Monday, January 23, 2012

လွယ်တိုင်းလျဲန်း၏ တပ်မဟာမှူး မလွတ်မြောက်သေး

သျှမ်းသံတော်ဆင့်

အစိုးရ သစ်က တတိယ အကြိမ်မြောက် လွတ် ငြိမ်း ချမ်းသာခွင့် ပေးသော်လည်း သေဒဏ် ချမှတ် ခံရသည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/သျှမ်းပြည် တပ်မတော် RCSS/SSA ၏ တပ်မဟာ ၂၄၁ တပ်မှူး လွတ်မြောက် လာခြင်း မရှိ သေးကြောင်း သျှမ်းပြည် တပ်မတော် အသိုင်း အဝိုင်းမှ သိရှိ ရပါ သည်။

စစ်အစိုး ရထံ လက်နက် ချပြီးနောက်၂ လ အကြာ ၂၀၀၆ မတ် ၄ ရက်၌ သေဒဏ် ချမှတ် ခံရသည့် RCSS/SSA တပ်မဟာ ၂၄၁ တပ်မှူး ဒု-ဗိုလ်မှူးကြီး ခွန်ကျော်နှင့် ၎င်း၏ တပ်သား ၁၈ ဦးမှာ လွတ်မြောက် လာခြင်း မရှိ သေးပေ။

ကချင်ပြည် မိုးညှင်းဒေသမှ ခွန်ကျော်သည် ဒီမိုကရေစီအရေးလှုပ်ရှားသော ၁၉၈၈ ကျောင်းသားသပိတ်နောက် ပိုင်း တောခိုခဲ့သည်။ ခွန်ကျော်သည် မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ဒု-ဥက္ကဋ္ဌဖြစ်ပြီး ကချင် လွတ်မြောက်ရေး တပ်မတော် KIA လှုပ်းရှားသည့်ဒေသ၌ လှုပ်ရှားခဲ့သည်။

၁၉၉၄ KIA က စစ်အစိုးရနှင့် အပစ်ရပ်စဲသဖြင့် ၎င်း၏တပ်သားများနှင့်အတူ သျှမ်းပြည်တပ်မတော်- မြောက်ပိုင်း SSA-N နှင့် ပူးပေါင်း လှုပ်ရှားရာ ၄ နှစ်ကြာပြီးနောက် သျှမ်းပြည်တပ်မတော်-တောင်ပိုင်း SSA-S သို့ သွားရောက် ပူးပေါင်းခဲ့၏။

သျှမ်းပြည်တပ်မတော်-တောင်ပိုင်းနှင့် လက်တွဲလှုပ်ရှားစဉ် မြန်မာစစ်တပ်နှင့် ၀ တပ်သို့ ပူးပေါင်းကာ SSA-S အား ထိုးစစ်ဆင် တိုက် ခိုက် သောကြောင့် ခွန်ကျော်နှင့်၎င်းတပ်သားများသည် ၂၀၀၂ ပန်မိုင်ဆုန်တိုက်ပွဲနှင့် ၂၀၀၅ လွယ်တိုင်းလျဲန်းတိုက်ပွဲတို့၌ ရဲရဲဝံ့ဝံ့ ပါဝင် တိုက်ခိုက်ခဲ့သည်။

ခွန်ကျော်နှင့်၎င်းတပ်သားများ၏ ယဉ်ကျေးမှု၊ သူတပါးအား ရိုင်းပင်းကူညီတတ်မှုကြောင့် ဒေသခံလူထုက ၎င်းတို့ အား ချစ်ခင်ကြသည်။ သို့သော် သျှမ်းစကားအားနည်းခြင်းကြောင့် ၎င်းတို့အား ဗမာစစ်သားဟု ဒေသခံများက အထင်မှားကြသည်။

“ခွန်ကျော်တို့အဖွဲ့ စရောက်တုန်းက ဗမာ စစ်သား လို့ထင် နေတာ။ သျှမ်း စကားလဲ မပီဘူး။ သူတို့ အချင်းချင်းလဲ ဗမာ စကားဘဲ ပြော ကြ တာလေ” ဟု ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောပြ ခဲ့ဖူးသည်။

မိမိလှုပ်ရှားခဲ့ဖူးသော သျှမ်းနီအများစုနေထိုင်သည့်ဒေသ၌ ပြန်လည်လှုပ်ရှားရန်အတွက် ၂၀၀၅ ခုနှစ်နှောင်းပိုင်း ခွန်ကျော်နှင့်အဖွဲ့သည် လွယ်တိုင်းလျဲန်းမှ သျှမ်းပြည်မြောက်ပိုင်းသို့ ခရီးထွက်ခဲ့သည်။

သျှမ်းစကားအားနည်းခြင်းကြောင့် သျှမ်းပြည်အလယ်ပိုင်းမှမြောက်ပိုင်းဆီသို့ စတင်တက်ကတည်းက ဗမာ့ တပ်မတော်မှ ထပ်ကြပ်မကွာ ခြေရာခံနိုင်ခဲ့ကြောင်းကို တရုတ်-မြန်မာနယ်စပ်မှ ဒေသခံတစ်ဦးက ဤကဲ့သို့ ပြောပြခဲ့၏။



“မြန်မာစစ်တပ်က သူတို့ရဲ့ ရေဒီယိုလှိုင်းကို ဖမ်းယူနားထောင်တယ်။ အချင်းချင်း ဗမာစကားနဲ့ ဆက်သွယ်ကြ တော့ သူတို့ဘယ်ရောက် နေတယ်။ ဘာလုပ်မလဲဆိုတာ သိတာပေါ့။ တချို့ဒေသခံရွာသားတွေလဲ သူတို့ကို ဗမာစစ်သားလို့ထင်ပြီး စားနပ်ရိက္ခာသွားမပို့ပေးရဲကြ ဘူး။ တချို့လဲ သူပုန်ကို စားနပ်ရိက္ခာပို့ရင် ဗမာစစ်သား တွေက ရွာကိုမီးရှို့၊ ရွာသားတွေကို ရိုက်နှက်တာ ကြောက်ကြတော့ မပို့ရဲကြဘူး။”


မြန်မာစစ်တပ်ဘက်မှ ခွန်ကျော်တို့အဖွဲ့အား လက်နက်ချလျှင် ငြိမ်းချမ်းမည်ဟု ကတိပေးသောကြောင့် နမ့်ခမ်းမြို့ နှင့် မိုင် အနည်းငယ် ကွာဝေးသော နမ့်တီးရွာ၌ ၂၀၀၆ ဂျန္နဝါရီ ၁ ရက်တွင် လက်နက်ချခဲ့သည်။ နောက်တနေ့၌ ခွန်ကျော်နှင့်အဖွဲ့အား စစ်တပ်ကဖမ်းဆီးကာ လားရှိုးသို့ ခေါ်ဆောင်သွားခဲ့သည်။

၂၀၀၆ မတ် ၄ ရက်၌ ခွန်ကျော်အား လူသတ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ဆူပူသောင်းကြမ်းမှု၊ ကလေးစစ်သား စုဆောင်းမှုနှင့် အခြား သော စွဲချက်ပေါင်း ၁၁ ချက်နှင့် ၎င်း၏တပ်သား ၂၈ ဦးနှင့်အတူ သေဒဏ်ချမှတ်ခဲ့သည်။ အသက် ငယ်ရွယ်သော တပ်သား ၃ ဦး ကိုမူ ထောင်ဒဏ် ၇ နှစ်စီချမှတ်ခဲ့သည်။

“ကျနော့်တပ်သားနဲ့ ပြည်သူတွေ အန္တရာယ်မရှိ အေးချမ်းမယ်လို့ ကတိပေးခဲ့တဲ့ ဗမာစစ်တပ်ကို ယုံကြည်ခဲ့မိပြီး လက်နက်ချခဲ့တာ ကျနော့် အမှားဘဲ။ ကျနော်ဟာ အပြစ်မရှိတဲ့သူတွေကို တခါမှမသတ်ခဲ့ဖူးဘူး။ မူးယစ်ဆေးဝါး နဲ့လဲ မပတ်သက်ခဲ့ဖူးဘူး။ မတရားတာ မကောင်း တာ တွေလဲ တခါမှ မလုပ်ခဲ့ ဖူးဘူး” ဟု ခွန်ကျော်က တရားရုံး၌ ပြောဆိုခဲ့သည်။

ထို့ကြောင့် အခြားတော်လှန်ရေးတပ်ဖွဲ့များအား ခွန်ကျော်က စကား ၃ ခွန်းမှာကြားခဲ့သည်။ ၎င်းတို့မှာ- ၁.လက် နက်မချရန် ၂. ဆက် လက် တိုက်ပွဲဝင်သွားရန် ၃. ၎င်းကဲ့သို့ စစ်တပ်၏လိမ်လည်မှု မခံရစေရန် တို့ဖြစ်သည်။

ယခုအခါ ဒု-ဗိုလ်မှူးကြီး ခွန်ကျော်သည် ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင်၌ အကျဉ်းကျနေသည်။ ၎င်း၏ ဇနီးနှင့်သမီး ၂ ယောက် မှာ ထိုင်းနယ်စပ် တစ်နေ ရာ၌ နေထိုင် လျက်ရှိ၏။

No comments: