Monday, January 23, 2012

စာပေစိစစ်ရေးတွင် မူမရှိကြောင်း အယ်ဒီတာတဦး ပြောကြား

ရွှေအောင်

စာပေ စိစစ် ရေးဟာ မူမရှိဘဲ ခွင့်ပြု ချင်တာ ခွင့် ပြုပြီး၊ ပိတ်ချင်တာ ပိတ်လုပ် နေတယ်လို့ ပြည်တွင်း အယ်ဒီတာ တဦးက ပြောပါတယ်။

စာပေ စိစစ်ရေး အဖွဲ့ဟာ အရင်က ဖော်ပြခွင့် ပိတ်ပင် ထားတဲ့ စာမူနဲ့ အင်တာဗျူး တွေကို​ ​ပြန်လည် ဖော်ပြခွင့် ပြုလာ သလို တဖက်မှာ လည်း လတ်တလော​ ​ဖြစ်ပွား ခဲ့တဲ့​ ​ရွှေည၀ါ ဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှားတဲ့ သတင်းမျိုး ကိုလည်း ဖော်ပြခွင့် ပိတ်ပင် နေတဲ့ အတွက် စိစစ်ရေး အဖွဲ့မှာ မူမရှိ ဘူးလို့ မှတ်ချက်ပေး ပြောပါတယ်။

“သူ့မူနဲ့ သူပေါ့နော် စိစစ် တာလည်း ရှိဆဲပဲ။ စိစစ်တဲ့ နေရာမှာလည်း ခက်တာက နဂိုတုန်း ကလို ဘယ်အကြောင်း အရာဆို ဘယ်လို စိစစ် မယ်ဆိုတဲ့ မူက တိတိ ကျကျ မရှိတဲ့ အခါ ကျတော့ မျက်နှာ လိုက်ပြီး ဟိုမှာ ဖော်ပြ ခွင့်ပြုတာ ရှိပြီး ဒီဘက် မှာကျ ဖော်ပြခွင့် မပြု တာတွေ ရှိတယ်။ စိစစ်ရေးမှူး တွေကလည်း တယောက်နဲ့ တယောက်က မတူကြ ဘူးလေ။ ပိုကြောက် တဲ့လူက ပိုဖြုတ်တယ်။ ဖြုတ်တာ တွေလည်း ခံရ တာပဲ။ အဲ့လိုဖြစ် တာပေါ့။”

ဒီတပတ်ထုတ် လျှပ်တပြက်ဂျာနယ်မှာ လွန်ခဲ့တဲ့ တနှစ်ကျော် ၂၀၁၀ ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည်နဲ့ မေးမြန်းခန်း၊ ၂၀၀၈ စက် တင်ဘာလက သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ မေးမြန်းခန်း စတာတွေ ဖော်ပြထားသလို The Voice ဂျာနယ်မှာလည်း ၂၀၁၁ ခုနှစ် အတွင်းက ခွင့်မပြုတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း ကိစ္စ မေးမြန်းခန်း စတာတွေ ဖော်ပြခွင့်ပေးလာတာ တွေ့မြင်ရပါတယ်။

လက်ရှိ အစိုးရသဘောထားနဲ့ မကိုက်ညီတဲ့ စာမူတွေကိုတော့ ဖြတ်တောက် စိစစ်ဆဲဖြစ်သလို ထုတ်ဝေခွင့်ကိုလည်း တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတုန်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ စာပေစိစစ်ရေးဌာနဆိုတာ ရှိတော့မှာ မဟုတ်ပါဘူးလို့ စိစစ်ရေးညွှန်မှူးဖြစ်သူက ပြည်ပမီဒီယာတခုကို ပြီးခဲ့တဲ့နှစ်ထဲမှာ ပြောကြားခဲ့ဖူးပါတယ်။

No comments: