Thursday, December 22, 2011

ALP ဗဟိုကော်မီတီဝင် ခိုင်နီလင်း ကွယ်လွန်

နိရဉ္စရာ

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP) မှ အမြဲတန်း ဂုဏ်ထူးဆောင် ဗဟို ကော်မီ တီဝင် ခိုင်နီလင်းသည် လူကြီး ရောဂါဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထိုင်း နိုင်ငံ မဲဆောက်မြို့တွင် ကွယ်လွန် သွားကြောင်း သတင်း ရရှိသည်။

ဦးခိုင်နီလင်း သေဆုံးသွားပုံကို ALP မှရုံးဝန်ထမ်း တဦးက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

"သေဆုံးတာက ပြောရမယ်ဆို လူကြီးရောဂါ ဖြစ်ပါတယ်။ ဒီဇင်္ဘာလ ၂၀ ရက်နေ့ကလေဖြတ်လို့ ထိုင်း-မြန်မာနယ် စပ်မှာရှိတဲ့ မယ်တော် ဆေးခန်းမှာ ဆေးကု သမှု ခံယူခဲ့ ပါတယ်။ တဘက် မှာလည်း သွေးတိုးက အဆ မတန်များပြီး သွေးတိုး မကျတဲ့ အတွက် ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လည် ၂ နာရီ ၄၀ မိနစ်မှာ အသက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။"

သေဆုံးချိန်တွင် ဦးခိုင်နီလင်းမှာ အသက် (၆၁) ရှိပြီ ဖြစ်သည်။

ဦးခိုင်နီလင်း သေဆုံး မူမှာ ရခိုင် တော်လှန်ရေး အတွက် တိုက်ပွဲ ၀င်နေသော ရခိုင် တော်လှန်ရေး သမား များအတွက် အစားထိုး မရ သော နစ်နာ ဆုံးရှုံးမှု ဖြစ်သလို တော်လှန်ရေး အတွက်လည်း နစ်နာ ဆုံးရှုံးမူကြီး ဖြစ်ကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌ စောမြရာဇာလင်းက ပြောသည်။

သူ့ရုပ် အလောင်းကို ၂၄ ရက်နေ့ (စနေနေ့) တွင် ကျောင်းကြီး ဘုန်းကြီးကျောင်းမှ မဲဆောက် သုသန်တွင်သင်္ဂြိုလ် မည်ဖြစ်ကြောင်း သိရသည်။

ALP ပါတီတွင် ဂုဏ်ထူးဆောင် ဗဟို ကော်မတီ တဦး ဖြစ်သည်။ ၄င်း ပုဂ္ဂိုလ်တွင် ဇနီး ပန်းသန္တာနှင့် အတူ ၁၂ အရွယ် သမီးတဦးနှင့် ၉ နှစ် အရွယ် သားငယ် တဦးတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

( ခိုင်နီလင်း အထုပတ္တိ အကျဉ်း)

ခိုင်နီ လင်းကို အဖ ဦးမြသာအောင်၊ အမိ ဒေါ်မြလှဦးမှ ခရစ်သက္ကရာဇ် ၁၉၅၀-ခုနှစ်တွင် ဘူးသီးတောင်မြို့ တပ်ရာ ရပ်ကွက်တွင် မွေးဖွား ခဲ့ပြီးသူ့၏ အမည် အရင်းမှာ စံရွှေခိုင်ဖြစ် သည်။

၁၉၇၄-ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့တွင် ALP ပါတီသို့ဝင်ရောက်ပြီး ၁၉၇၄-ခုနှစ်တွင် အရံ ဗဟိုကော်မတီ အဖြစ်လည်းကောင်း၊ တပ်မတော်တွင် ဗိုလ်ရာထူးဖြင့်လည်းကောင်း၊ တာဝန် ထမ်းဆောင် ခဲ့သည်။

၁၉၇၄ မှ ၁၉၇၆-ခုနှစ်တွင် မဟာမိတ် ကရင်ရဲဘော်များနှင့် အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့သည်။ ၁၉၇၆-ခုနှစ် ဇွန်လ နောက်ဆုံးပတ်တွင် မိုင် ၂၀၀၀-ခရီးရှည်စစ်ကြောင်းချီရာတွင် ဥက္ကဌကြီးခိုင်မိုးလင်း၏ အကြံပေးအဖြစ်ပါဝင်ချီ တက်ခဲ့သူတဦးလည်းဖြစ်သည်။ မိုင်၂၀၀၀-ခရီးစဉ်တွင် တိုက်ပွဲကြီး ၂၉ပွဲ၊ တိုက်ပွဲငယ် ၃၉ပွဲဖြစ်ခဲ့ပြီး ချင်းပြည်တနေရာတွင် အစိုးရစစ်တပ်မှ တိုက်ခိုက်မှုကြောင့် ပါတီ ဥက္ကဌ ခိုင်မိုးလင်းအပါအ၀င် ရဲများကျဆုံးကာ တခြား ရဲဘော်တချို့နှင့်အတူ ခိုင်နီလင်းမှာ အစိုးရတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

၁၉၈၂-ခုနှစ် မဆလပါတီ သံဃာဂိုဏ်းပေါင်းစုံဖွဲ့စည်းခြင်း အောင်မြင်မှု အဖြစ် လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် မန္တလေး ထောင်မှ လွတ် မြောက် လာပြီးနောက် ၁၉၈၃-ခုနှစ်မှ ယခုထိ ပါတီတွင် ဗဟို ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ ဒုဥက္ကဌ အဖြစ် ပါတီမှ ပေးအပ် သော တာဝန် အသီးသီးကို ကွယ်လွန် အချိန်ထိ ထမ်းဆောင် ခဲ့သည်။

No comments: