ကျမ နာမည် ရီဂိုဘာ တာမန်ချူးပါ။ ကျမ အသက် က ၂၃ နှစ်ရှိပါပြီ။ ကျမရဲ့ ဘဝ ဇာတ်ကြောင်းဟာ ကျမတို့ လူမျိုးရဲ့ ကံကြမ္မာ အကြောင်း သက်ရှိ ထင်ရှား သက်သေ ဖြစ်ပါ တယ်။ ဒါဟာ ပုံပြင် တပုဒ် မဟုတ်ပါဘူး။ ကျမ လူမျိုးနဲ့ အတူတကွ နေထိုင် ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဘဝ ဇာတ်လမ်း တပုဒ် ဖြစ်ပါတယ်။ ကျမရဲ့ ဘဝ ဇာတ်လမ်းနဲ့ ကျမတို့ ဂွါတီမာလာ လူမျိုး ဆင်းရဲသား အားလုံးရဲ့ ဘဝကို ပြောပြ ပါမယ်…လို့ အစ ချီထားတဲ့ စာအုပ် တအုပ်နဲ့ ဂွါတီ မာလာ နိုင်ငံက မာယာ တိုင်းရင်းသား တွေရဲ့ ဆိုးဝါးလှတဲ့ သမိုင်းကို တကမ္ဘာ လုံးက အာရုံစိုက် လာအောင် လုပ်ခဲ့တဲ့ သူကတော့ ၁၉၉၂ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ရီဂိုဘာတာမန်ချူးဖြစ်ပါတယ်။သူက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို လက်ခံတဲ့ အခမ်း အနား မှာလည်း ဒီငြိမ်းချမ်း ရေး နိုဘယ်လ်ဆုဟာ ကျမ တယောက် အတွက် သက်သက် ပေးတဲ့ ဆုလို့ မမြင် ပါဘူး။ နှစ်ပေါင်း ၅၀၀ ကျော်ကြာအောင် ဖိနှိပ် မှုတွေ၊ ညှဉ်းပန်း မှုတွေ၊ သတ်ဖြတ် သုတ်သင်မှုတွေ၊ ခွဲခြား ဆက်ဆံ မှုတွေ ကြုံတွေ့ ခံစား ခဲ့ရတဲ့ ကျမတို့ တိုင်းရင်းသား လူမျိုးစု တွေရဲ့ လူ့အခွင့် အရေးနဲ့ ငြိမ်းချမ်းရေး တိုက်ပွဲ အတွင်း အောင်မြင်မှု တခု အဖြစ်သာ မှတ်ယူ ပါတယ်လို့ ပြောခဲ့ ပါတယ်။
ကမ္ဘာကျော်သွားတဲ့ သူရဲ့ ဘဝဇာတ်ကြောင်းစာအုပ်ကို ထုတ်ဝေခဲ့စဉ်က အသက် ၂၃ နှစ်သာရှိသေးတဲ့ မန်ချူးဟာ နိုဘယ်လ်ဆုရတဲ့အချိန်မှာလည်း အသက် ၃၃ နှစ်သာ ရှိသေးတဲ့အတွက် အသက်အငယ်ဆုံး ဆုရှင် ဖြစ်ခဲ့ပါတယ်။
ရီဂိုဘာတာမန်ချူးကို ၁၉၅၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ ဆင်းရဲသား လယ်သမားအိမ်ထောင်စုက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူ့မိဘတွေဟာ မာယာတိုင်းရင်းသား မျိုးစုငယ်တခုက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အလွန်ရှေးကျတဲ့ မာယာယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ကြီးပြင်းလာခဲ့ရပါတယ်။
မန်ချူးဟာ ငယ်စဉ်ကပဲ တခြား ဆင်းရဲသားတွေနည်းတူ စိုက်ပျိုးရေးခြံတွေနဲ့ ကော်ဖီခြံတွေမှာ အလုပ်လုပ်ခဲ့ပါတယ်။ သူ့ကို ပညာသင်ပေးတာက ကက်သလစ် ခရစ်ယာန်ကျောင်းများ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ချူးဟာ စာသင်ခန်းထဲမှာ စာအုပ်စာတမ်းတွေနဲ့ပဲ အချိန်ကုန်တတ်သူတော့ မဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ်ကတည်းက အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်မှာ ဂွါတီမာလာကို အုပ်စိုးနေကြတဲ့ စစ်အာဏာပိုင်များက သူ့အပေါ်မှာ မျက်စိ စပါးမွေး စူးခဲ့တာပါ။
ဒီအချိန်မှာပဲ မန်ချူးတို့ နေတဲ့ဒေသမှာ ပြောက်ကျားသူပုန်တပ်ဖွဲ့တခု ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက မန်ချူးကို သူပုန်တွေ မွေးထားတဲ့သူလို့ သံသယ ဖြစ်ပါတယ်။ ဒီသံသယရဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံရသူကတော့ မန်ချူးရဲ့ အဖေပါ။ စစ်အာဏာပိုင်တွေဟာ မန်ချူးရဲ့ ဖခင်ဖြစ်သူကို သူပုန်အဖြစ် စွပ်စွဲပြီး ထောင်ချလိုက်ပါတယ်။ မန်ချူးရဲ့ ဖခင်ဟာ ထောင်က ထွက်လာပြီးတဲ့နောက်မှာ လယ်သမားသမဂ္ဂကော်မတီကို ဝင်လိုက်ပါတော့တယ်။
ဒီလိုနဲ့ မန်ချူးဟာလည်း အသက်၂၀ အရွယ်မှာ သူ့အဖေရဲ့ အဖွဲ့ထဲမှာ ဝင်ပြီး ဆင်းရဲသား လယ်သမားအရေးကို ပါဝင်ဆောင်ရွက်ပါတော့တယ်။
လယ်သမားသမဂ္ဂထဲကို မန်ချူး ဝင်တဲ့ ၁၉၇၉ ခုနှစ်အတွင်းမှာ သူ့ အစ်ကိုတယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးပါတယ်။ နောက်တော့ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်ပါတယ်။ နောက်နှစ်မှာ သူ့အဖေနဲ့ တခြားလယ်သမားတွေ နေထိုင်တဲ့ စပိန်သံရုံးကို စစ်အာဏာပိုင်ရဲ့ လုံခြုံရေးတပ်ဖွဲ့များက အတင်းဝင်ရောက်စီးနင်းရာမှာ အဖေဟာလည်း သေနတ်မှန်လို့ သေဆုံးသွားရပြန်ပါတယ်။
တနှစ်တည်းမှာပဲ မိခင်ဖြစ်သူဟာလည်း ဖမ်းဆီးညှဉ်းဆဲပြီး အဓမ္မကျင့်ခံရတာကြောင့် အသက်ဆုံးသွားရပြန်တယ်။ ဒီလိုနည်းနဲ့ပဲ ရီဂိုဘာတာမန်ချူးရဲ့ မိသားစုတွေ တယောက်ပြီးတယောက် ပျောက်ကွယ်သွားခဲ့ရပါတယ်။
ဒါပေမယ့် ရီဂိုဘာတာမန်ချူးဟာ ရဲရင့်ဇွဲသန်တဲ့ အမျိုးသမီးတယောက် ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို ဘယ်တော့မှ ဒူးထောက်အညံ့ခံတဲ့သူ မဟုတ်ပါဘူး။ ဒါကြောင့် မိသားစုတွေ ကုန်သလောက်နီးပါး သေဆုံးသွားတဲ့အချိန်ကစပြီး ပိုလို့ပင် တက်ကြွလှုပ်ရှားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေမှာ အမြဲတမ်း ရှေ့တန်းက ပါဝင်ခဲ့သလို စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ အသိပညာပေးတဲ့ အလုပ်ကိုလည်း အားကြိုးမာန်တက် လုပ်ပါတယ်။ သူ့ရဲ့ အဓိကအလုပ်တခုကတော့ မာယာလူမျိုးတွေရဲ့ ဘာသာစကားကို ကျွမ်းကျင်အောင် သင်ယူခြင်းပါပဲ။ တိုင်းရင်းသားလူမျိုးများရဲ့ အဖိနှိပ်ခံဘဝကို လွတ်မြောက်အောင် လုပ်ရင်း ဘာသာစကားယဉ်ကျေးမှုကို လေ့လာခဲ့တာပါ။ သူဟာ တိုင်းရင်းသားတွေရဲ့ ဘဝကိုရော အသိကိုပါ မြှင့်တင်ဖို့ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။
မန်ချူးဟာ ၁၉၈၁ ခုနှစ် အသက် ၂၂ နှစ်အရွယ်မှာ စစ်အာဏာရှင်တွေရဲ့ လုပ်ကြံမှုကို တိမ်းရှောင်ဖို့အတွက် မက္ကဆီကိုနိုင်ငံကို ပြေးလာခဲ့ရပါတယ်။ နိုင်ငံရပ်ခြားမှာ နေရင်း ဂွါတီမာလာမှာ ရှိနေတဲ့ ဖိနှိပ်မှုတွေကို ခုခံဖို့၊ တိုင်းရင်းသား လယ်သမားတွေရဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ အဝေးရောက်စီမံသူအဖြစ် ဆောင်ရွက်ပါတယ်။ နောက်နှစ်မှာပဲ ဂွါတီမာလာ အတိုက်အခံတပ်ဦးအဖွဲ့ကို ထူထောင်ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ကမ္ဘာကျော်တဲ့ ကျမ ရီဂိုဘာတာမန်ချူး အမည်ရှိ စာအုပ်ကို ထုတ်ဝေပါတယ်။
မန်ချူးပြောသလိုပဲ ဒီစာအုပ်ဟာ သူ့ရဲ့ အတ္ထုပ္ပတ္တိမျှသာ မဟုတ်ပါဘူး။ ဂွါတီမာလာက တိုင်းရင်းသားလူမျိုးစုတွေရဲ့ ခါးသည်းလှတဲ့ ဘဝသမိုင်းလည်း ဖြစ်ပါတယ်။
ဂွါတီမာလာနိုင်ငံဟာ မန်ချူးကလေးဘဝ အရွယ် ၁၉၆၂ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ ပြည်တွင်းစစ် ဖြစ်နေခဲ့တဲ့ နိုင်ငံပါ။ လက်ဝဲပြောက်ကျားသူပုန်တွေနဲ့ စစ်အာဏာရှင် အစိုးရအကြား နှစ်ပေါင်း ၃၄ နှစ်ကြာ စစ်ဖြစ်ခဲ့ရာမှာ မြေဇာပင်များကတော့ ရီဂိုဘာတာမန်ချူးတို့လို အပြစ်မဲ့တိုင်းရင်းသားပြည်သူများ ဖြစ်ပါတယ်။
စစ်အစိုးရနဲ့ ပြောက်ကျားသူပုန်များဟာ ဂွါတီမာလာနိုင်ငံကို အပိုင်သိမ်းနိုင်ဖို့အတွက် တဖက်နဲ့တဖက် ရက်ရက်စက်စက် အကြမ်းဖက်ခဲ့ကြပါတယ်။ သူပုန်တပ်ဖွဲ့များက စစ်အစိုးရဘက်က သံတမန်တွေကို ပြန်ပေးဆွဲတာ လုပ်ကြံသတ်ဖြတ်တာတွေ လုပ်ခဲ့သလို အစိုးရတပ်တွေကလည်း တိုင်းရင်းသားမာယာလူမျိုးတွေကို သူပုန်လို့ စွပ်စွဲပြီး စီမံချက်နဲ့ သုတ်သင်လာပါတယ်။
မန်ချူးတယောက် ဂွါတီမာလာက ထွက်ပြေးလာရတဲ့ ၁၉၈၁ ခုနှစ်နောက်ပိုင်းမှာတော့ ဂွါတီမာလာနိုင်ငံသမိုင်းမှာ သွေးမြေအကျဆုံး ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ စစ်အစိုးရက ပြောက်ကျားသူပုန်တွေကို မြေလှန်စစ်ဆင်ရေးနဲ့ ချေမှုန်းဖို့ ဆုံးဖြတ်လိုက်ရာကနေ ဒီဖြစ်ရပ်တွေ ပေါ်ပေါက်လာတာပါ။
ဒီစစ်ဆင်ရေးမှာ ပြောက်ကျားသူပုန်တွေကို ထောက်ခံတယ်လို့ အယူဆခံရတဲ့ မာယာတိုင်းရင်းသားများ အလုံးအရင်းနဲ့ အသတ်ခံရပါတယ်။ မာယာတွေရဲ့ ရွာပေါင်း ၄၀၀ ကျော် မီးရှို့တာ ခံရပြီး စိုက်ခင်းတွေ ကျွဲနွားတွေ အဖျက်ဆီးခံရပါတယ်။ တိုင်းရင်းသားအမျိုးသမီးအမြောက်အမြား အဓမ္မကျင့်ခံရပါတယ်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်းမှာ အရပ်သား ၁ သိန်း သေပျောက်သွားပါတယ်။ လူ ၁ သန်းခွဲလောက် ကိုယ့်အိမ်ကိုယ့်ရွာကို စွန့်ခွာထွက်ပြေးရပါတယ်။
ဂွါတီမာလာနိုင်ငံကို ငရဲခန်းရှုံးအောင် ဖန်တီးနေတဲ့ ဒီလို လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို ရီဂိုဘာတာမန်ချူးက သူ့အတ္ထုပ္ပတ္တိစာအုပ်နဲ့ ကမ္ဘာက အာရုံစိုက်လာအောင် လုပ်ခဲ့ခြင်းပါပဲ။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
မန်ချူးဟာ သူရရှိတဲ့ နိုဘယ်လ်ဆုကြေး တသန်းကျော်နဲ့ ဖောင်ဒေးရှင်းတခုကို ထူထောင်ပြီး ကမ္ဘာတလွှားက တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးအတွက် ကူညီပါတယ်။ နိုင်ငံခြားရောက် ဂွါတီမာလာလူမျိုးတွေကို အစိုးရက တိုင်းပြည် ပြန်လာခွင့်ပြုတဲ့အခါမှာ ဆိုရင်လည်း မန်ချူးရဲ့ ဖောင်ဒေးရှင်းက အကြီးအကျယ် ကူညီပံ့ပိုးပေးခဲ့တဲ့အတွက် အခုဆိုရင် မန်ချူးဟာ ဂွါတီမာလာရဲ့ အမျိုးသား ခေါင်းဆောင်တယောက် ဖြစ်နေပါပြီ။
ကုလသမဂ္ဂအဖွဲ့ကြီးကလည်း ၁၉၉၃ ခုနှစ်ကို တိုင်းရင်းသားလူမျိုးများ နှစ် အဖြစ် သတ်မှတ်ပြီး ရီဂိုဘာတာမန်ချူးကို အဲဒီနှစ်အတွက် ပရဟိတအကျိုးဆောင် သံတမန်အဖြစ် ခန့်အပ်လိုက်သလို ကုလသမဂ္ဂရဲ့ ယူနက်စကိုအဖွဲ့ကလည်း အကြံပေးပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ပါတယ်။
တချိန်တုန်းက ခါးသည်းလှတဲ့ ဘဝကို ဖြတ်သန်းခဲ့ရသူ ရီဂိုဘာတာ မန်ချူးဟာ အခုတော့ ဂွါတီမာလာနိုင်ငံရဲ့ သူရဲကောင်းတယောက် ဖြစ်နေရုံသာမက ကမ္ဘာ့ခေါင်းဆောင်တယောက်အဖြစ် သတ်မှတ်တာကို ခံနေရပါပြီ။
မန်ချူးက သူ့ယုံကြည်ချက်နဲ့ ပတ်သက်ပြီး ဒီလို ပြောဖူးပါတယ်။ “ကျမဘဝမှာ တန်ဖိုးအထားဆုံးကတော့ အိပ်မက်မက်နိုင်တဲ့ စွမ်းရည်ပါပဲ။ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေ ရှုပ်ထွေးပွေလီတဲ့ အခြေအနေတွေအောက်မှာတောင်မှ ကျမဟာ သာယာလှပတဲ့ အနာဂတ်တခုကို တွေးတောအိပ်မက်မက်နိုင်ခဲ့ပါတယ်” တဲ့။
No comments:
Post a Comment