Monday, July 8, 2013

ရခိုင်ခေါင်းဆောင်နှစ်ဦးကို ရက္ခိုင့်ဂုဏ်ဆောင်ဆု ချီးမြင့်မည်

မောင်နီမိုး

ရခိုင်တစ်မျိုးသားလုံး၏ ဆန္ဒကို လေးစားလိုက်နာပြီး အမျိုးသား သွေးစည်းညီညွတ်ရေး အတွက် ဦးဆောင် ကြိုးပမ်းခဲ့ကြသည့် ရခိုင်ပါတီကြီးနှစ်ခုမှ ခေါင်းဆောင် နှစ်ဦးကို ရက္ခိုင့် ဂုဏ်ဆောင်ဆု ချီးမြင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ရက္ခိတဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ် အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ယမန်နေ့က ပြုလုပ်သော အကြိုညှိနိုင်း အစည်းအဝေးတွင် ဆုချီးမြှင့်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးသို့ ရခိုင်အဖွဲ့အစည်းပေါင်း (၂၁) ဖွဲ့မှ ကိုယ်စားလှယ်များ အပါအ၀င် လူပေါင်း (၆၀) နီးပါးခန့် တက်ရောက်ခဲ့သည်။

ရခိုင်တစ်မျိုးသားလုံး၏ ဆန္ဒကို လေးစားလိုက်နာပြီး ပြည်သူများ လိုလားနေကြသော ရခိုင်ပါတီ နှစ်ခု ပေါင်းစည်းရေးကို ဆောင်ရွက်နိုင်ခဲ့ကြသဖြင့် ရခိုင် ပါတီနှစ်ခုမှ ခေါင်းဆောင်နှစ်ဦးကို ရက္ခိုင့် ဂုဏ်ဆောင်ဆု ချီးမြှင့်ရန် ရွှေးချယ် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ရက္ခိတ ဖောင်ဒေးရှင်း၏ ဒု-ဥက္ကဌ
ဦးအောင်သိန်းထွန်း က နိရဉ္စရာသို့ ပြောသည်။

ဆုချီးမြှင့်ခံရမည့် ခေါင်းဆောင် (၂) ဦးမှာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်တို့ ဖြစ်ကြသည်။

“ ကျနော်တို့ လူမျိုးရဲ့ အရေးကြီးတဲ့ ရခိုင်အမျိုးသား သွေးစည်းညီညွတ်ရေးအတွက် ရခိုင် ပါတီ နှစ်ခုကို ပေါင်းစည်းနိုင်အောင် ဦးဆောင်ကြိုးပမ်းနိုင်ခဲ့ကြတဲ့ ခေါင်းဆောင် နှစ်ဦးကို ကျနော်တို့ ရခိုင် တစ်မျိုးသားလုံး အနေနဲ့ ဂုဏ်ပြုသင့်တယ်။ ဂုဏ်ပြု ထိုက်တယ်။ ဒီအတွက် ရန်ကုန်မှာ ရှိနေတဲ့ ရခိုင် အဖွဲအစည်းတွေကို ဖိတ်ပြီးတော့ ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်ပါတယ်။ တက်ရောက် လာတဲ့ ကိုယ်စားလှယ်တွေက ၀မ်းပန်းတသာ ကြိုဆိုကြတယ်။ သဘောတူကြတယ်။ ဒါကြောင့် လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့မှာ ဆုချီးမြှင့်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ဦးအောင်သိန်းထွန်းက ဆက်ပြောသည်။

ဇူလိုင်လ ၁၄ ရက်နေ့မှာ ရက္ခိဖေါင်ဒေးရှင်း နှစ်ပတ်လည်နေ့ ဖြစ်ပြီး တက်ရောက်လာသော အဖွဲ့အစည်းများ အားလုံး၏ သဘောတူညီ ဆုံးဖြတ်ချက်အရ ရက္ခိတ ဖောင်ဒေးရှင်း (Rakhita Foundation)မှ ဦးဆောင်ပြီး ရက္ခိုင့် ဂုဏ်ဆောင်ဆု ချီးမြင့်သွားမည် ဖြစ်သည်။

ဆုချီးမြှင့်မည့် ရက္ခိတဖေါင်ဒေးရှင်းအဖွဲ့သည် ရန်ကုန် အခြေစိုက် ရခိုင်လူမူအဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ၂၀၁၂ခုနှစ် ဇူလိုင်လ ၁၄ရက် နေ့တွင် ရခိုင်လူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူ ပြုနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ရက္ခိတ ဖောင်ဒေးရှင်း (Rakhita Foundation)၏ ဆောင်ပုဒ်မှာ (အမှန်တရား၊ ယုံကြည်မှု့၊ ပွင့်လင်း မြင်သာမှု) တို့ ဖြစ်ကြောင်းသိရသည်။ အမှတ် (၁၅၄)၊ လွတ်လပ်ရေးလမ်း၊ (ဃ)ရပ်ကွက်၊ သင်္ဃကျွန်းမြို့နယ်တွင် ရုံးခန်း ဖွင့်လှစ်ထားသည်။

အစည်းအဝေးသို့ ရန်ကုန်မြို့ရှိ သီတင်းသုံးနေတော်မူကြသော ရခိုင်ရဟန်း သံဃာတော် အချို့နှင့် ရခိုင်တေးသံရှင် စိမ်းလဲ့လဲ့လည်း တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂း၃၀)နာရီ စတင်ပြီး ညနေ ၄ နာရီတွင် ပြီးဆုံးသည်။

ရက္ခိုင်ဂုဏ်ဆောင်ဆု အတွက် ငွေကြေး ပါဝင် လှူဒါန်းလိုသူများ အနေဖြင့် ရက္ခိတ ဖောင်ဒေးရှင်းဥက္ကဌ ဦးအောင်စိုးသိန်း (ဖုံ- 09450020825) နှင့် ဒု-ဥက္ကဌ ဦးအောင်သိန်းထွန်း( ဖုံး- 09420097209) သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

No comments: