Thursday, July 25, 2013

အာရှရဲ့ နိုဘယ်လ်ဆုလို့ တင်စားတဲ့ ဆုကို ဒေါ်လဖိုင်ဆိုင်ရော ရရှိ

ABC

အာရှတိုက်ရဲ့ ​နိုဘယ်လ်ဆုလို့ ​တင်စားခေါ်ဝေါ်ကြပြီး ​ဂုဏ်သရေရှိတဲ့ ​ရာမွန်မက်ဆေးဆေးဆုကို ​ကချင်အမျိုးသမီးတစ်ဦးလည်း ​ဆုချီးမြှင့်ခံရကြောင်း ​သိရပါတယ်။

ဖိလိပိုင်နိုင်ငံက ​အခြေစိုက် ​ရာမွန်မက်ဆေးဆေး ​ဖောင်ဒေးရှင်းကနေ ​အာဖဂန်နစ္စတန်နိုင်ငံ ​ပြည်နယ်ချုပ်၊ ​နီပေါနိုင်ငံမှာ ​လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်း ​လုပ်ကိုင်တဲ့ ​အဖွဲ့၊ ​ဖိလိပိုင်နိုင်ငံက ​ကျန်းမာရေးလုပ်သားတစ်ဦး၊ ​အင်ဒိုနီးရှားနိုင်ငံက ​အဂတိလိုက်စားမှု ​တိုက်ဖျက်ရေး ​အဖွဲ့အပါအဝင် ​မြန်မာနိုင်ငံမှာ ​ငြိမ်းချမ်းရေးနဲ့ ​ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ​လုပ်ကိုင်တဲ့ ​ကချင်အမျိုးသမီး ​ဒေါ်လဖိုင်ဆိုင်ရော ​တို့ ​ပါဝင်ကြပါတယ်။

ကချင်အမျိုးသမီး ​ဒေါ်လာဖိုင်ဆိုင်ရောဟာ ​လူနည်းစုကလာတဲ့ ​တိုင်းရင်းသားဖြစ်ပေမယ့် ​မြန်မာနိုင်ငံရဲ့ ​အကြီးမားဆုံး ​လူမှုအဖွဲ့တစ်ခု ​ဖွဲ့စည်းခဲ့ပြီး ​အဲဒီအဖွဲ့က ​ကချင်ပြည်နယ်အတွင်း ​ကျန်းမာရေးဝန်ဆောင်မှုတွေပေးသလို ​ကချင်ပြည်နယ် ​ငြိမ်းချမ်းရေးစီမံကိန်းအတွက် ​ဆောင်ရွက်တဲ့ ​အဖွဲ့ဖြစ်ပါတယ်။

အသက် ​၆၄ ​နှစ်အရွယ် ​ဒေါ်လာဖိုင်ဆိုင်ရောဟာ ​ကချင်ပြည်မှာ ​ဖြစ်နေတဲ့ ​စစ်အခြေအနေတိုးတက်အောင် ​ဆောက်ရွက်သူဖြစ်ပြီး ​မြန်မာအစိုးရနဲ့ ​ကချင်စစ်တပ်တို့နဲ့အတူ ​ပူးပေါင်း ​အလုပ်လုပ်ကိုင်နိုင်သူ ​ဖြစ်တဲ့အတွက် ​ယုံကြည်အားကိုး ​ချီးကျူးခံရသူ ​ဖြစ်ပါတယ်။

အလားတူ ​အာဖဂန်နစ္စတန်နိုင်ငံ ​Bamyan ​ပြည်နယ်ချုပ် ​Habiba ​Sarabi ​ဆိုတဲ့ ​အသက် ​၅၅ ​နှစ်အရွယ် ​အမျိုးသမီးဟာလည်း ​ဒေါ်လာဖိုင်ဆိုင်ရောလိုပဲ ​လူနည်းစု ​ဟာဇာရာ ​လူမျိုးဖြစ်ပြီး ​စစ်ကြောင့် ​ပျက်စီးနေတဲ့ ​နိုင်ငံမှာ ​အလုပ်လုပ်ကိုင်နေရပေမယ့် ​ပညာရေးမြှင့်တင်မှုလုပ်ငန်းတွေနဲ့ ​အမျိုးသမီးအခွင့်အရေးတွေ ​တိုးတက်အောင် ​ဆောင်ရွက်နိုင်သူ ​ဖြစ်ပါတယ်။

ဖိလိပိုင်နိုင်ငံက ​အသက် ​၇၆ ​နှစ်အရွယ် ​ကျန်းမာရေးလုပ်သား ​Ernesto ​Domingo ​ကတော့ ​ဖိလိပိုင်အစိုးရက ​ကျန်းမာရေးသုတေသနအတွက် ​ရံပုံငွေ ​အနည်းငယ်သာ ​ထားပေးတဲ့ကြားက ​ကျန်းမာရေးဝန်ဆောင်မှု ​ပိုမိုကောင်းမွန်အောင် ​သုတေသနလုပ်နိုင်ခဲ့တဲ့အတွက် ​ဆုချီးမြှင့်ခံရတာဖြစ်ပါတယ်။

နီပေါနိုင်ငံက ​Shakti ​Samuha ​အဖွဲ့ကတော့ ​လူကုန်ကူးမှုခံရတဲ့ ​လူတွေကိုယ်တိုင် ​တည်ထောင်ထားတဲ့အဖွဲ့ဖြစ်ပြီး ​သူတို့လို ​ကြုံတွေ့ရသူတွေကို ​ကယ်တင်ပြီး ​အရေးပေါ် ​နေရာထိုင်ခင်း ​စီစဉ်ပေးတာတွေ၊ ​ပြန်လည်နေရာချထားရာမှာ ​ကူညီမှုတွေ ​လုပ်ပေးတဲ့အတွက် ​ဆုချီးမြှင့်ခံရတာ ​ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ​အဂတိလိုက်စားမှု ​တိုက်ဖျက်ရေးအဖွဲ့ကတော့ ​အမှုပေါင်း ​၁၇၀ ​နီးပါးကို ​ရင်ဆိုင်ပြီး ​အဂတိလိုက်စားသူတွေကြောင့် ​ပျောက်ဆုံးနေတဲ့ ​ပြည်သူပိုင်ငွေ ​ဒေါ်လာ ​သန်း ​၈၀ ​ပြန်လည်တွေ့ရှိအောင် ​ဆောင်ရွက်နိုင်တဲ့အတွက် ​ဆုချီးမြှင့်ခံရတာ ​ဖြစ်ပါတယ်။

ရာမွန်မက်ဆေးဆေး ​ဆုရရှိသူတွေဟာ ​ခက်ခဲတဲ့ ​လူမှုရေးပြဿနာတွေမှာ ​အဖြေရှာဖွေပေးသူ၊ ​ကိုယ်ကျိုးမငဲ့ပဲ ​အလုပ်ကို ​ကြိုးစားလုပ်ကိုင်သူဖြစ်ပြီး ​စိတ်ဓာတ်ခိုင်မာမှု၊ ​စိတ်အားထက်သန်မှု၊ ​လူတွေနဲ့တွဲပြီး ​လုပ်ကိုင်နိုင်မှု ​စတဲ့ ​ခေါင်းဆောင်ပိုင်း ​စွမ်းရည်ရှိသူတွေ ​ဖြစ်တယ်လို့ ​ရာမွန်မက်ဆေးဆေး ​ဖောင်ဒေးရှင်း ​ဥက္ကဌက ​ပြောပါတယ်။

မက်ဆေးဆေးဆုဟာ ​ဖိလိပိုင်နိုင်ငံ ​သမ္မတဟောင်း ​မက်ဆေးဆေးကို ​ဂုဏ်ပြုတဲ့အနေနဲ့ ​ပေးအပ်တဲ့ဆုဖြစ်ပြီး ​အရင်တုန်းကလည်း ​ကျန်းမာရေးမြှင့်တင်မှု၊ ​သဘာဝပတ်ဝန်းကျင် ​မြှင့်တင်မှုတွေနဲ့ ​ကရင်လူမျိုး ​ဒေါက်တာစင်သီယာမောင်နဲ့ ​ကိုကစောဝါးတို့လည်း ​အဲဒီဆုကို ​ရရှိခဲ့ဖူးပါတယ်။

No comments: