Thursday, July 25, 2013

Network နှင့် ကရင်လူငယ်လှုပ်ရှားမှု

နော်ဆွိ

ကရင် တမျိုးသားလုံးနှင့် သက်ဆိုင်သော လူငယ် ကွန်ယက် တခုကို ဖွဲ့စည်းရန် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁) ပြည်သူ့ဆေးရုံကြီး အနီး သုမေဓာရာမတောရ ကျောင်းတွင် ကျင်းပရန် ရှိသည်ဟု ကရင် လူငယ် ကွန်ယက် အဖွဲ့ဝင် (KYO) ကရင် လူငယ် အစည်းအရုံး တွဲဖက် အတွင်းရေးမှူး (၁) စောဂျက်ပစီက ဆိုပါသည်။

“ ကျင်းပမယ့် ရက်ကတော့ ဇူလိုင် (၂၇-၂၈) ရက်နေ့ ပါဘဲ။ ပြီးတော့ ကရင် လူငယ် ကွန်ယက် ဆိုတော့ ပြည်တွင်းပြည်ပ ကရင် အမျိုးသား လူငယ် ကွန်ယက် မှန်သမျှ အကုန်လုံး ပါမယ် ။ လူငယ် အားလုံ ဒီကွန်ယက် ကနေ တဆင့် ချိတ်ဆက် ကြမယ်။ ဒီတစ်ခေါက် ဆုံးဖြတ်ချက် ချနိုင်မယ်။ အတည်ပြု ပြီးသွား ရင်တော့ နောက်တဆင့် ဖြစ်တဲ့ ကိုယ့်အမျိုးသားရေး လုပ်ငန်းနှင့် တခြား လုပ်ငန်း တူများကိုလည်း ချိတ်ဆက်ပြီး တွဲလုပ်ကြဖို့ရည်ရွယ်ချက်တွေ ရှိနေပါတယ်” ဟု ဆိုပါသည်။

ကရင် လူငယ် ကွန်ယက် (Karen Youth Network) ကို ၂၀၁၂ ဒီဇင်ဘာလတွင် ကရင် ပြည်နယ် ကောကရိတ်မြို့နောင်နိုင်း ကျေးရွာတွင် ကွန်ယက်ကို စတင် ဖွဲ့စည်း ခဲ့ပါသည်။ ကွန်ယက် လုပ်ငန်းနှင့် ချိတ်ဆက်မှု အားကောင်း လာစေရန် အတွက် ကော်မီတီ ဖွဲ့စည်းခြင်း အပါအ၀င် တိုးချဲ့မှုများ ဆောင်ရွက်နိုင်ရန် ရှိသည်ဟု ဆိုပါသည်။

ဤသို့ကြောင့် ဆွေးနွေးကြမည့် အစီအစဉ်များတွင် (၁) KYN ဖြစ်ပေါ်လာပုံ အကြောင်းအရင်းနှင့် လက်ရှိ အချိန်ထိ အခြေ အနေ ၊ (၂) Network ၏ သဘောတရား အပါအ၀င် အားသာချက်နှင့် အားနည်းချက် ၊ (၃) kyn ဖွဲ့စည်း တည်ဆောက်ပုံကို အတည်ပြု ဆွေးနွေးခြင်းနှင့် (၄) ရှေ့ဆက် အစီအစဉ်များကို ဆွေးနွေးကြမည် ဖြစ်သည်။

ကွန်ယက် ဖြစ်မြောက်ရန် ဦးဆောင်သူများမှာ ကရင် လူငယ် အစည်းအရုံး (KYO) မှ ကရင် လူငယ် ကွန်ယက် အဖွဲ့တာဝန် ယူထားသူ စောအယ်ထူးစိုး (ကရင်လူငယ် ဗဟို အတွင်းရေးမှူး)၊ စောအယ်ထီးကော်က (ဘားအံခရိုင် ကရင် လူငယ် အစည်းရုံး - ဥက္ကဌ) ၊စောဂျက်ပစီ ကရင် လူငယ် အစည်းအရုံး ဗဟိုတွဲဖက် အတွင်းရေးမှူး (၁) အပါအ၀င် ၅ ဦး တို့ဖြစ်ပါသည်။

ယင်းအစည်းအဝေးသို့ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး တနင်္သာရီတိုင်း ဒေသ ကြီးမှ ကိုယ်စားလှယ်များနှင့် ကရင်ပြည်နယ် ဘားအံမြို့မှ ကရင်လူငယ်များ ၊ ကရင် စာပေ ယဉ်ကျေးမှု စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့၊ ကရင်ကျောင်းသား အဖွဲ့များနှင့် ကရင့် တေးဂီတ အဖွဲ့များမှ တက်ရောက် ကြမည်ဖြစ်သည်။

“ ကျနော်တို့ ဖိတ်ထားတာက အများကြီးပါ။ ကရင် အားလုံးကို ဖိတ်ထားတာတော့ မဟုတ်ဘူးပေါ့။ ကရင် လူငယ် ကွန်ယက် ဖွဲ့ထားတဲ့ လူငယ်တွေကိုပါ။ DKBA ၊ BGF ၊မြ၀တီ၊ လှိုင်ဘွဲ့၊ ပုသိမ် ၊ မြောင်းမြ၊ နိုင်ငံခြားက လူငယ်တွေနဲ့ ချိတ်ဆက်ပေးမယ့် ကရင် လူငယ် တချို့ကိုလည်း ဖိတ်ထား ပါတယ် ။ ခန့်မှန်းခြေ ၄၀ လောက်တော့ တက်ရောက်လာ နိုင်မယ်” ဟု ဆိုပါသည်။

KYO သည် ကရင် လူငယ် လှုပ်ရှားမှုတွင် အရေးပါသော အဖွဲ့ဖြစ်ပြီး၊ KYN ချိတ်ဆက် မှုတွင်လည်း ဦးဆောင်နေသော ကရင် လူငယ် အဖွဲ့ဖြစ်ပါသည်။ KYN သည် ကရင် လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် ရိုးရာ ယဉ်ကျေးမှု အားလုံး တိုးတက် မြင့်မားလာရေးနှင့် ကရင်အမျိုးသား စည်းလုံး ညီညွတ်ရေးကို ဦးတည်သော ကွန်ယက် ဖြစ်ပါသည်။

No comments: