Thursday, July 25, 2013

ရွှေကြွေးကျန် အရှုပ်အရှင်းကိစ္စ ခုံရုံးဖွဲ့စစ်ဆေးနေ

ထက်နိုင်ဇော်


သတ္ထုတွင်း ၀န်ကြီးဋ္ဌာနတွင် ၀န်ကြီး အပြောင်းအလဲ ကာလအတွင်း အမှတ် ၂ သတ္ထုတွင်း လုပ်ငန်းနှင့် ရွှေလုပ်ငန်းရှင်တို့ အကြား နိုင်ငံတော်သို့ ရွှေကြွေးကျန် ပေးသွင်းရန် ကိစ္စများနှင့် ပတ်သက်၍ နားလည်မှုလွဲမှားကာ ပြဿနာ ပေါ်ပေါက်နေ သဖြင့် ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း စုံစမ်း သိရှိရသည်။

ယခင် သတ္ထုတွင်းဝန်ကြီးဋ္ဌာန ၀န်ကြီး ဦးအုန်းမြင့်၏ ဆုံးဖြတ်ချက်အရ ရွှေလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေကြွေးကျန်များကို မတောင်းတော့ဘဲ ဒဏ်ကြေးငွေသာ ပေးဆောင်ခိုင်းပြီး လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း၊ ၀န်ကြီးအသစ် ဦးသိန်းထိုက် လက်ထက်တွင် အဆိုပါ ကိစ္စကို ဥပဒေနှင့်မညီဟုဆိုကာ ကြွေးကျန်များပေးရန် ပြန်လည် တောင်းခဲ့ရာမှ ယခု ပြဿနာ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း သတ္ထုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။

“ကိုယ့်ဌာနမှာလည်း ၀င်ငွေမရှိတော့ဘူး၊ သက်ဆိုင်ရာ ကုမ္ပဏီကပဲ ၀င်ငွေရှိတာ။ ကုမ္ပဏီတွေကပဲ ပေးသင့်တယ်လို့ စာရင်းစစ်ချုပ်ရုံးက ဆုံးဖြတ်တယ်။ ကျပ်သိန်းပေါင်း ၂၈၀၀ လောက်ရှိတယ်” ဟု သူက ဆိုသည်။

၂၀၁၀ – ၁၁ ခုနှစ် သတ္ထုတွင်း ၀န်ကြီးရုံး အစည်းအဝေး ၂၄/ ၂၀၁၀ ဆုံးဖြတ်ချက်အရ ရွှေကြွေးကျန် မသွင်းသူများကို ဒဏ်ရိုက်သည့် သဘောဖြင့် ကျသင့်ငွေ ပေးဆောင်စေကာ လုပ်ငန်းလုပ်ပိုင်ခွင့် ဆက်လက် ခွင့်ပြုပေးခဲ့ကြောင်း၊ ဒဏ်ရိုက် ခံခဲ့ရသူ ရွှေလုပ်ငန်းရှင် ၉၀ ရာခိုင်နှုန်းကျော်သည် ဒဏ်ကြေးငွေ အပြည့်အ၀ ပေးဆောင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးတင်ရွှေက ပြောသည်။

“ဒီကိစ္စက ရွှေဒဏ်၊ ငွေဒဏ်ရိုက်ပြီးသား။ အကုန်ပေးပြီးပြီ။ အခုဝန်ကြီး ဦးသိန်းထိုက် လက်ထက်ကျမှ တခါ ပြန်ဆောင် ခိုင်းတယ်။ ဥပဒေနဲ့အညီ လုပ်ထားပြီးသား ကိစ္စကို ဥပဒေလက်လွတ် ပြန်လုပ်သလို ဖြစ်နေတယ်။ အခုလည်း တောင်း နေတယ်။ ကျနော်တို့ကတော့ မပေးနိုင်ဘူး” ဟု သူက ဆိုသည်။

သတ္ထုတွင်း ဥပဒေအရ လုပ်ငန်ရှင်များ အနေဖြင့် ပေးရန်ရှိသော အကြွေးများကို မပေးပါက စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူ နိုင်သော်လည်း ယခင် ၀န်ကြီးဦးအုန်းမြင့်က ကင်းလွတ်ခွင့် ပေးခဲ့ခြင်း ဖြစ်သောကြောင့် လက်ရှိ ပြည်ထောင်စု ၀န်ကြီး ကိုယ်တိုင် ဦးဆောင်သော ခုံရုံးတခုဖွဲ့ကာ ရွှေကုမ္ပဏီများကို စုံစမ်း စစ်ဆေးနေကြောင်း သတ္ထုတွင်း ၀န်ကြီးဌာနမှ သိရသည်။

“အခုလက်ရှိဝန်ကြီးနဲ့ လက်ရှိ MD ကတော့ ဒီကြွေးတွေက တကယ်ကိုပဲ မဆပ်နိုင်တာလား၊ ကုမ္ပဏီတွေကရော ရှိသေးလား၊ ဘယ်လို အခြေအနေတွေ ရှိနေလဲ ဆိုတာကို စစ်ဆေးဖို့ ခုံရုံးဖွဲ့ထားတယ်။ ခုံရုံးနဲ့စစ်မယ်” ဟု ညွှန်ချုပ် ဦးဝင်းထိန်က ပြောသည်။

ယင်း ပြဿနာ ပေါ်ပေါက်နေစဉ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်သည် စာရင်းစစ်ချုပ်အဖြစ် ပြောင်းရွှေ့သွားရပြီး လက်ရှိဝန်ကြီး ဒေါက်တာ မြင့်အောင်က ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

သတ္ထုတွင်း ၀န်ကြီးဌာန၏ ရွှေကြွေးကျန် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက ရှေ့နေချုပ်ရုံး၏ သဘောထား တောင်းခံခဲ့ရာ စာချုပ်အရ လုပ်ငန်းရှင်များ အနေဖြင့် ရွှေကြွေးကျန်ပေးရန် မလိုအပ်ဟု သဘောထား မှတ်ချက်ပေးခဲ့ကြောင်း၊ လွှတ်တော် ကော်မတီအနေဖြင့် မည်သည့် ဆုံးဖြတ်ချက်မှ မချနိုင် သေးကြောင်း ယင်း ကော်မတီအဖွဲ့ဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။

“ရွှေ ၂၄ ကျပ်သား မသွင်းနိုင်တဲ့ ကုမ္ပဏီတွေက အများကြီးပဲ။ မသွင်းနိုင်တဲ့ ကုမ္ပဏီတွေကို ဘယ်လို ဖြေလျှော့ပေးမလဲ ဆိုတော့ တိုက်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ်က ရွှေတွင်းတွေကို ကချင်ပြည်နယ် အစိုးရရဲ့ ထောက်ခံချက် ပါရင် သူတို့ သွင်းရမယ့် ရွှေကို ဖြေလျှော့ပေးမယ့် သဘောရှိတယ်” ဟု သူက ဆိုသည်။

ရွှေကြမ်း ကြွေးကျန်များ ကောက်ခံရေးသည် နိုင်ငံတော်ဝင်ငွေ ရရှိရေးအတွက် ဆောင်ရွက်ခြင်း မှန်သော်လည်း ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရအဖွဲ့ ၀န်ကြီး ဆုံးဖြတ်ခဲ့သည့် EC ဆုံးဖြတ်ချက် အမှတ်စဉ် ၂၄/၂၀၁၀ ကို အတည်မပြုဘဲ ပယ်ဖျက်ခြင်းမှာ မသင့်လျော်ကြောင်း၊ ၀န်ကြီးအသစ် လဲလျှင် အသစ်တမျိုး လုပ်ဆောင် နေခြင်းသည် ဥပဒေစိုးမိုးမှု မရှိဟု ပြည်ထောင်စုအစိုးရအဖွဲ့အပေါ် ပြည်သူများ အထင်အမြင်လွဲမှား စေနိုင်သဖြင့် ဂရုပြု ကြပ်မတ်ရန် လိုအပ်ကြောင်း သတ္ထုတွင်း ၀န်ကြီးဌာနသို့ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အသစ်ရောက်ရှိ တာဝန် ထမ်းဆောင်သည့် ပြည်ထောင်စု ၀န်ကြီးက ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“၀န်ကြီးအသစ်က ဒီကိစ္စကို EC ဆုံးဖြတ်ချက်နဲ့ မရဘူး၊ ကက်ဘိနက်က အတည်ပြု ထားတာလည်း မဟုတ်ဘူး၊ ပြန်တောင်း ရမယ် ဆိုပြီး ပြောလာတယ်။ ကြွေးတွေ မဆပ်ဘူးဆိုရင်တော့ ဒီကုမ္ပဏီတွေကို ဌာနတွင်း Black List လုပ်မှာပါ။ သတ္ထုတွင်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ ဆက်ပြီး မလုပ်တော့ဖို့ တားမြစ်မိန့် ထုတ်မှာပါ” ဟု ညွှန်ချုပ် ဦးဝင်းထိန်က ပြောသည်။

သတ္ထုတွင်း ၀န်ကြီးဌာနအနေဖြင့် ရွှေကြွေးကျန် ကိစ္စရပ်များကို စုံစမ်းရာတွင် မလွန်ဆန်နိုင်သော ဖြစ်ရပ်များ ဆိုသည့် ခေါင်းစဉ်အောက်တွင် အရေးမယူရသော ကိစ္စများရှိကြောင်း၊ စစ်မက်ဖြစ်ပွားနေခြင်း၊ ငလျင်ဘေးဒဏ် ခံရခြင်း၊ ရေကြီးခြင်း အပါအ၀င် တခြား ကိစ္စရပ်များလည်း ရှိကြောင်း၊ ကြွေးကျန် မပေးနိုင်သော အကြောင်းကို ဒေသဆိုင်ရာ အာဏာပိုင်များ၏ ထောက်ခံချက် ယူခိုင်းခြင်းမျိုး ပြန်လုပ်နေရကြောင်း သတ္ထုတွင်း ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ဘယ်သူကတော့ တကယ်ကြွေးကျန် ရှိတဲ့အတွက် မဖြစ်မနေပေးရမယ်၊ ဘယ်သူကတော့ အရေးယူဖို့ မဖြစ်တဲ့ အတွက် ပေးစရာမလိုဘူးဆိုပြီး ဆုံးဖြတ်ပါတယ်။ ရှေ့နေချုပ်ရုံးရဲ့ ဆုံးဖြတ်ချက်ကလည်း ဥပဒေကြောင်းအရတော့ လုပ်ငန်းရှင်တွေ ဘက်က မှန်တယ်ဆိုပြီး ထောက်ပြတယ်။ စာရင်းစစ်ချုပ် ရုံးကလည်း နိုင်ငံတော်အနေနဲ့ နစ်နာတယ်၊ ပေးသင့်တယ်ဆိုပြီး ထောက်ပြတယ်” ဟု သတ္ထုတွင်းဝန်ကြီးဌာန အကြီးတန်းအရာရှိ တဦးက ဆိုသည်။

သတ္ထုတွင်း ၀န်ကြီးဌာနမှ အတင်းအကျပ် တောင်းခံလာပါက ယခုကိစ္စကို လွှတ်တော်သို့တင်ပြကာ အမှန်အတိုင်း ဖြစ်ရန် ဖြေရှင်းသွားမည် ဖြစ်ပြီး ယခုပြဿနာကြောင့် ရွှေတွင်း လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများ ရှိနေကြောင်း စစ်ကိုင်းတိုင်းအတွင်းမှ ရွှေတွင်း လုပ်ငန်းရှင် တဦးက ပြောသည်။

“တချို့က ရွှေပေးရတယ်၊ တချို့က ရွှေရော၊ ငွေရောပေးရတဲ့သူ ရှိတယ်။ စာရင်းဇယားတွေက သတ္ထုတွင်းမှာ ရှိပြီးသား။ အမှုပိတ်ပြီးသား ဆိုတော့ ရွှေသမားတွေ အားလုံးက အခုလို ပြန်တောင်းမယ် မထင်တော့ဘူး” ဟု သူက ဆိုသည်။

တနိုင်ငံလုံးတွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ နိုင်ငံတော်မှ ရရှိမည့် ကြွေးကျန် ရွှေကြမ်း ၃၃၉၀၃. ၂၂ ကျပ်သား ရှိပြီး ၂၀၁၁-၂၀၁၂ ပထမ ၆ လတာ ကာလပတ်အတွင်း ကြွေးကျန်ရွှေကြမ်း ၆၀၁၈. ၅၀ ရှိကြောင်း လွှတ်တော် ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

No comments: