Monday, January 23, 2012

နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ၃၅ ဦး​ ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ​တွေ့​ဆုံ

အေး​နိုင်

နိုင်ငံ​ရေး ​အကျဉ်း​ သား​ဟောင်း​ ၃၅ ဦး​ဟာ ဒီက​နေ့​ ​ဒေါ်​အောင်ဆန်း ​စုကြည်ကို သွား​ရောက်​ တွေ့​ဆုံ ခဲ့​ကြပြီး​ ​ရွေး​ကောက်ပွဲ ကိစ္စ နိုင်ငံ​ရေး​ အကျဉ်း​သား​ ကိစ္စနဲ့​ ပညာ​ရေး​ ကိစ္စ​တွေ ​ဆွေး​နွေး​ခဲ့​ပါတယ်။

တွေ့​ဆုံပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က သူတို့​တတွေကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်တွင်း​ကို ဝင်​ရောက်​ဆောင်ရွက်ကြဖို့​ ကမ်း​လှမ်း​သလို ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အဖွဲ့​ချုပ် အနိုင်ရရှိ​ဆောင် ပံ့​ပိုး​ကြဖို့​ ကမ်း​လှမ်း​ခဲ့​တယ်လို့​ အဲဒီပွဲကို​ရောက်ခဲ့​တဲ့​ မခင်မိုး​အေး​က ​ပြောပါ တယ်။

“အဓိကရည်ရွယ်ချက်က​တော့​ အန်တီအခုသွား​မယ့်​ ​ရွေး​ကောက်ပွဲကို ဝန်း​ရံ​ရေး​၊​ ဝင်ချင်တဲ့​လူ​တွေကလည်း​ အန်အယ်လ်ဒီကို ဝင်​ရောက် ပြီး​ ဝိုင်း​ရံ​ရေး​ပေါ့​နော်။ ဒါ​လေး​ကို ဦး​တည်ပြီး​ အန်တီနဲ့​ ​ဆွေး​နွေး​တဲ့​အချိန်မှာ သူ့​အ​နေနဲ့​က​တော့​ ဒီ​ရွေး​ကောက်ပွဲမှာ သူ့​ကို နိုင်​အောင်လို့​ ဝိုင်း​ပြီး​တော့​ လုပ်​ပေး​ကြပါ။ ​နောက် အန်အယ်လ်ဒီကို တတ်နိုင်ရင်လည်း​ ဝင်ကြပါ​ပေါ့​နော် အန်တီက အဲဒီလို​ပြောတယ်။ ကျမတို့​အား​လုံး​ကလည်း​ နိုင်တဲ့​ဘက်က​နေပြီး​တော့​ ဝင်ချင်တဲ့​လူ​တွေလည်း​ ရှိကြသလို၊​ မဝင်ဘူး​ဆိုရင်လည်း​ ​ဘေး​က​နေပြီး​တော့​ ကျမတို့​ တတ်နိုင်သ​လောက် ​အောင်နိုင်​ရေး​အတွက် ဝိုင်း​လုပ်​ပေး​ကြမယ်လို့​ ကျမတို့​ ဒီ​နေ့​ အဲဒါကို ​ပြောခဲ့​ကြပါတယ် ​ဆွေး​နွေး​ခဲ့​ကြပါတယ်။”

ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ​တော့​ အနိမ့်​ဆုံး​အား​ဖြင့်​ ပြည်သူလူထုအတွက် ​ရွေး​ကောက်ပွဲနဲ့​ စပ်လျဉ်း​တဲ့​ ပညာ​ပေး​ရေး​ လုပ်ငန်း​တွေမှာ ပူး​ပေါင်း​ဆောင်ရွက်ကြဖို့​ လည်း​ သူတို့​ဘက်က ကတိပြုခဲ့​ကြပါတယ်လို့​ ဆိုပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေက သူတို့​ပြုစုထား​တဲ့​ စာရင်း​အရ ဒီလ ၁၃ ရက်​နေ့​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၃၀၂ ဦး​ လွတ်လာတဲ့​စာရင်း​နဲ့​ လက်လှမ်း​မီသ​လောက် အကျဉ်း​ထောင်​တွေထဲမှာ ကျန်ရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၃၇၅ ဦး​ စာရင်း​ကို ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဒီက​နေ့​ ​ပေး​အပ်လိုက်တယ်လို့​ သူက ​ပြောပါတယ်။

ပြည်သူလူထုရဲ့​ စား​ဝတ်​နေ​ရေး​အခက်အခဲ​တွေ အ​ခြေအ​နေ​တွေကို လက်လှမ်း​မီသ​လောက် ကွင်း​ဆင်း​ပြီး​ စာတမ်း​ပြုစုတင်ပြ​ပေး​ဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဒီက​နေ့​တွေ့​ဆုံရာမှာ ​မေတ္တာရပ်ခံတယ်လို့​ ဆိုပါတယ်။

နိုင်ငံ​ရေး​လုပ်ရင်း​ ​ထောင်ကျလို့​ ပညာ​ရေး​ တပိုင်း​တစ ဖြစ်ခဲ့​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေအတွက် ​ဒေါ်​အောင်ဆန်း​စုကြည်က ကြိုး​ပမ်း​ ​ဆောင်ရွက်​နေတယ်ဆိုတာ သိခဲ့​ရတယ်လို့​ သွား​တွေ့​သူ တဦး​ ဖြစ်တဲ့​ ကိုထွန်း​ကြည်က ​ပြောပါတယ်။

“သူ့​သား​တွေ၊​ သူ့​တူ​တွေ၊​ မိသား​စုလို သူက ခံယူပြီး​တော့​ဗျာ ကျ​နော်တို့​ထဲမှာလည်း​ ​တော်​တော်များ​များ​များ​က ​ကျောင်း​ပညာကို ဆုံး​ခန်း​တိုင်​အောင် မသင်ဖြစ်လိုက်ဘူး​ပေါ့​ဗျာ။ အဲဒီအ​ပေါ်မှာ သူ့​အ​နေနဲ့​ အတတ်နိုင်ဆုံး​ ပညာ​ရေး​နဲ့​ ပတ်သက်လို့​ သူ အတတ်နိုင်ဆုံး​ ကျ​နော်တို့​ကို ဆုံး​ခန်း​တိုင်​အောင် ​နောက်ဆုံး​အဆင့်​ဗျာ၊​ စာ​ပေး​စာယူ နည်း​နဲ့​သော်လည်း​ကောင်း​၊​ ​နောက်​တော့​ ပြည်တွင်း​ကို ပြည်ပက ပညာရှင်​တွေကို ​ခေါ်ပြီး​တော့​ အဆင်​ပြေ​အောင် ​ဆောင်ကျဉ်း​ပေး​မယ်ဆိုတဲ့​ ကိစ္စ​တွေ ​ဆွေး​နွေး​ပါတယ်။”

No comments: