆင့် အဏုမြူဗုံးထက် ပိုအားကောင်းတဲ့ ဟိုက်ဒြိုဂျင်ဗုံးကို ပိုင်ဆိုင်ဖို့အတွက် ကြိုးစားပါတယ်။
ဟိုက်ဒြိုဂျင်ဗုံးစီမံကိန်းမှာတော့ ဆက်ခရော့ဗ်ဟာ အဓိကခေါင်းဆောင် ဖြစ်လာပါတယ်။ ဆက်ခရော့ဗ်ရေးဆွဲတဲ့ ဒီဇိုင်းပုံစံနဲ့ပဲ ၁၉၅၃ ခုနှစ်မှာ ဆိုဗီယက်နိုင်ငံဟာ ဟိုက်ဒြိုဂျင်ဗုံးကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အင်အားကြီးနိုင်ငံတခုရဲ့ အဆင့်ကို တင်းပြည့်ကျပ်ပြည့်ရောက်ရှိ လာပါတယ်။ ဆက်ခရော့ဗ်ဟာလည်း သူရဲကောင်းတယောက်လို ဖြစ်လာပြီး ဆိုဗီယက်ပြည်သူလူထုကသာမက နိုင်ငံ့အုပ်ချုပ်ရေး ထိပ်တန်းခေါင်းဆောင်များကပါ လေးစားလာကြပါတယ်။ အဲဒီနှစ်ထဲမှာပဲ နိုင်ငံတော်ရဲ့ သုခမိန်အဖွဲ့အစည်းဖြစ်တဲ့ ဆိုဗီယက်သိပ္ပံ အကယ်ဒမီမှာ အဖွဲ့ဝင်ဖြစ်လာပြီး ဆိုရှယ်လစ်လုပ်သားသူရဲကောင်း ဆုတံဆိပ်ကိုလည်း ရရှိပါတယ်။
ဒါပေမယ့် ဆက်ခရော့ဗ်ဟာ သူလုပ်နေတဲ့ အလုပ်အပေါ် ဟုတ်မှဟုတ်ပါလေစလို့ သံသယ အမြဲဝင်နေခဲ့ပါတယ်။ ဒီလို ကမ္ဘာဖျက်နိုင်တဲ့ လက်နက်ကြီးတွေကို တီထွင်ဖန်တီးတဲ့အလုပ်ဟာ ကိုယ်ကျင့်တရားနဲ့ ညီမှညီပါလေစလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေခဲ့ပါတယ်။ ပညာရှင်တယောက်ဟာ နိုင်ငံရေးသမားတွေရဲ့ ခိုင်းရာစေဘဝမှာ နေရမှာမဟုတ်ဘူးလို့လည်း သဘောပေါက်လာပါတယ်။
ဒါကြောင့် သူဟာ ၁၉၆ဝ ပြည့်လွန်နှစ်များအတွင်းကို ရောက်တော့ နျူးကလီးယားလက်နက် မပြန့်ပွားရေးအတွက် လှုပ်ရှားဆောင်ရွက်လာပါတယ်။ နျူးကလီယားလက်နက်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ အဓိကလက်နက် ဖြစ်တယ်ဆိုတဲ့ အယူအဆနဲ့ ရေးသားထားတဲ့ စာတမ်းတစောင်ကို နိုင်ငံပြင်ပမှာ ၁၉၆၈ ခုနှစ်အတွင်း ထုတ်ဝေလိုက်ပါတယ်။ ဒီစာတမ်းမှာ နိုင်ငံအချင်းချင်း ရန်မစောင်ကြဘဲ လူ့လောကကြီး ငြိမ်းချမ်းတိုးတက်အောင် ပူးပေါင်း လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
စစ်အေးခေတ်အတွင်း အုပ်စုဖွဲ့ပြီး ကမ္ဘာကိုကြီးစိုးဖို့ အိပ်မက်မက်နေကြတဲ့ နိုင်ငံရေးသမားများအတွက် ဆက်ခရော့ဗ်ရဲ့စာတမ်းဟာ အလွန်ကြီးမားတဲ့ အန္တရာယ် တခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်ကစပြီး ဆက်ခရော့ဗ်ကို ဆိုဗီယက် ခေါင်းဆောင်များက အရေးကြီးတဲ့နေရာကနေ ဖယ်ရှားလိုက်ပါတယ်။ စစ်လက်နက် ထုတ်လုပ်ရေးနဲ့ မဆိုင်တဲ့ နေရာကို ပြောင်းရွှေ့ပစ်လိုက်ပါတယ်။
သိပ္ပံပညာရှင်ကြီး ဆက်ခရော့ဗ်ဟာလည်း စစ်လက်နက်ဖန်တီးသူ အဖြစ်ကနေ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းသူအဖြစ်ကို ကူးပြောင်းသွားပါတယ်၊၊ အစပိုင်းမှာ ပြောခဲ့တဲ့အတိုင်းပဲ ဆက်ခရော့ဖ်က ငြိမ်းချမ်းရေးဆိုတာဟာ လူ့အခွင့်အ ရေးနဲ့ ဒွန်တွဲနေတယ်လို့ သိမြင်နေပါတယ်။ ဒါကြောင့် ၁၉ရဝ ပြည့်နှစ်မှာ မော်စကို လူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းတော့ သူဟာလည်း အဖွဲ့ဝင်အဖြစ် ဦးဆောင်ပါဝင်လာခဲ့ပါတယ်။ ဒီအချိန်ကစပြီး လူ့အခွင့်အရေးတိုက်ပွဲဝင်သူ ဆက်ခရော့ဗ်နဲ့ ကွန်မြူနစ်ခေါင်းဆောင်များ ထိပ်တိုက် တွေ့လာပါတော့တယ်။
တချိန်တုန်းက ဆက်ခရော့ဗ်ကို နိုင်ငံတော်သူရဲကောင်းအဖြစ် ချီးမြှောက်ခဲ့သူတွေဟာ အခုတော့ သူ့ကို နိုင်ငံတော်သစ္စာဖောက်အဖြစ် စွပ်စွဲရေးသားလာကြပါတယ်။ ဒါပေမယ့် ဆက်ခရော့ဗ်ကတော့ ဒီလို တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံရင်း ဆိုဗီယက်ပြည်သူလူထုရဲ့ လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ပါတယ်။ ကွန်မြူနစ်အုပ်ချုပ်ရေးအောက်မှာ အခွင့်အရေးဆုံးရှုံးနေသူများဘက်က လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။
၁၉၇၄ ခုနှစ်မှာ ဆက်ခရော့ဗ်ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ပါတယ်။ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အဓွန့်ရှည်ရေးအတွက် တခုတည်းသော ငြိမ်းချမ်းရေးအခြေခံအုတ်မြစ်ကို လူ့အခွင့်အရေးကသာလျှင် ဖန်တီးပေးနိုင်တယ် ဆိုတဲ့ အသိအမြင်ကို အလေးအနက်ထားတဲ့အတွက်လည်းကောင်း၊ တပါတီအာဏာရှင်အစိုးရရဲ့ အာဏာအလွဲသုံးစားလုပ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရဲရဲရင့်ရင့် ဝေဖန်ဆန့်ကျင်ခဲ့တဲ့အတွက်လည်းကောင်း ဆက်ခရော့ဗ်ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်လိုက်ကြောင်း ဆုရွေးချယ်ရွေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါပေမယ့် ဆိုဗီယက်ခေါင်းဆောင်များက ဆက်ခရော့ဗ်ကို နော်ဝေမှာ ကျင်းပတဲ့ နိုဘယ်လ်ဆုချီးမြှင့်ပွဲကို တက်ရောက်ခွင့်မပေးခဲ့ပါဘူး။ အဲဒီအချိန်မှာ နိုင်ငံခြားရောက်နေတဲ့ ဆက်ခရော့ဗ်ရဲ့ ဇနီးသည်ကပဲ သူ့ကိုယ်စား ဆုယူခဲ့ပါတယ်။ ဆုချီးမြှင့်နေတဲ့အချိန်မှာ ဆက်ခရော့ဗ်ဟာ တရားရုံးတခုကို ရောက်နေပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတယောက်ရဲ့ အမှုမှာ သက်သေလိုက်ဖို့ သူရောက်နေခဲ့ခြင်း ဖြစ်ပါတယ်၊၊
၁၉၇၉ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို ဆိုဗီယက်တပ်တွေ ဝင်ရောက်ကျူးကျော်ပါတယ်။ ဒါကို ဆက်ခရော့ဗ်က တရားဝင် ကန့်ကွက်လိုက်တဲ့ အခါ အစိုးရက နယ်နှင်ဒဏ်ပေးပါတယ်။ တကယ်တော့ ဆက်ခရော့ဗ်ကို အစိုးရက ထိန်းချုပ်ချင်နေတာ ကြာပါပြီ။ ကမ္ဘာကြီးနဲ့ရော တိုင်းသူပြည်သားတွေနဲ့ပါ ဝေးတဲ့နေရာကို ပို့ပစ်ချင်တာ ကြာပါပြီ။ ဒီလိုနဲ့ ဆက်ခရော့ဗ်ဟာ မော်စကိုနဲ့ အလှမ်းကွာဝေးတဲ့ ဂေါ်ကီမြို့မှာ အကျယ်ချုပ်နဲ့ ၇ နှစ်လောက် နေထိုင်ခဲ့ရပါတယ်။
၁၉၈၅ ခုနှစ်မှာ ဆိုဗီယက်ခေါင်းဆောင်များအတွင်း အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးသမား ဂိုဘာချော့က ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတယ်။ ဂိုဘာချော့ရဲ့ အကူအညီနဲ့ ဆက်ခရော့ဗ်ဟာ နယ်နှင်ဒဏ်ဘဝက လွတ်မြောက်ပြီး မော်စကိုကို ၁၉၈၆ ခုနှစ်ကုန်ပိုင်းမှာ ပြန်ရောက်လာပါတယ်။ ဆက်ခရော့ဗ်ဟာ မော်စကိုကို ပြန်ရောက်တာနဲ့ ပညာတတ် ပညာရှင်တွေ ပါဝင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းများကို တည်ထောင်ဖွဲ့စည်းရင်း ဂိုဘာချော့ရဲ့ ပြုပြင်ပြောင်းလဲရေးထက် ပိုပြီးအခြေခံကျတဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲရေးများအတွက် ဆက်လက်လှုပ်ရှားပါတယ်။
၁၉၈၉ ခုနှစ်ရောက်တော့ ဆက်ခရော့ဗ်ဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ လွှတ်တော်အသစ်မှာ ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပါတယ်။ သူက လွှတ်တော်မှာ အတိုက်အခံသမားအဖြစ် ရပ်တည်ရင်း တပါတီအာဏာရှင်စနစ်ကို အလျင်အမြန် ဖျက်သိမ်းပြီး အခြေခံ ဥပဒေသစ်ကို ရေးဆွဲဖို့ တိုက်တွန်းပါတယ်၊၊ ဒီလို ဆိုဗီယက်ပြည်သူများရဲ့ လွတ်လပ်ရေး တိုးတက်ရေးအတွက် အလွန်အာဏာပြင်းတဲ့ ကွန်မြူနစ်ပါတီကို ရင်ဆိုင်နေဆဲအချိန်မှာပဲ ဆက်ခရော့ဗ်ဟာ နှလုံးရောဂါနဲ့ ရုတ်တရက် သေဆုံးသွားပါတယ်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ လွှတ်တော်အတွင်း ဆွေးနွေးငြင်းခုန်အပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။
ဆရာကြီးဆက်ခရော့ဗ် ကွယ်လွန်သွားပေမယ့် ဆိုဗီယက်ရုရှပြည်သူလူထုဟာ သူဦးဆောင်ခဲ့တဲ့ လမ်းအတိုင်း ဆက်လက်ချီတက်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉ဝ ပြည့်လွန်နှစ်များ အစောပိုင်းမှာ လူထုဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်းများစွာ အုပ်စိုးလာခဲ့တဲ့ တပါတီအာဏာရှင်စနစ်ဟာ ပြုတ်ကျသွားခဲ့ပါတယ်၊၊
ဆရာကြီးဆက်ခရော့ဗ်ပြောခဲ့တဲ့ စကားတခွန်းကို ဝေငှချင်ပါတယ်။ “အတွေးအခေါ် လွတ်လပ်မှုဟာ အများပြည်သူကို ဝါဒမှိုင်းမိတဲ့ရောဂါ မဖြစ်အောင် ကာကွယ်ပေးတဲ့ တခုတည်းသော မဟာဩသဓဆေးကြီး ဖြစ်ပါတယ်။ ဝါဒမှိုင်းမိတဲ့ ရောဂါဟာ မသူတော်တွေရဲ့ လက်ထဲမှာဆိုရင် အာဏာရှင်ရောဂါဆိုးကြီးအဖြစ်ကို ပြောင်းလဲသွားနိုင်ပါတယ်” တဲ့။
No comments:
Post a Comment