Friday, February 15, 2013

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ဂီတပွဲတော် မြင်ကွင်း

ကြယ်ပြာ

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ဂီတပွဲတော် ကျင်းပပြုလုပ်တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပြည်လမ်းက တော်ဝင်စင်တာရဲ့ ၇ ထပ်မှာတော့ မြန် မာသံစဉ်များ ဖုံးလွမ်းနေပြီး ကာလာစုံ အ၀တ်အစားများ ၀တ်ဆင် ထားကြတဲ့ လူတွေနဲ့ ရေမွှေး ရနံ့မျိုးစုံက နေရာအနှံ့ ဝေ့၀ဲရောက်ရှိနေကြ ပါတယ်။

စတိတ်စင်ကြီး တခုလုံးကတော့ အနက်ရောင်တွေနဲ့ မည်းမှောင်နေပြီးတော့ လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ဂီတပွဲတော်ဆိုတဲ့စာတန်းအောက် မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အဖြူ အမည်း မျက်နှာတပိုင်းပုံကို တွေ့ရတယ်။ သူ့ပုံရဲ့ဘေးမှာ တော့ Free Art, Free Thought, Freedom ဆိုတဲ့စာသားတွေကို ပုံဖော်ရေးသားထားပါတယ်။

ညနေ ၆ နာရီကျော်မှာ ပွဲစီစဉ်သူတဦးဖြစ်တဲ့ ဇာဂနာက စင်ပေါ်ကိုတက်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးစဉ် သွားနေတာ ကြောင့် ယခုပွဲကို မလာနိုင်တော့တဲ့အတွက် သူ့ရဲ့ သ၀ဏ်လွှာကို ဖတ်ကြားပေးဖို့ အကယ်ဒမီ ထွန်းအိဒြာဗိုလ်ကို ဖိတ်ခေါ်လိုက်ပါတယ်။

“အနုပညာအတွက် လွတ်လပ်ခြင်းက အရေးကြီးသလို လွတ်လပ်ခြင်းအတွက် အနုပညာကလည်း အရေးကြီးတယ်။ မိမိယုံကြည်ရာကို ဆန္ဒ အ လျောက် လွတ်လပ်စွာ လုပ်နိုင်ဖို့က အနှောင်အဖွဲ့ ကင်းဖို့လိုတယ်” လို့ ဆိုတာကတော့ သ၀ဏ်လွှာပါ အချက်တခုပါ။

အဲဒီနောက် NLD နာယကတဦးဖြစ်သူ ဦးတင်ဦးက အမှာစကားတခုအနေနဲ့ အနုပညာရှင်တွေနဲ့ အခုလို မိန့်ခွန်းပြောတာက ပထမဆုံးအကြိမ် ဖြစ်ပေမယ့် နိုင်ငံတော်ရဲ့ အချူပ်အခြာအာဏာ တည်ဆောက်ရေး မှာ အနုပညာက ခံတပ်တခုအနေနဲ့ ကာကွယ်ပေးထားနိုင်တယ်လို့ နား လည်ကြောင်း ပြောကြားသွားပါတယ်။ အမှာစကားအဆုံးမှာတော့ လက်ခုပ်သံတွေက အချိန်တော်တော်ကြာ ခန်းမထဲမှာ မြည်ဟိန်းနေပါ တယ်။

ကျန်းမာရေး အခြေအနေကြောင့် ခုံပေါ်မှာ ထိုင်လျက်နဲ့ပဲ အမှာစကားပြောရသူကတော့ NLD နာယကတဦးဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ပါ။

နှစ်ပေါင်း ၅၀ လောက် လွတ်လပ်တဲ့အတွေးအခေါ်၊ အကြံအဆ၊ ဖန်တီးရေးဆွဲနိုင်မှု စွမ်းရည်တွေ ပြခွင့်မရခဲ့တဲ့ အခြေအနေတွေ အကြောင်း၊ လွတ်လပ်မှုကို ရလိုတာကြောင့် စကားနည်းနည်းလေး ပြောရုံနဲ့ အသက်ပျောက်ခဲ့ရတဲ့ လူတွေ ရှိခဲ့ကြောင်း ဦးဝင်းတင်က ပြောပါတယ်။

“ပါတီမှာလုပ်တာ နွားလိုပဲ ရှေ့ကသွားသမျှ နောက်က မပြောင်းလဲဘဲ လိုက်မယ်ဆိုပေမယ့် ဦးနှောက်ရှိလို့ နွားလို မလိုက်တော့ဘဲလွတ်လပ် စွာ တွေးခေါ်မှုတွေကို ကိုင်ဆွဲ ကျင့်သုံးနေပါတယ်။ အနုပညာက မရှိလို့မဖြစ်ပါဘူး” လို့ ဦးဝင်းတင်က ဆိုပါတယ်။

ယမန်နှစ်က လွတ်လပ်ရေးနေ့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ လွတ်လပ်ခြင်း အနုပညာပွဲတော်မှာတော့ ယခုနှစ်လိုမျိုး ဂီတပြိုင်ပွဲ ပါဝင်ခဲ့ ခြင်း မရှိပါဘူး။ ဒါ့အပြင် အွန်လိုင်းကနေ ပါဝင်ယှဉ်ပြိုင်သူတွေ တိုးပွား လာလို့ ဇာတ်လမ်းတိုဆိုရင် ၅၅ ကားအထိ ရှိလာကြောင်း သိရ ပါ တယ်။

အချိန်ကိုက် ရောက်မလာနိုင်ခဲ့တဲ့ ဇာတ်ကားတွေရှိခဲ့လို့ နောက်ဆုံးမှာ ၃၃ ကားကိုသာ ရွေးချယ်ပြသပေးခဲ့ပါတယ်။

အသစ်ထပ်မံ တိုးချဲ့လိုက်တဲ့ ဂဏ္ဍတွေကတော့ ရွှေFM ကနေ မဲတောင်းပြီးတော့ ရွေးချယ်ထားတဲ့ ပရိသတ်အကြိုက်ဆုံး တေးသီချင်းဆု၊ အ ကောင်းဆုံး မြန်မာ့သံစဉ် တေးသီချင်းဆု၊ အကောင်းဆုံး Hip Hop တေးဆုတွေပါ။

ဂီတမှာဆိုရင် ပါဝင်ယှဉ်ပြိုင်သူပေါင်း ၁၀၈ ဦးထံကနေ သီချင်းအပုဒ်ရေ ၁၁၇ ပုဒ် လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

အမှာအစကားတွေ အပြီးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်တွေကို အဓိက ဖော်ကျူးထားတဲ့ မြန်မာသံ သီချင်းကို အဆိုတော် ဒေါ်ရီရီ သန့်က သီဆိုပြီး Hip Hop သီချင်းတွေကိုတော့ ယှဉ်ပြိုင်သူတချို့က သီဆို ဖျော်ဖြေပါတယ်။

“မင်္ဂလာပါ ဒီမိုကရေစီ” ဆိုတဲ့ ခေါင်းစဉ်ရဲ့ အောက်မှာ ပြိုင်ပွဲဝင်အားလုံးက အမျိုးအစားအစုံအလင်နဲ့ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။

အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက် ကြေညာပေးတဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို “The Bright Future” ဆိုတဲ့ဇာတ်ကားနဲ့ ဒါရိုက်တာ ရှင် ဒေ၀ီက ရရှိပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မြန်မာပြည် ပ ညာရေးစနစ်မှာ ကလေးဗဟိုပြု သင်ကြားရေးစနစ် ကနေ ကောင်းမွန်လှ ပတဲ့ အနာဂတ်တခုကို ပိုင်ဆိုင်နိုင်ကြောင်းကို ဖော်ညွှန်းပြသထားတာပါ။

ဒါရိုက်တာ ရှင်ဒေ၀ီက သူ့အနေနဲ့ မှတ်တမ်းရုပ်ရှင်ဆိုတာ သမိုင်းကို လူတွေ လုံးဝမေ့မသွားအောင် ကြားကနေ မီဒီယာတဆင့်ခံပြီးတော့ လုပ် ပေးခြင်းဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုသွားပါတယ်။

“Dawn of the Nation” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ မြင်ကွင်းအ ကြောင်းကို ရိုက်ထား ကူးခဲ့တဲ့ Reuters သတင်းဌာနက ဓာတ်ပုံသတင်းထောက် ကိုစိုးဇေယျာထွန်းက အကောင်းဆုံး Photo Essay ဆုကို ရရှိခဲ့ပါတယ်။

“ဆုရချင်လို့ ပြိုင်တာ မဟုတ်ပါဘူး။ အဓိကက ပြချင်လို့ပြိုင်တာပါ။ နေအိမ်အကျယ်ချုပ် ကျနေတုန်းက သူ့ (ဒေါ်အောင်ဆန်းစုကြည်) အိမ် နားမှာ ဘာဖြစ် နေတယ်ဆို တာကို သူမသိနိုင်ပါဘူး။ ရောက်ခဲ့တဲ့လူတွေသာသိခဲ့တာပါ။ သူသိစေချင်လို့ ပြိုင်ခဲ့တာပါ” လို့ ကိုစိုးဇေယျာ ထွန်းက ဆိုပါတယ်။

ပရိသတ်တွေကတော့ ဆုရရှိတဲ့လူတွေ ယှဉ်ပြိုင်ထားကြတဲ့ ဓာတ်ပုံ၊ ရုပ်ရှင်တွေကို ကြည့်လိုက်ရတိုင်း လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ အား ပေး ကြပါတယ်။

အကောင်းဆုံး ဇာတ်လမ်းတိုဆုအတွက် ပါဝင်ယှဉ်ပြိုင်သူ အရေအတွက် အလွန်များခဲ့ပြီးတော့ ဇာတ်လမ်းတွေကလည်း ကောင်းခဲ့တာကြောင့် ဆန်ကာတင်အဆင့်ကို ၅ ကားအထိ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် တဆုသာ ရွေးချယ်တာဖြစ်ပြီး ဒီဆုကို ဒါရိုက်တာ သုတ (မော် ကွန်း) က “မင်္ဂလာပါ ဒီမိုကရေစီ” ဆိုတဲ့ ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။

ဇာတ်လမ်းပုံစံလေးကတော့ ဆန်းပါတယ်။ ကချင်မှာဖြစ်နေတဲ့ တိုက်ပွဲအကြောင်း၊ လက်ပံတောင်းမှာ ဘုန်းကြီးတွေ ဒဏ်ရာရခဲ့တဲ့ အဖြစ်အ ပျက်နဲ့ မီးမလာတဲ့အတွက် ဖယောင်းတိုင်ကလေးကို ထွန်းပြီးတော့ မင်္ဂလာပါလို့ ပြောနေတဲ့ လူတွေအကြောင်းကို ဖော်ညွှန်းထားပါတယ်။ ယနေ့အချိန်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ အံခွင်ဝင်ကျဖြစ်နေတာကို တွေ့ရပါတယ်။

ယင်းဇာတ်လမ်းတိုများထဲကနေပဲ ပရိသတ်အကြိုက်ဆုံးဆုကို Spring Hlegu ဆိုတဲ့ ဇာတ်ကားနဲ့ ဒါရိုက်တာ ထွန်းထွန်းအေးက ရရှိသွားခဲ့ ပါတယ်။ ဒီဇာတ်ကား အကျဉ်းကတော့ ၂၀၁၂ ဧပြီလဆန်းမှာ ကြားဖြတ်ရွေးကောက်ပွဲကို လှည်းကူးမြို့မှာ ကျင်းပခဲ့စဉ်က အကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

ဒီဇာတ်ကားအတွက် ဒါရိုက်တာ ထွန်းထွန်းအေးရဲ့ မှတ်ချက်ကတော့ “ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲဆိုသည်မှာ ဖြတ်သန်းရစမြဲ” ပါတဲ့။

သူငယ်တော်ရုပ် ကြိုးဆွဲရာ ကနေတာကို တီးဝိုင်းကလည်း ကြိုးဆွဲရာ လိုက်တီးနေရပြီးတော့ ပရိသတ်ကလည်း ကြိုးဆွဲရာ လက်ခုပ်တီးရပုံကို ယနေ့ခေတ် အခြေအနေနဲ့ ယှက်နွယ် ဖန်တီးထားတဲ့ ရုပ်စုံသ ဘင် ဆိုတဲ့ Animation ဇာတ်ကားက အကောင်းဆုံး Animationဆုကို ရရှိခဲ့ပါ တယ်။

ဒီဇာတ်ကားကို ဖန်တီးတဲ့ ကိုရဲဝင်းက နိုင်ငံခြားပညာရှင်တွေ ဖန်တီးထားတဲ့ ဆော့ဖ်ဝဲလ်တွေကို အခမဲ့ ခိုးယူသုံးစွဲခဲ့ပြီးတော့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်လို့ သူဟာ သူခိုးတယောက်ပါ။ ဒီလူတွေကိုလည်း ကျေးဇူးတင် ထိုက်သူတွေ စာရင်းထဲမှာ ပါတယ်လို့ ပြောသွားပြီး ပရိသတ်တွေရဲ့ နှစ် ခြိုက်သြဘာပေးမှုကို ရရှိခဲ့ပါတယ်။

အကောင်းဆုံး မြန်မာ့သံစဉ် တေးသီချင်းဆုမှာ ယှဉ်ပြိုင်သူအများစုက ဗိုလ်ချူပ် အောင်ဆန်းရဲ့ ဂုဏ်ပုဒ်ကို ဖော်ညွှန်းထားတဲ့ သီချင်းတွေနဲ့ပါ။ ဒီထဲကနေ “အကြီးမြတ်ဆုံး ဂုဏ်” ဆိုတဲ့ သီချင်းနဲ့ ရဲနိုင်လင်း (ကျိုက်လတ်) က ရရှိခဲ့ပါတယ်။ အကောင်းဆုံး ခေတ်ပေါ်သံစဉ်ဆုကိုတော့ လင်း ထက်က ရရှိခဲ့ပါတယ်။

ယခုနှစ်မှ ထူးထူးခြားခြား ပါဝင်လာတဲ့ အကောင်းဆုံး Hip Hop ဆုကိုတော့ Extra Tea အဖွဲ့က ရရှိသွားပါတယ်။

ပြည်သူချစ်သော တို့ဗိုလ်ချူပ် အောင်ဆန်း ဆိုတဲ့ သီချင်းနဲ့ စိန်ညီဆွေမန်းက ပရိသတ်အကြိုက်ဆုံး တေးသီချင်းဆုကို ရရှိခဲ့ပါတယ်။

ဆုရရှိတဲ့ ဇာတ်ကားတွေကို အစမ်းသဘော ပြသသွားပြီး တကားကို အများဆုံး စက္ကန့်သုံးဆယ် ကျော်ကျော်လောက်သာ ပြသခဲ့တဲ့အတွက် ကြည့်ရှုရတဲ့ ပရိသတ်တွေ အားမလို အားမရဖြစ်နေတာ တွေ့ရပါတယ်။

ယခင်နှစ်ကလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုများကို မပေးနိုင်ပေမယ့် လာရောက်ကြည့်ရှုသူ အလွန်များပြီးတော့ အားပေးသံများ ညံ ခဲ့ပါတယ်။ ဆိုရသူတွေကလည်း ကျေးဇူးတင်ကြောင်း စကားတွေကို လှိုက်လှိုက်လှဲလှဲ ၀မ်းသာအားရ ပြောကြပါတယ်။

ဆုပေးပွဲအခမ်းအနားထဲမှာ လူတွေစည်ကားသလို ဒီပွဲကို တော်ဝင်စင်တာရဲ့ အရှေ့က LCD ဖန်သားပြင်မှာပါ တိုက်ရိုက် ထုတ်လွင့် ပြသနေ တာမို့ လမ်းပေါ်မှာ မတ်တတ်ကြည့်သူတွေ အပါအ၀င် လိုင်းကား၊ ကိုယ်ပိုင်ကားများပေါ်ကနေ ငေးမော ကြည့်ရှုသွားကြတဲ့ သူတွေကို မြင်တွေ့ရပါတယ်။

No comments: