Tuesday, October 4, 2011

တပ်​ပေါင်း​စုအ​နေဖြင့်​သာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မည်ဟု ​ကေအန်ယူ​ပြော

ခင်မင်းဇော်

ကရင်ပြည်နယ်အစိုး​ရက ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ ကမ်း​လှမ်း​ချက်အ​ပေါ် ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (ယူအန်အက်ဖ်စီ) အ​နေနဲ့​သာ ​ဆွေး​နွေး​မယ်လို့​ ​ကေအန်ယူက အ​ကြောင်း​ပြန်လိုက်ပါတယ်။

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ထံ ကရင်ပြည်နယ်အစိုး​ရ လုံခြုံ​ရေး​နှင့်​ နယ်စပ်​ရေး​ရာ ဝန်ကြီး​က ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​အတွက် ကိုယ်စား​လှယ်အဖွဲ့​ တဖွဲ့​စေလွှတ်ခဲ့​တဲ့​အ​ပေါ် အ​ကြောင်း​ ပြန်ကြား​လိုက်တာပါ။

ပြိး​ခဲ့​တဲ့​အပတ်က ကရင်ပြည်နယ် အစိုး​ရလုံခြုံ​ရေး​နဲ့​ နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှုး​ကြီး​အောင်လွင်က လက်မှတ်​ရေး​ထိုး​ပြီး​ ငြိမ်း​ချမ်း​ရေး​ရယူဖို့​ ပထမဆင့်​ လုပ်ငန်း​စဉ်အဖြစ် ပြည်နယ်အဆင့်​အစိုး​ရနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ ​ကေအန်ယူကို ဖိတ်ကြား​ခဲ့​ပါတယ်။

ဒီဖိတ်ကြား​စာကို ကရင်ပြည်နယ်​ဒေသခံ ဘာသာ​ရေး​ နိုင်ငံ​ရေး​ နယ်ပယ်မှ ပုဂ္ဂိုလ်​တွေပါဝင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​က လာ​ရောက်​ပေး​ပို့​ကာ သ​ဘောထား​မေး​မြန်း​ခဲ့​တာပါ။

ကေအန်ယူ တွဲဖက်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ၁ ဗိုလ်မှူး​စောလှ​ငွေက “ကျ​နော်တို့​ ငြိမ်း​ချမ်း​ရေး​ကို လိုလား​တယ်။ အပစ်အခတ် ရပ်စဲ​ရေး​ကို လိုလား​တယ်။ နိုင်ငံ​ရေး​အရ ​ဖြေရှင်း​ဖို့​ကိုလည်း​ လိုလား​တယ်။ ဒီကိစ္စကို ​ဆောင်ရွက်ဖို့​အတွက် ကျ​နော်တို့​က အစုအဖွဲ့​နဲ့​ အလုပ်လုပ်တဲ့​အတွက်​ကြောင့်​ UNFC (တိုင်း​ရင်း​သား​လူမျိုး​များ​ရဲ့​ ဖယ်ဒရယ်​ကောင်စီ) က​နေ ​ဆွေး​နွေး​မယ်။ ဒီ​နေရာကတဆင့်​ မလုပ်​တော့​ဘူး​။ ဗဟိုအစိုး​ရနဲ့​ပဲ တိုက်ရိုက်​ဆွေး​နွေး​မယ်။ ကျ​နော်တို့​ သ​ဘောထား​ကို ပြန်​ပြောပြလိုက်တယ်” လို့​ ​ပြောပါတယ်။

ဦး​သိန်း​စိန်အစိုး​ရအ​နေနဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​လိုရင် အရင်လို တဖွဲ့​ချင်း​ ​ဆွေး​နွေး​ဖို့​မလိုဘဲ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​ကြီး​များ​ ပူး​ပေါင်း​ဖွဲ့​စည်း​ထား​တဲ့​ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ UNFC နဲ့​သာ ​ဆွေး​နွေး​မယ်လို့​ တရား​ဝင်​ကြေညာထား​ပြီး​လည်း​ ဖြစ်ပါတယ်။

တဖွဲ့​ချင်း​တွေ့​ဆုံ​ဆွေး​နွေး​ပါက ကြုံ​တွေ့​ရနိုင်တဲ့​ အ​ခြေအ​နေကိုလည်း​ ပဒို​စောလှ​ငွေက အခုလို​ပြောပါတယ်။

“တဖွဲ့​ချင်း​ဆွေး​နွေး​ဖို့​က သူတို့​ရဲ့​ ​ပေါ်လစီပဲ​လေ။ ခွဲခြား​ပြီး​တော့​ တဖွဲ့​ချင်း​ ​ဆွေး​နွေး​ပြီး​တော့​ ​နောက်ပိုင်း​မှာ နိုင်ငံ​ရေး​ စစ်​ရေး​ ကစား​တာပဲ။ ကျ​နော်တို့​ အ​တွေ့​အကြုံအရ သိတာပဲ။”

သမတဦး​သိန်း​စိန် အစိုး​ရက ခုလို ငြိမ်း​ချမ်း​ရေး​ စကား​ပြောဖို့​ ကမ်း​လှမ်း​နေသလို တဖက်မှာလည်း​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ထိုး​စစ်​တွေ ဆက်လက်ဆင်နွှဲ​နေဆဲ ဖြစ်ပါတယ်။

No comments: