Friday, December 23, 2011

ပြည်ပတွင် အလုပ်လုပ်သူများ ဝင်ငွေခွန် ကင်းလွတ်

လင်းသန့် on December 23, 2011

ပြည်ပတွင် အလုပ်လုပ် ကိုင်နေသော မြန်မာ နိုင်ငံ သားများ ၀င်ငွေခွန် ပေးဆောင် ရမှုကို ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း အစိုးရက ကြေညာ လိုက်သည်။

အခု ဇန်န၀ါရီ ၁ ရက်နေ့က စပြီး အလုပ်လုပ်တဲ့ ဟာကို လုံးဝ အခွန် မကောက်တော့ဘူး” ဟု ရန်ကုန်ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ လက်ထောက် ညွှန်ကြား ရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။

နိုင်ငံခြား ငွေဖြင့် ရရှိသည့်အပေါ် ကောက်ခံသည့် ဝင်ငွေခွန်ကို ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) အရ ကင်းလွတ် ခွင့်ပြုကြောင်း၊ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင် အကျိုးသက် ရောက်မည်ဖြစ် ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြ ထားသည်။

နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများအနေဖြင့် လစဉ် ၀င်ငွေခွန်ပေးဆောင်ရသည့် ပမာဏမှာ ၀င်ငွေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သည်။

စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာတဦးက “နိုင်ငံသားတိုင်းက အခွန်ပေးဆောင်ရမယ်ဆိုတဲ့ တာဝန်ကိုသိတာပဲ။ ပေးဆောင်ဖို့လည်း ၀န်မလေးကြပါဘူး။ ဒါပေမယ့် ကိုယ်ပေးဆောင်ရတဲ့ အခွန်ငွေတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဘာမှမစွမ်းဆောင်နိုင်ခဲ့ဘူး။ ထိုက်သင့်တဲ့ အခွန်စည်းကြပ်မှုတော့ ရှိရမှာပေါ့။ အခုတော့ ကောင်းသွားပြီပေါ့” ဟု ပြောသည်။

ယခင်က မြန်မာသံရုံးများအနေဖြင့် ပြည်ပရောက်မြန်မာများကို အကူအညီပေးရေးထက် အခွန်ကောက်ခံရေးသာ လုံးပမ်းနေ သည်များ ကြောင်း၊ အမှန်တကယ် နိုင်ငံတော် အကျိုးရှိလျှင်၊ နိုင်ငံသားများအပေါ် သံရုံးများက တာဝန်ကျေပွန်လျှင် အခွန်ပေးဆောင်ရသည်မှာ အဓိပ္ပာယ်ရှိကြောင်း၊ ယခုလို ကင်းလွတ်ခွင့် ကြေညာလိုက်သည့်အတွက် ကျေးဇူးတင်ကြောင်း ၎င်းက ဆိုသည်။

စင်ကာပူတွင် အလုပ်လုပ်သည့် အမျိုးသမီးတဦးကလည်း အခွန်ပေးဆောင်ရသည့် အခြေအနေနှင့် ပတ်သက်၍ “တရားဥပဒေက မညီမျှ တာတွေရှိနေတာပဲ။ တချို့က မြန်မာပြည်ပြန်ဆောင်တယ်၊ အခွန်ဆောင်ရတာ သက်သာလို့၊ အမှန်က စင်ကာပူမှာ ဆောင်လည်း မြန်မာ ပြည်မှာ ဆောင်တာနဲ့ အတူတူပဲဖြစ်သင့်ခဲ့တာ။ နောင်မှာ ဒီဒုက္ခတွေ ကင်းသွားပြီပေါ့” ဟု ပြောသည်။



No comments: