Sunday, February 10, 2013

ရှက်တတ်လျှင် လဲသေဖို့ကောင်းသော လွှတ်တော်အမတ်များနှင့် သမ္မတဦးသိန်းစိန်

အောင်ထူး (ရှေ့နေ) (မဟာဝိဇ္ဇာ၊ လူ့အခွင့်အရေး)

အရှက်နှင့်ဂုဏ်သိက္ခာကို တန်ဖိုးမထားသော ပုဂ္ဂိုလ်များအား ခိုင်းနိုင်းပြောဆိုသော မြန်မာဆိုရိုးစကား တစ်ခုရှိသည်။ ရှက်တတ်ရင် လဲသေဖို့ကောင်းသကွာ ဟူ၍ဖြစ်သည်။ ဤစကားမှာ လွှတ်တော်အမတ်များ နှင့် သမ္မတဦးသိန်းစိန်တို့အတွက် မှန်နေသလိုရှိသည်။ အဘယ်ကြောင့် နည်း။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုထားကြသော အမတ်မင်းများသည် ၄င်းတို့ကိုယ်တိုင်ပင် ဖွဲ့စည်းပုံကို ချိုးဖေါက်နေသောကြောင့်ဖြစ်သည်။

"နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" အား သမ္မတ၏ သဘောထားနှင့်ဆန့်ကျင်ကာ လွှတ် တော်ကအတည်ပြု လိုက်ရာ မကြေနပ်သော သမ္မတဦးသိန်းစိန်က ထောက်ပြသည့်အချက်များအနက် အဓိကအကျဆုံး အောက်ပါပြဌာန်း ချက် နှစ်ရပ်ကို နိုင်းယှဉ်လေ့လာ ကြည့်ပါ။

---------------------------------------------------------

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၂၁) ။ " နိုင်ငံတော် သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည့်သူ့လွှတ်တော် ဥက္ကဌကရွေးချယ် ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားလွှတ်တော် ဥက္ကဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးစုစုပေါင်း ကိုးဦး၏အမည်စာရင်း ကိုလည်း ကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌအဖြစ် တာဝန်ပေးအပ် ရန်အဖွဲ့ဝင်တစ်ဦး၏အမည်ကိုလည်း ကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းလျက် သဘောတူညီချက်ရယူမည်"

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၆။ ။ နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ က ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားလွှတ်တော် ဥက္ကဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ စုစုပေါင်းရွေးချယ်ထားသည့် အဖွဲ့ဝင်ကိုးဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် ဥက္ကဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသား လွှတ် တော် ဥက္ကဌတို့နှင့်ညှိနှိုင်း၍ ရွေးချယ်သည့်အဖွဲ့ဝင်တစ်ဦး၏အမည်ကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းပြီး သဘောတူညီ ချက်ရယူမည်။

--------------------------------------------------------------------------

ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည်မှာ သမ္မတတစ်ဦးတည်း၏သဘောနှင့် ခုံရုံးဥက္ကဌ တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်ကိုအမည်စာရင်းတင်သွင်းခွင့် ရှိသည်။ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေတွင်မူ ပြည်သူ့လွှတ် တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌတို့နှင့် ညှိနှိုင်းပြီးမှ တင်သွင်းခွင့်ရှိ သည်။ လုံးဝပင်ကွဲပြားခြားနားနေကြောင်း၊ ခုံရုံးဥပဒေသည် ဖွဲ့စည်းပုံကို အတိအကျဆန့်ကျင်လျှက်ရှိကြောင်း လယ်ပြင်တွင် ဆင် သွား သလို ထင်ရှားလှသည်။ ဥပဒေပညာ တတ်ရန်မလို။ မြန်မာစာ ဖတ်တတ်သူတိုင်းပင် နားလည်နိုင်သည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်နေ၀င်းဦးဆောင်၍ ၁၉၇၄ ဖွဲ့စည်းပုံကို ပြဌာန်းကျင့်သုံးခဲ့စဉ်ကပင် ဤမျှအရုပ်ဆိုးအ ကျည်း တန်သော ဥပဒေတိမ်း စောင်းမှုမျိုး မည်သည့်အခါကမျှ မဖြစ်ခဲ့။ ၁၉၇၄ ဖွဲ့စည်းပုံပါပြဌာန်းချက်ကို အတိအကျဆန့်ကျင်ထားသည့် မည် သည့်အခြားဥပဒေတရပ်မှ မပေါ်ထွက်ခဲ့။ ယခုမူ စစ်အာဏာရှင်ဟောင်းသစ်များနှင့် လိုလားသူ များသည် ၄င်းတို့ပြဌာန်းထားသည့်ဖွဲ့စည်းပုံကို ၄င်းတို့ကိုယ်တိုင်ပင် မလိုက်နာသဖြင့် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ ကြည့်လျှင် ကမ်းကုန်အောင် အောက်တန်းကျသွားပါပြီ။ ဤတချက်တည်းနှင့် ပင် ခုံရုံးဥပဒေ ပြင် ဆင် ချက်ကို ပြဌာန်းကြသောလွှတ်တော်အမတ်များသည် ရှက်တတ်လျှင်လဲသေကြဖို့ကောင်းသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် လက် နှီးစုတ် တစ်ခုမျှလောက်ပင် တန်ဖိုးမရှိတော့ပါ။ မိမိပြဌာန်းထားသည့် ဖွဲ့စည်းပုံကို မိမိမလိုက်နာသော လွှတ်တော် သည်လည်း အလား တူ ပင်။

ဤကိစ္စကို သမ္မတ ဦးသိန်းစိန်အဘယ်ကြောင့် လူသိရှင်ကြားထုတ်ဖေါ်သနည်းဟူသည်မှာ စိတ်ဝင်စားဘွယ် ဖြစ်လာသည်။ ယင်းနှင့်စပ် လျှဉ်း ၍ စာရေးသူ၏ ဆွေးနွေးချက်ကို ဘီဘီစီ လင့်ခ်တွင် နားဆင်ပါ။

https://docs.google.com/file/d/0BzC8VZhwp11ASWtRTFZmMEVaYTg/edit

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် သမ္မတ ဦးသိန်းစိန်အကြားတွင် ဥပဒေအရ ကစားရင်း ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း အားလုံးရောက် လာကြရန် ကျုံးသွင်းနေသည် ဟု စာရေးသူကသုံးသပ်ခဲ့သည်။ အဘယ်ကြောင့်နည်း။

လွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေမူကြမ်းကို သမ္မတက လက်မှတ်မထိုးစေဦး၊ (၁၄) ရက်ပြည့်သည့်နေ့တွင် လက်မှတ်ထိုးသကဲ့သို့ ဥပဒေဖြစ်လာမည်။ ဦးသိန်း စိန်ဥက္ကဌ လုပ်လျှက်ရှိသော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များ လွှတ်တော်အတွင်း နေရာအများစုရထားပါ လျှက် ၄င်းကို မထောက်ခံသောကြောင့် ဦးသိန်းစိန်၏ သဘောထားမှတ်ချက် ပယ်ချခံလိုက်ရ သည်၊ လွှတ်တော်နှင့် သမ္မတအားပြိုင်ကြ ရာ တွင် လွှတ်တော်ဖက်က အသာစီးရသွားသည်၊ လွှတ်တော်က လွှမ်းမိုးပြီး လက်စောင်းထက်၊ အာဏာပြနေသည်ဟု သုံးသပ်လျှင်မမှားပါ။ သို့သော် ဦးသိန်းစိန် လည်း မရှုံးပါ။

"ဖွဲ့စည်းပုံ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" ပါ ပြဌာန်းချက်များသည် အခြေခံဥပဒေကို ဆန့်ကျင်နေသည်ဟု လူသိရှင်ကြားထောက် ပြလိုက်ခြင်းဖြင့် " အော်ဒီ သမ္မတဟာ ဥပဒေပြုရေးလုပ်ငန်းစဉ် ကို ရှင်းရှင်းလင်းလင်း ရှိ အောင် လုပ်ဆောင်သူဘဲ" ဟု လူထုက အထင်ကြီး သွားနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပ ဒေနှင့် ဆန့်ကျင်နေကြောင်း သိပါလျှက် လွှတ်တော်အမတ်လူများစု၏ သဘောထားကို လေးစားသော အား ဖြင့် ဥပဒေအဖြစ် အတည်ပြုလက်မှတ် ထိုးလိုက်ရပါသည် ဆိုခြင်းဖြင့် " အော်ဒီ သမ္မတဟာ ဒီမိုကရေစီ ကျင့်စဉ်ကိုလေးစားသူဘဲ" ဟု သိက္ခာတက်သွားနိုင်သည်။ "ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ခန့်အပ်ခံလိုက်ရတဲ့ တရားသူကြီးတွေဟာ ခန့်အပ်သူတွေကို အစီ ရင်ခံစာတင်သွင်းရမယ် ဆိုတာဟာ ဖွဲ့စည်းပုံခုံရုံးရဲ့ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကို ထိခိုက်သွားစေတယ်။ " ဟု ၄င်းက ရှင်းပြခြင်းဖြင့် " အော်ဒီ သမ္မတဟာ ဥပဒေစိုးမိုးရေးကို တကယ်တန်းလေးစားသူဘဲ" ဟု တန်ဘိုးထားသွားနိုင်သည်။ ယင်းအခြေအနေတွင် ဦးသိန်းစိန်သည် လည်း နိုင်ငံရေးအ ရ အမြတ်ထွက်သွားပါသည်။ လွှတ်တော်ရော သမ္မတပါ နှစ်ဘက်လုံးနိုင်သည့် အခြေအနေ ဖန်တည်းထားခြင်း ဖြစ်သည်။

သို့ရာတွင် တချိန်တည်း၌ လူထုအနေဖြင့် ရှင်းလင်းစွာစဉ်းစားနိုင်ပါက ဦးသိန်းစိန်သည်လည်း ရှက်တတ်လျှင် လဲသေဖို့ကောင်းသော သမ္မတ သာဖြစ်ကြောင်း နားလည်နိုင်သည်။ လွှတ်တော်အမတ်လူများစု၏ သဘောထားကိုလေးစား သောအားဖြင့်ဟူသည့် ဆင်ခြေမှာယုတ္တိမရှိပါ။ ကြိုတင်မဲများဖြင့် အနိုင်ယူထားသော အမတ်များ၊ လူထုကိုယ်စားလှယ် မဟုတ်သော စစ်သားအမတ်များ လွှမ်းမိုးထားသော လွှတ်တော် အ တွင်းတွင် အများစု၏သဘောထားဟူသည်မှာ အနှစ်သာရ မရှိပါ။ ဥပဒေ ပြသနာ ကို ဒီမိုကရေစီဖြင့် မဲခွဲဆုံးဖြတ်၍မရပါ။ ဖွဲ့စည်းပုံအခြေခံဥ ပဒေကို ဆန့်ကျင် နေကြောင်းတိတိ ကျကျသိပါလျှက် ဥပဒေအ ဖြစ် လက်မှတ်ရေးထိုးပေးလိုက်ခြင်းအားဖြင့် ဦးသိန်းစိန် ကိုယ်တိုင် ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖေါက်သူဖြစ်သည်။ လက်မှတ်မထိုးဘဲ တင်းမာစွာရပ်ခံနေလျှင် ခုံရုံးတရားသူကြီး ကိုးဦးကဲ့သို့ စွပ်စွဲပြစ်တင်ခံရပြီး သမ္မတရာ ထူး တာဝန်မှ ပြုတ်သွားနိုင်သောကြောင့် လက်မှတ်ထိုးလိုက်ရခြင်း ဖြစ်သည်။

" ခန့်အပ်ခံလိုက်ရတဲ့ တရားသူကြီးတွေဟာ ခန့်အပ်သူတွေကို အစီရင်ခံစာတင်သွင်းရမယ် ဆိုတာဟာ ဖွဲ့စည်းပုံခုံရုံးရဲ့ လွတ်လပ်စွာတရားစီ ရင် ပိုင်ခွင့်ကို ထိခိုက်သွားစေ တယ်။" ဟု ဦးသိန်းစိန်က ပြောသွားသည်။ အစီရင်ခံစာ တင်သွင်းရမည်ဟူသည့် ပြဌာန်းချက်ကိုပြန်ဖြုတ်လိုက် ရုံမျှနှင့် ဖွဲ့စည်းပုံခုံရုံးတွင် လွတ်လပ်စွာတရားစီရင်ပိုင်ခွင့် ပြန်လည်ရရှိတော့မလိုလို လူ ထုအား ယုံမှားစေသည်။ ၂၀၀၈ ဖွဲ့စည်းပုံတစ်ခု လုံး တွင် လွတ်လပ်စွာတရားစီရင်ရေးသည် အခြေခံအားဖြင့်ပင် ကင်းမဲ့နေသည်။ အသေးစိပ်များကို ခေတ္တထားပါဦး။ အဓိကအားဖြင့် နှစ်ချက် ကို ကြည့်ရန်ဖြစ် သည်။ တရားသူကြီးများကို ဘယ်လိုခန့်အပ်သလဲ၊ တရားသူကြီးတွေရဲ့ရာထူးနေရာ တည်မြဲမှုကို အာမခံတဲ့ပြဌာန်းချက် ပါရဲ့လား ဟူ၍ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ဤနှစ်ချက်စလုံးတွင် လစ်ဟာနေသည်။ ဘီဘီစီတွင် ဆွေးနွေးချက်ကို ဤလင့်ခ်တွင် နားဆင်နိုင် ပါသည်။ https://docs.google.com/file/d/0BzC8VZhwp11AVHZPSVplaTBNbm8/edit

စစ်ဘက်ဆိုင်ရာတရားရုံးများ သီးခြားဖွဲ့စည်းမှုကို ထည့်သွင်းပြဌာန်းထားသော အခါတရားစီရင်ရေး လွတ်လပ်မှုသည် သုညအောက် အနုတ် လက္ခဏာအထိ ကျဆင်းသွားခဲ့ပြီ။ သီးခြားဖြစ်သော စစ်ဘက်ဆိုင်ရာ တရားရုံးတွင် အယူခံစီရင်ပိုင်ခွင့်အာဏာ ရယူထားသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စစ်တပ်ကို ဦးဆောင်ကာ မည်မျှ ပြင်းထန် သောပြစ်မှုကြီးများကျူးလွန်စေဦး၊ ၄င်းကို မည်သည့်တရားရုံးကမျှ အရေးမယူနိုင်။၂၀၀၈ ဖွဲ့စည်းပုံအောက်တွင်၎င်းသည် ဥပဒေ၏ အထက်၌ ရောက်လျှက်ရှိသည်။ ဤသည်ကို ရှင်းရှင်းကြီးသိပါလျှက် တရားစီ ရင်ရေးလွတ်လပ်မှုကို လူထုယုံမှားအောင်ပြောနေသော ဦးသိန်းစိန် သည် ကိုယ့်သိက္ခာကိုယ် ရှက်ဖို့ကောင်းပါသည်။

No comments: