Wednesday, April 24, 2013

မတရားပြစ်ဒဏ်ခံရသည့် ရခိုင်နိုင်ငံရေးအကျဉ်းသားနှစ်ဦး ထောင်မှပြန်လွတ်

မိုးဇော်

မတရားပြစ်ဒဏ် ချမှတ်ခံထားရသော ရခိုင်နိုင်ငံရေးအကျဉ်းသား ကိုရဲထက်စိုးနှင့် ကိုနိုင်စိုးတို့ နှစ်ဦးအား နိုင်ငံသမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ဧပြီလ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် အာဏာပိုင်တို့က သက်ဆိုင်ရာ အကျဉ်းထောင်များမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

သမ္မတ၏ ဧပြီ ၂၃ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လွှတ်ပေးလိုက်သူ အကျဉ်းသားစုစုပေါင်း ၉၃ ဦးတွင် အဆိုပါ ရခိုင်နိုင်ငံရေးအကျဉ်းသားတို့ နှစ်ဦးလည်း ပါဝင်သည်။

ပြန်လည် လွတ်မြောက်ခြင်းနှင့် ပတ်သက်၍ ကိုရဲထက်စိုးက " ကျနော်ကအင်းစိန်ထောင်က လွတ်လာတာပါ။ ကိုနိုင်စိုးကတော့ ပခုက္ကူထောင်ကနေ ဒီနေ့လွတ်လာပြီလို့သိရတယ်။ ကျနော်ကို ချထားတဲ့ ကိုးနှစ်မှာ လျှော့ရက်နဲ့ဆို ၁ နှစ်ခွဲ လောက်ထောင်ကြွေးကျန်သေးတယ်။ထောင်ဗူးဝက ထွက်ခါနီးမှာ ၄၀၁ ကို လက်မှတ် ထိုးခဲ့ရသေးတယ်။ " ဟု ပြောသည်။

၂၀၀၉ ခုနှစ် စက်တင်ဘာတွင် နိုင်ငံရေးလှုပ်ရှားမှုကို အခြေခံ၍ ၄င်းတို့နှစ်ဦးအား မတရားဖမ်းဆီးလျက် ကိုရဲထက်စိုးကို အသင်းအဖွဲ့ပုဒ်မအရ၃ နှစ်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေအရ ၅နှစ်နှင့် အီလက်ထရောနစ်ဥပဒေအရ ၁ နှစ် စုစုပေါင်းပြစ်ဒဏ် ၉ နှစ်၊ ကိုနိုင်စိုးကိုအသင်းအဖွဲ့ပုဒ်မအရ ၃ နှစ်၊ ပေါက်ကွဲ စေတတ်သော ပစ္စည်းများ အက်ဥပဒေအရ ၅ နှစ်ပါဝင်သည့် စုစုပေါင်းပြစ်ဒဏ် ၈ နှစ် ဖြင့်ပြစ်ဒဏ်များချမှတ်ထားခဲ့ ခြင်းဖြစ်သည်။

စတင်ဖမ်းစဉ်က မြေပုံမြို့နယ်ဇာတိ ကိုရဲထက်စိုးကို ရန်ကုန်တွင်လည်းကောင်း၊စစ်တွေဇာတိ ကိုနိုင်စိုးကို စစ်တွေ၌လည်းကောင်း ဖမ်းဆီးပြီးအင်းစိန်ထောင်တွင် တိုက်ပိတ်လျက် ထောင်တွင်းတရားစီရင်ခဲ့သည်။

" ကျနော်တို့ကို အင်းစိန်ထောင်မှာ တိုက်ပိတ်ထားပြီး၊ ထောင်တွင်းမှာပဲ တရားစီရင်ခဲ့တယ်။ ကျနော့်ကိုတော့ အင်းစိန်မှာပဲ ဆက်တိုက်ချထားပေမယ့်၊ကိုနိုင်စိုးကိုတော့ နယ်ထောင်တွေကိုပြောင်းစေတယ်။ အစောပိုင်းကာလ ထောင်အနေအထားနဲ့စာရင် လက်ရှိထောင်အနေအထားက အတော်အသင့်ကောင်းတယ်ဆိုရမှာပေါ့ဗျာ။ ဒါပေမယ့် စိတ်မကောင်းစရာက အခု ရက်ပိုင်းအင်းစိန်ထောင်ထဲမှာ HIV နဲ့ TB ဝေဒနာရှင်တွေ ဆေးလုံးဝ ပြတ်နေတယ်ဗျ။ " ဟု ကိုရဲထက်စိုးက ဆိုသည်။ပြင်ပအနေအထားကို ယခုမှ လေ့လာရဦးမှာ ဖြစ်ပြီး၊ မည်သည့်အနေအထား၌ ဖြစ်စေတိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် လူမှုဝန်ထမ်းလုပ်ငန်းများကိုတစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။

" ကျနော်တို့ အခုမှ အပြင်ကိုရောက်လာကြတာဆိုတော့ ပြင်ပအခြေအနေတွေကို လေ့လာရအုံးမယ်။ ကျနော်တို့ ရဲဘော်ရဲဘက်တွေနဲ့ တွေ့ကြရအုံးမယ်။ သေချာတာတခုကတော့ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် လူမှုရေး လုပ်ငန်းတွေကိုဆက်လုပ်သွားဖို့ ထောင်ထဲမှာကတည်းက ဆုံးဖြတ်ထားပါတယ်။ " ဟု ဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသား လူငယ်များအစည်းအရုံး (AASYC)၏ အဖွဲ့ဝင်များ အဖြစ်စွပ်စွဲလျက် ရခိုင်လူငယ် ၁၁ ဦးအား၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းဆီးကာ ၃ နှစ်မှ ၉ နှစ်အထိ ပြစ်ဒဏ်များ ချမှတ်ထားခဲ့ရာတွင် ၉ ဦးအား ပြန်လွှတ်ပေးခဲ့ပြီးနောက်ကိုရဲထက်စိုးနှင့် ကိုနိုင်စိုးတို့ နှစ်ဦးမှာ နောက်ဆုံးမှ ပြန်လွတ်လာသူများဖြစ်ကြသည်။

No comments: