Sunday, February 12, 2012

အရှုံးမပေး - ၂

မဇ္ဈိမသတင်းဌာန

ဖိုးချစ်အတွက် ဆေးတခွက်

ကျမနာမည်က မကေသီခိုင်ပါ။ ကျောက်ပန်းတောင်းမြို့မှာ နေထိုင်ပါတယ်။ အဖေရယ် အမေရယ် ကျမရယ် အတူတူနေထိုင်ပါတယ်။ ကျမကကျောင်းဆရာမပါ။ ကျမပြောပြချင်တာက ကျမရဲ့တူလေး ဖိုးချစ်ရဲ့ အကြောင်းလေးပါ။ ဖိုးချစ်လေးက ကျမအမရဲ့သားလေးပါ သူတို့ကမောင်နှမ သုံး ယောက်ရှိပါတယ်။ ဖိုးချစ်လေးက အလတ်ပါ။ သူ့အသက်က ခုငါးနှစ် ရှိနေပါပြီ။ ဖိုးချစ်လေးတို့အမေ ကျမရဲ့အမ AIDS ရောဂါနဲ့ ဆုံးသွားတော့ သူ့အမျိုးသားက သမီးငယ်လေးကိုခေါ်ပြီး ဘယ်ကိုထွက် သွားမှန်းမသိပါဘူး။ ဖိုးချစ်လေးရယ် သူ့အကို ဟိန်းလတ်ရယ်က ကျမတို့ မိသားစုအိမ်မှာ သောင်တင်ပြီး ကျန်နေခဲ့ကြပါတယ်။

ဟိန်းလတ်က ကံကောင်းခဲ့ပေမယ့် အငယ်လေး ဖိုးချစ်ကတော့ HIV ပိုးနဲ့ နေရတဲ့ကလေး တယောက်ဖြစ်ပါတယ်။ အိမ်မှာ စရောက် လာ ကတည်းက ဖိုးချစ်လေးအခြေအနေက စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေပါပြီ။ ဖျားနေပြီး အိပ်ယာက မထနိုင်ဘူး ပါးစပ်မှာ မက်ခရုတွေ ကလည်းအပြည့် နှုတ်ခမ်းပေါ်ကိုပါ ရောက်နေပြီ။ အစားအသောက် လည်း မစားနိုင်တော့ဘူး ဗိုက်ကြီးကလည်း ဖောင်းကားနေပြီး ကိုယ် လုံးလေး သေးသေးလေးနဲ့ ဗိုက်ပဲရှိတော့တယ်။ ကျမလုပ်စာလေးတခုနဲ့ မိသားစု ငါးယောက်လုံး လောက်အောင်စားရတာဆိုတော့ ငွေပို ကလည်း မရှိဘူးလေ။

ဒီလိုရောဂါတွေက ကုရင်ဘယ်လောက်ထိတောင် ငွေကုန်လည်းဆိုတာလည်း မသိတော့ ဒီအတိုင်းပဲ ကြည့်နေရ တယ်။ စိတ်ကလည်း ညစ် ဘာမှကို မလုပ်ချင်မကိုင်ချင်နဲ့ စိတ်ညစ်ရတဲ့ကာလပါ။ နောက်ဆုံးနေ့ကိုပဲ စောင့်နေရ တယ်။ အဲဒီအချိန်လေးမှာ အိမ်နီးချင်းအမ တယောက်က ရောဂါဖြစ်နေတဲ့သူတွေကို ပြုစုပေးတဲ့ အဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ထဲက စေတနာ့ဝန်ထမ်းတယောက်နဲ့ ရင်းနှီးတယ်။ မိတ် ဆက်ပေးရမလားလို့ မေးလာပါတယ်။ ကောက်ရိုး တမျှင်ပဲလေ ဆိုပြီး ခေါင်းငြိမ့်လိုက်ပါတယ်။ အဲဒီအမက Padonmar အဖွဲ့ရဲ့ စေတနာ့ ဝန်ထမ်း မသီတာစိုးကို အိမ်ခေါ်လာပြီး မိတ်ဆက်ပေးတယ်။ မသီတာစိုးက ကျမကို သူတို့အဖွဲ့ရဲ့ရုံးကို ခေါ်သွားပြီး သူ့မိတ်ဆွေတွေကို ကလေးအခြေအနေ ပြောပြပါတယ်။ ပြီးတော့ဆရာ စောယုစိန်ကို သွားပြောပါတယ်။ ဆရာကအိမ်ကိုလာပြီး ကလေးကို ကြည့်ပေး ပါ တယ်။ အဖွဲ့ရဲ့စေတနာ့ဝန်ထမ်းတွေကလည်း အိမ်ကိုနေ့စဉ်လာပြီး ကလေးကို ဂရုစိုက်ပေးပါ တယ်။ ဒီလိုနဲ့ ဖိုးချစ် လေးရော ကျမတို့မိသားစုပါ Padonmar အဖွဲ့နဲ့ စတင်ဆက်သွယ်မိသွားကြတာပါ။

အဖွဲ့နဲ့ မဆက်သွယ်ခင်တုန်းကဆိုရင် စိတ်အရမ်းညစ်ရတယ်။ ကလေးကို ဘာတွေလုပ်ပေးရမယ် ဆိုတာလည်း မသိဘူးလေ။ ကလေးက လည်း နေ့လားညလားဆိုတော့ ဘာမှလည်းမလုပ်ချင်ဘူး။ ဘယ်လိုမှလည်း မပြုစုတတ်ဘူး။ ဘယ်ကစပြီး ဘာတွေလုပ်ရမယ်မှန်းကို မသိဘူး။ အားကလည်းငယ်တယ် ဘာလို့လဲဆိုတော့ အဲဒီလိုရောဂါနဲ့ ကျမနဲ့ပတ်သက်လာရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။

အခုဆိုရင် ကလေးက ကျန်းကျန်းမာမာရှိနေတော့ အလုပ်လုပ်ရတဲ့သူလည်း စိတ်ဖြောင့်တယ်။ မိသားစုလည်း တည်တည်ငြိမ်ငြိမ် ပြန် ဖြစ်လာတယ်။ ဖိုးချစ်လေးရဲ့ ကျန်းမာရေးက မယုံနိုင်လောက်အောင်ကို ကောင်းလာတယ်။ အားလုံးဝိုင်းစောင့်ရှောက်ကြတဲ့ ကျေးဇူးပေါ့။ အခြားအကူအညီတွေ အထောက်အပံ့တွေလည်း ရပါတယ်။ ဆန်ထောက်ပံ့တာတို့ ပြီးတော့ အပိုလုပ်ငန်းလေးအတွက် ငွေထုတ်ပေး တာ တို့ လုပ်ပေးတယ်။ ကလေးနေမကောင်း ရင် ဘယ်ကိုသွားရမယ်၊ ဘာလုပ်ရမယ်၊ ဘယ်သူတွေကို သွားအကူအညီတောင်းရမယ် ဆိုတာ လည်း သိနေတော့ အားမငယ်တော့ဘူး။

ဖိုးချစ်လေးက ARTလည်း သောက်ခွင့်လည်းရနေပြီ Padonmar အဖွဲ့ကပဲ ပခုက္ကူဆေးရုံကို လိုက်ပို့ပေးတာပါ။ ဆေးရုံတက်စရာ လို တော့ လည်း အဖွဲ့ကပဲ ငွေကြေးလှူဒါန်း ထောက်ပံ့ပေးခဲ့ပါတယ်။ Padonmar အဖွဲ့ ပခုက္ကူ အဖွဲ့ ကလည်း လာရောက် ကူညီပေးပါတယ်။ ဖိုးချစ်လေး ဆေးရုံတက်ဖို့ အိမ်ကငွေကုန်ကြေးကျ အရမ်းသက်သာလို့တော်သေးတာပေါ့။ ခုတော့လည်း ဖိုးချစ်လေး အရမ်းကျန်းမာလို့ ပျော်ရွင်နေပါပြီ။

No comments: