Tuesday, July 9, 2013

DKBA နယ်မှ ကျေးရွာများအား ဆန်သယ်ခွင့် ကန့်သတ်

ဖြူဖြူကို

DKBA ထိန်းချုပ် နယ်မြေ မြိုင်ကြီးငူဒေသ မယ့်တဝေါ နှင့် မြိုင်ကြီးငူ ကြားရှိ ကျေးရွာပေါင်း (၁၀) ရွာကျော်မှ ရွာသား များအား ဆန်၊ ဆေးဝါး ပစ္စည်းနှင့် ဓါတ်ခဲများ သယ်ဆောင် ခွင့်ကို ကန့်သတ် ပိတ်ပင် ထားသည်ဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးမှ ဆိုပါသည်။

“မယ့်တဝေါနဲ့ မြိုင်ကြီးငူ ကြားမှာ ရှိတဲ့ ရင်းပိုင်း တံတား ဘက်မှာ ဖြစ်တယ်။ အစိုးရ နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA) တို့ ပစ်ခတ်မှု ဖြစ်ပြီး ကတည်းက ဒီပစ္စည်းတွေ မသယ်ရဘူးလို့ ပိတ်ပင် ကန့်သတ်လာတာ အခုထိ ပါပဲ။ တကယ်လို့ ရွာသားတွေက ဆန်သယ် လာတာကို တွေ့ရင် ဆန်တွေလည်း သိမ်းလိုက်ပြီး လူကိုပါ နေပူထဲမှာ တရက် နေလှန်းထားပါတယ်။ နောင် ဒီပစ္စည်း သုံးမျိုးကို မသယ်လာရဘူး။ သယ်လာရင် အရေးယူ ခံရမယ်လို့ သတိပေးတယ်” ဟု အမည် မဖော်လိုသည့် ဒေသခံက ဆိုပါသည်။

အဆိုပါ ကျေးရွာပေါင်း (၁၀) ရွာ ကျော်၌ ခန့်မှန်း လူဦးရေ အနည်းဆုံး (၅၀၀) ခန့် နေထိုင် နေကြကြောင်း သိရှိရ သည်။ ဤသို့ကြောင့် လက်ရှိ အခြေအနေ၌ ဒေသခံ ရွာသားများ ဈေးကြီးစွာ ၀ယ်စားနေရကြောင်း ဆိုပါသည်။

ထိုပိတ်ပင်မှုကို မြိုင်ကြီးငူ ဒေသတွင် ရှိသည့် အစိုးရ တပ်မ (၂၂) ကွပ်ကဲမှု အောက်ရှိ မြိုင်ကလေး အခြေစိုက် ခမရ (၂၀၃) ဒုရင်းမှူး ဦးစီးသည့် စစ်ကြောင်း (၂) မှူး ဗိုလ်မှူး ရဲဝင်းအောင် နှင့် BGF ကွပ်ကဲမှု အောက်ရှိ ဦးကျော်ထူးနှင့် အဖွဲ့တို့က ပိတ်ပင်ထားခြင်း ဖြစ်ပါသည်။

ဒေသခံ ရွာသား များသည် မိမိတို့ တောင်ယာမှ ထွက်သည့် ဆန်စပါး များဖြင့် မှီခိုနေရသော်လည်း လုံလောက်မှု မရှိပေ။ ယခုကဲ့သို့ ဆန်သွယ်ခွင့် ပိတ်လိုက်သဖြင့် ဈေးကြီးပေးပြီး ၀ယ်စားလာနေရာက တဖြည်းဖြည်း ကြပ်တည်း လာနေသည်ဟု ဆိုပါသည်။ ထို့အပြင် ယင်းကျေးရွာများ၌ ဆေးပေးခန်းများ မရှိသည့် အထဲ ဆေးဝါးများ သယ်ခွင့်ကိုပါ ပိတ်လိုက်ခြင်းသည် ဖျားနာမှု များသော မိုးဦး၌ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ဒေသခံက ဆိုပါသည်။

အစိုးရတပ်များသည် ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို ကန့်သတ်ထားသည့်အပြင် သွားလာမှုများပါ ကန့်သတ်ထားပါသည်။ ဖြတ်သန်း သွားလာမှုများကို နေ့လည် (၁၂) နာရီမှ ညနေ (၆) နာရီထိသာ ဖြတ်သန်းခွင့် ပြုကြောင်း ဆိုပါ သည်။

“ကုန်းလမ်း ခရီးမှာ စစ်ဆေးမှု တွေက နေ့တိုင်း လုပ်နေတယ်။ ရေလမ်း ဆိုရင်လည်း အဲဒီ ပစ္စည်း သုံးမျိုးကိုပဲ စစ်ဆေးတယ်။ BGF က ဦးကျော်ထူး ကလည်း သူ့လက်မှတ် မပါရင် ပေးမသွားနဲ့ ညှိထားတယ်။ သူ့လက်မှတ် ရဖို့လည်း ပိုက်ဆံ ပေးရတယ်” ဒေသခံ များက ဆိုပါသည်။

ဤလုပ်နည်းကို အစိုးရ တပ်ဘက်မှ အမည်မခံပဲ BGF အား အမည်ခံ ခိုင်းသည့် ပုံစံမျိုးနှင့် လုပ်ပိုင်ခွင့်ကို ချပေးထားပြီး ရလာသည့်ငွေများကို ခွဲဝေယူနေကြောင်း ၄င်းဒေသခံ များမှ ဆိုပါသည်။

ဤလုပ်ရပ်သည် ဒေသခံများအား ဤဒေသမှ မောင်းထုတ်ရန် အစိုးရ တပ်ဖွဲ့များက စီစဉ်ခြင်းဖြစ်ကြောင်း ဆိုပါသည်။ အစိုးရတပ်များသည် ဟပ်ကြီး ရေကာတာ တည်ဆောက်ရာတွင် ဆည်ရေသောက် ဧရိယာ၌ သက်ရောက်သော ဒေသခံ ကျေးရွာများနှင့် သတ်မှတ်ထားသည့် လုံခြုံရေး ဧရိယာရှိ DKBA တပ်များကို ဆုတ်ခွာပေးရန် တောင်းဆို ခဲ့ဘူးပါသည်။

ဤတောင်းဆိုမှုကို DKBA ဖက်မှ ဆုတ်ခွာပေးခြင်း မရှိသလို ဒေသခံ ကျေးရွာများလည်း ပြောင်းရွှေ့ခြင်း မရှိခဲ့ပေ။ ဤသို့ ကြောင့် ဒေသခံများ ဤဒေသမှ ထွက်ပြေးစေရန် အထက်ပါ ကန့်သတ် ပိတ်ပင်သည့်နည်းကို ကျင့်ဖွယ် ရှိနိုင်ကြောင်း ဆိုပါသည်။ DKBA ကမူ ဤလုပ်ရပ်သည် လူထုကို တမင် သက်သက် ဒုက္ခရောက်စေသည်ဟု ဗိုလ်မှူး ထွန်းထွန်းက ဆိုပါသည်။

“ဒီလို လုပ်တာ ကျွှန်တော်တို့ကို ရည်ရွယ် လုပ်တာလား လူထုကို ရည်ရွယ် လုပ်တာလား ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေတယ်၊ ကျွှန်တော်တို့ လိုချင်တယ် ဆိုရင်ဗျာ ငြိမ်းချမ်းရေး ကာလပဲ၊ ကားနဲ့ သွားဝယ်ပြီး အပြည့် တင်လာ မှာပေါ့၊ အခု လိုလုပ်တော့ လူထု တွေက သက်သက် ဒုက္ခ ရောက်နေ ရတယ်” ဟု ဆိုပါသည်။

DKBA ကလို့ထူးလား ဗျူဟာမှ ဗိုလ်မှူးကြီး စောဘိ လက်အောက်ခံ တပ်ဖွဲ့နှင့် နယ်မြေချင်း ထိစပ် နေသည့် နယ်ခြား စောင့်တပ် (၁၀၁၇) တပ်ရင်း တို့သည် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာ အနီးတွင် တိုက်ခိုက် ခဲ့ကြပါသည်။ ဤအချိန်မှ စပြီး BGF နှင့် အစိုးရ တပ်များသည် ဒေသခံ လူထုများအား ကန့် သတ်လိုက်သလို DKBA တပ်များကိုလည်း ဤဒေသမှ ဆုတ်ခွာပေးရန် တောင်းဆိုလာခဲ့ပါသည်။

ဤကဲ့သို့ BGF တပ်ဖွဲ့မှ ဒေသခံ လူထုအား သွယ်ဝိုက်သော နည်းဖြင့် ဖိအားပေးနေခြင်း အပေါ် DKBA မှ သံသယဖြစ်ပွား နေချိန်တွင် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟို အကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးနှင့် အမှတ် (၃)တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူသည် ငြိမ်းချမ်းရေး ရယူထားသည့် ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သွားရန် စီစဉ်နေသည်ဟု မီဒီယာများအား ထုတ်ဖေါ်ပြော ကြားခဲ့ပါသည်။

DKBA နှင့် BGF တို့သည် ၁၉၉၄ ခုနှစ် ကတည်းက တစ်ဖွဲ့တည်း ရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် အစိုးရ၏ ရွေးကောက်ပွဲ ပေါ်လစီကြောင့် လက်မခံနိုင်သော အဖွဲ့နှင့် အစိုးရ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ခံရသော တပ်ဖွဲ့ဟူ၍ နှစ်ပိုင်း ကွဲသွားခဲ့ ကြပါသည်။

No comments: