ရွှေညဝါ ဆရာတော် ဘဒ္ဒန္တ ဦးပညာ သီဟ က ဒီကနေ့ ကြည့်မြင်တိုင် သာဓု ပရိယတ္တိ စာသင် တိုက်က ထွက်ခွာ ခဲ့ပါတယ်။ရွှေညဝါဆရာတော် ဘဒ္ဒန္တ ဦးပညာသီဟဟာ ဒီကနေ့ နေလယ် ဆွမ်းစားပြီးချိန်မှာ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက်ကနေ မှော်ဘီ သဲအင်းဂူနားကို ပြောင်းရွှေတဲ့အခါမှာ တပည့် သံဃာနဲ့ ဒါယိကာတွေ မိန့်ကြားခဲ့တာနဲ့ ပတ်သက်ပြီး ဒကာ တဦးဖြစ်တဲ့ ကိုကိုကြီး (စမ်းချောင်း) က အခုလို ပြောပါတယ်။
“သူတို့ ငိုကြတော့ ဆရာတော်ကြီးက မငိုနဲ့တဲ့။ ငါက လူဝတ်လဲရတာလည်း မဟုတ်ဘူး။ ထောင်ထွက်ရတာလည်း မဟုတ်ဘူးပေါ့။ မင်းတို့တွေ့ချင်ရင် ငါနဲ့ အမြဲတမ်းတွေ့ နိုင်တာပဲတဲ့။ ငါလည်း မကြာခဏ ဒီကိုကြွမှာပါတဲ့။ မငိုကြဘဲနဲ့၊ ငိုမယ့်အစား မျက်ရည်တွေကို ခွန်အားအဖြစ် ပြောင်းပြီးတော့ နောက်ထပ် တက္ကသိုလ်ကြီး ထူထောင်နိုင်အောင် ကြိုးစားကြပါဆိုပြီး သူ့ရဲ့ တပည့် သီလရှင်တွေ၊ သံဃာတော်တွေ၊ပုဂ္ဂိုလ်တွေကို မိန့်ကြားပါတယ်။ မကြာခင် သာသနာ့ တက္ကသိုလ်ကြီးတခုကို ပြန်လည်ထူထောင်မယ့် အကြောင်းလည်း ပြောပါတယ်။”
ရွှေညဝါ ဆရာတော်ဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ သာဓုပရိယတ္တိစာသင်တိုက်ကနေ စွန့်ခွာလာခဲ့ရတာပါ။
ရွှေညဝါဆရာတော်ဟာ ရှေ့ဆက်လုပ်ရမှာတွေကို မိန့်မှာခဲ့တယ်လို့ ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
“သူက အမျိုး၊ ဘာသာ၊ သာသနာအတွက် အမြဲတမ်းလုပ်နေမှာပဲတဲ့။ ဒီလိုလုပ်တဲ့အတွက် ဖြစ်လာသမျှကို ဆရာတော်အနေနဲ့ ရဲရဲရင့်ရင့် လုပ်ဆောင် ရင်ဆိုင်သွားမယ့်အကြောင်း ပြောပါတယ်။ နောက်တခါ အမျိုးသားအရေးကို မြတ်စွာဘုရား၊ ဘုရားအလောင်းတို့ လုပ်ဆောင် ခဲ့ တဲ့ လမ်းစဉ်အတိုင်း ဆက်လက် ကျင့်ကြံ အားထုတ်သွားမှာ ဖြစ်တဲ့အတွက် ဆရာတော်အနေနဲ့ ဘာမဆို ရင်ဆိုင်သွားမယ်ဆိုတဲ့အကြောင်း မိန့်ပါတယ်။ သာသနာပြု လုပ်ငန်းတွေကိုလည်း ဘယ်တော့မှ ရပ်တန့်မသွားမယ့်အကြောင်း မိန့်ပါတယ်။”
သာဓုပရိယတ္တိ စာသင်တိုက်မှာ ကျောင်းနေ စာသင်သားသံဃာ အပါး ၂၅၀ လောက်ရှိပြီးတော့ အပြင်ကနေလာရောက်သင်ယူသူ သံဃာနဲ့သီလရှင် အပါး ၁၀၀၀ ကျော်ရှိနေပါတယ်။
ကျောင်းရဲ့ နောက်ဆုံးအခြေအနေကို ကိုကိုကြီး (စမ်းချောင်း) က “လောလောဆယ်တော့ လက်ထောက် ဆရာတော် ဦးတေဇနိယက ဆက်လက် အုပ်ချုပ်နေပါတယ်။ ကထိကတွေ၊ စာသင်၊ စာချ ဆရာတော်တွေ ရှိပါတယ်။ ကျောင်းဆက်ဖွင့်ခွင့် ရလား၊ မရဘူးလားဆိုတာတော့ မသိသေးပါဘူး။ အကယ်၍ ကျောင်းကို တက္ကသိုလ်ကြီးအဖြစ် ဆက်ဖွင့်ခွင့်မရဘူးဆိုလည်း ဒီ နှစ်ဝက်ကိုတော့ သည်းခံကြဖို့ ပြော ပါတယ်။ နောက် နှစ်ဝက်မှာ သံဃာတွေ၊ သီလရှင်တွေကို နေရာ ဌာနတခုကို စီစဉ်ပြီးတော့ စာပေ၊ ပရိယတ္တိတွေကို ဆက်လက်ပို့ချသွားမယ်လို့ မိန့်ပါတယ်။”
ဆရာတော်ကို တပည့် သံဃာ၊ ဒါယိကာတွေ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက မှော်ဘီ ယာယီကျောင်းအထိ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။
No comments:
Post a Comment