Friday, December 23, 2011

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံ

ကို​ထွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (အန်အယ်လ်ဒီ) ပါတီ မှတ်ပုံ တင် ဖို့ကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီဝင်တွေ ဒီနေ့ မနက်က နေပြည်တော်ကို လေယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ဒီနေ့ မနက်ပိုင်းက ပါတီ မှတ်ပုံတင်ဖို့ လက်မှတ်ရေးထိုးတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရုံးက အတည်ပြုပြောဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူတဦးက “ဦးတင်ဦးနဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ ကျနော်ဆီမှာလာပြီး မှတ်ပုံတင်ခွင့် လာ လျှောက် ထားတာပါ။ ၁၀ နာရီ ၁၀ မိနစ်ပါခင်ဗျာ။ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်ပါပါတယ်။ ကော်မရှင်ရှေ့မှောက်မှာ လတ်မှတ်ရေးထိုးပါတယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အပါအ၀င် အဖွဲ့ ဝင် ၇ ဦးနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

အန်အယ်လ်ဒီပါတီ တည်ထောင်ခွင့်ကို နိုဝင်ဘာက လျှောက်ထားခဲ့ရာမှာ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ခွင့်ပြုခဲ့ပြီး ဖြစ်တာကြောင့် ပါတီမှတ်ပုံတင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအဖွဲဝင်တွေက နေပြည်တော်ကို သွားရောက်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ခရီးစဉ်အတွင်းမှာ ပြည်သူ့ လွှတ်တော်နဲ့အမျိုးသားလွှတ်တော်နှစ်ရပ်လုံးက လွှတ်တော် အကြီး အကဲ တွေနဲ့ တွေ့ဆုံဖွယ် ရှိနေတယ် လို့လည်း ရန်ကုန်က လာတဲ့ အေအက်ဖ်ပီ သတင်းမှာ မြန်မာ အစိုးရ အရာရှိ တဦးရဲ့ ပြောဆိုချက် ကို ကိုးကားဖော်ပြထားပါတယ်။

No comments: