အံ့ဘုန်းမြတ်
အလုပ်ချိန် များပြားမှု လုပ်ခ လစာ နည်းပါးမှုတွေနဲ့ လုပ်ငန်းခွင် အဆင်မပြေ မှုတွေကြောင့် တနင်္လာ ရီတိုင်း၊ ထားဝယ် ခရိုင် ကံပေါက် ဒေသမှာ ထိုင်း နိုင်ငံပိုင် ပီတီတီ ကုမ္ပဏီက အလုပ် သမားတွေ ဆန္ဒပြ ခဲ့ကြ ပါတယ်။
ကံပေါက် ဒေသရှိ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း တွေမှာ အခြား ကုမ္ပဏီ တွေက အလုပ် သမား တဦး အတွက် တရက် လုပ်ခ ကျပ် ၇ ထောင် ပေးချိန်မှာ ပီတီတီ ကုမ္ပဏီက ကျပ် ၄ထောင်ပဲ ပေးတဲ့ အပြင် အလုပ်ချိန် တနေ့ ၁၂ နာရီ အထိ တိုးမြှင့် လုပ်ဖို့ လက်မှတ် ထိုးခိုင်း လာတာကြောင့် ကုမ္ပဏီ အလုပ် သမား ၆၀ လောက်က ဆန္ဒပြ ခဲ့ကြ တာပါ။
ဇန်နဝါရီ ၃၁ ရက် နေ့ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့ အထိ လုပ်ခ လစာ တိုးမြှင့်ရေး၊ နဂို အလုပ်ချိန် ၈ နာရီနဲ့ ထမင်း စားချိန် ပေးရေး၊ လုပ်ငန်းခွင် အဆင်ပြေ ရေးနဲ့ သယ်ယူပို့ဆောင်ရေး တာဝန် ယူပေးဖို့ ဆိုတဲ့ အချက်တွေကို တောင်းဆို နေကြ ပါတယ်။
သဘာဝဓာတ်ငွေ့စီမံကိန်းရဲ့ လူမှုစီးပွားဌာနကို ဒီပြဿနာတွေ တင်ပြခဲ့ပေမယ့် တစုံတရာ ဖြေရှင်းပေးတာမျိုး မရှိတာကြောင့် တောင်းဆိုဆန္ဒပြခဲ့ကြတာလို့ ဦးဆောင်ဆန္ဒပြခဲ့တဲ့ အလုပ်သမားတဦးက ပြောပြပါတယ်။
“ကျနော်တို့ ဆန္ဒပြမှု မဖြစ်ခင် ၂ ပါတ်လောက်အလိုမှာ သူက စာချုပ်တခု ချုပ်ဖို့ ကျနော်တို့ကိုပေးတယ်။ အဲဒီစာချုပ်ထဲမှာ အလုပ်သမားတွေရဲ့ တရက်အလုပ်ချိန် ၁၂ နာရီ၊ နောက်ပြီးတော့ တပတ်မှာ ၇ ရက်ဆင်းရမယ်၊ အဲဒီစာချုပ်ပါ ကျနော်တို့ သိမ်းထားတယ်။ လက်ခံတစောင် သိမ်းထားတယ်။ အဓိကအချက်တော့ အဲဒါပဲ။ ခံစားမှု၊ ဝန်ဆောင်မှုပါ တခုမှမရှိဘူး။ သူရဖို့ တခုတည်း ချုပ်ထားတဲ့စာချုပ်ပါ။ ကျနော်တို့ဆီမှာ လူမှုစီးပွား ဌာနကို တင်လိုက်ပါတယ်။ ၂ ပတ်လောက် စောင့်တယ်။ အခြေအနေမထူးလာဘူး။ ၃၁ ရက်နေ့က ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြတယ်။ ဆန္ဒပြတဲ့အထဲမှာ ၅၈ ယောက်ရှိပါတယ်။ ဒီနေ့အချိန်မှာတော့ နည်းနည်းလျော့လာတယ်။”
ဆန္ဒပြတောင်းဆိုနေပေမယ့် ကုမ္ပဏီတွေဘက်က ဘာမှ လုပ်မပေးသေးဘူးလို့လည်း ဆန္ဒပြ အလုပ်သမားခေါင်းဆောင်က ပြောပါတယ်။
“၃၁ ရက်နေ့က ဆန္ဒပြပြီးတာနဲ့ သူတို့က ကျနော်တို့ကို တာဝန်ခံတဲ့ လူကြီးက ကျနော်တို့ကို လစာတိုးပေးမယ်ဆိုပြီး နှစ်သိမ့်ပြီးတော့ ကားပေါ်တက်၊ ပိုက်ဆံရှင်းပေးမယ်ဆိုပြီး အဲဒီပုံစံမျိုးလုပ်တယ်။ လကုန်ရက်ဆိုတော့။ ဒါပေမယ့် ကျနော်တို့ကလည်း ဦးဆောင်ပြီး ကားပေါ်မတက်ခိုင်းဘဲ တရုတ်တွေနေတဲ့ ကုမ္ပဏီနဲ့ နောက်ပြီးတော့ ပီတီတီ ကုမ္ပဏီက နည်းနည်း ခပ်လှမ်းလှမ်းရှိတယ်။ အဲဒါကို လမ်းလျှောက် သွားပြီး အဲဒီ ပီတီတီ ကုမ္ပဏီအရှေ့မှာ အဲဒီစာရွက်တွေ ထောင်ပြီးတော့ ငြိမ်ငြိမ်သက်သက်နေပါတယ်။ လူကြီးတွေ၊ နိုင်ငံခြားသားတွေ၊ တာဝန်ရှိသူတွေ ထွက်လာတယ်။ အဲဒီမှာမှ သူတို့ ထိထိရောက်ရောက် လုပ်ပေးမယ် ပြောပြီးတော့ အခုချိန်ထိ ဘာမှ မထူးသေးဘူး။”
ဒီလို ကုမ္ပဏီတွေဘက်က လုပ်ဆောင်နေတာကို အစိုးရတာဝန်ရှိသူတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ ကြားဝင် ဖြေရှင်းပေးဖို့ကို လည်း အလုပ်သမားတွေက လိုလားနေတယ်လို့လည်း ဆိုပါတယ်။
သူတို့တောင်းဆိုနေတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ကံပေါက် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အလုပ်သမား ခေါင်းဆောင်တယောက် က “ကျနော်တို့က တင်ပြထားတာ အလုပ်ချိန် ၁၂ နာရီသတ်မှတ်ထားတာ အဲဒါကို ပြုပြင်ပေးသင့်တယ်။ အလုပ်သမား အကြိုအပို့ အစီအစဉ်တွေရှိတယ်။ အဲဒါတွေက လုံးဝ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာရတဲ့သူတွေ များတယ်။ ကျနော်တို့ ဒီ နယ်တဝိုက်မှာ။ နောက် အ လုပ်ချိန်အတွင်းမှာ အခုဆိုရင် ရေသန့်စက်က ရေကိုအလုံအလောက် မရဘူး။ ရေကို ဖြစ်သလို လိုက်သောက်နေရတယ်။ နောက်ပြီး အ လုပ်ထဲမှာ တရုတ် တွေက အလုပ်ခိုင်း စရာရှိရင် လက်နဲ့ ခေါ်ပြီး မခိုင်းဘူး။ ခြေထောက်နဲ့ ပြခိုင်းတယ်။”
ပြီးခဲ့လပိုင်းတွေကလည်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွေမှာ အလားတူ အလုပ်သမားတွေ လုပ်ခ လစာ အပြည့်အဝမရတာ၊ လုပ်ငန်းခွင် မသာယာမှုတွေကြောင့် မကျေမနပ်ဖြစ်ခဲ့ဖူးပါတယ်။
အစိုးရရဲ့ မူဝါဒတွေထဲမှာတော့ ဒီလိုပြဿနာတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီအစိုးရ၊ ပြည်သူကိုယ်စားလှယ်တွေ၊ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေ စေ့စပ်ညှိနှိုင်းဖြေရှင်းဖို့ဆိုတာမျိုးတွေ ချမှတ်ထားပါတယ်။
No comments:
Post a Comment