Monday, October 28, 2013

မြန်မာ- အိန်္ဒိယကုန်သွယ်ရေးလမ်း ပျက်စီး ကုန်တင်ယာဉ် ၁၅၀ ကျော် ပိတ်ဆို့နေ

ကိုတိုးကြီး

မြန်မာ- အိန်္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာဖြစ်သော မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း မကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းကာ လမ်းများပျက်စီးသောကြောင့် ကုန်တင်ကား အစီးရေ ၁၅၀ကျော် ခုနစ်ရက်ကြာ ပိတ်ဆို့လျက်ရှိသည်ဟု မြန်မာ- အိန်္ဒိယ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

“မိုးခိုစရာနေရာလည်း မရှိဘူး။ စားစရာဆိုရင်လည်း သူများလာရောင်းမှ အလုအယက် ၀ယ်စားရတာ။ ဈေးနှုန်းက နှစ်ဆ မြင့်တက်နေပါတယ်။ တစ်လီတာ ရေသန့်ဘူးဆိုရင် သုံးဘူးနှစ်ထောင်ပေးပြီး ၀ယ် သောက်ရတယ်။ အခုထိ လမ်းမပွင့်သေးတာကြောင့် တစ်မတ်သား ရွှေလက်ကောက်ကို အဲ့ဒီနားက ရေနံ မှော်ထဲကဆိုင်မှာရောင်းပြီး ဆိုင်ကယ်ငှားလာရတာပါ” ဟု မုံရွာ-ကလေး ပြေးဆွဲသည့် အောင်ကမ္ဘာခရီးသည်ယာဉ်ဖြင့် စီးနင်းလိုက်ပါလာသော ခရီးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

ကုန်တင်ကားများသည် ပုံတောင်၊ ပုံညာ တောင်တန်းဒေသရှိ အနီးတစ်ဝိုက်တွင် မုံရွာ- ပုလဲ -ဂန့်ဂေါလမ်းသည် အောက်တိုဘာလ ၂၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်ပိုင်းတွင် လမ်းများပျက်စီးကာ ကားပိတ်ဆို့မှု ဖြစ်ပွားခြင်းဖြစ်သည်။ ထိုသို့ လမ်းပိတ်ဆို့မှုများကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများ က အောက်တိုဘာလ ၂၆ ရက် တွင် လမ်းရှင်းပေးခဲ့သော်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်း ရှင်းလင်းပေးခြင်းများကို အောက်တိုဘာလ ၂၇ ရက်တွင် ရပ်ဆိုင်းခဲ့ရသည်။

စစ်ကိုင်းတိုင်းဘက်ရှိ မိုင်တိုင်အမှတ် ၆၅ မိုင်မှ စတင်ကာ ပုံတောင်နတ်ထိပ်အထိ လမ်းပခုံးသားများ ပျက် စီးကာ တစ်မိုင်ခွဲကျော်အတွင်း ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ် ၃၀ ကျော် ယာဉ်ကျောပိတ်ဆို့နေ ခြင်းဖြစ်သည်။ ထို့အပြင် မိုင်တိုင်အမှတ် ၆၆ မှစတင်ကာ တစ်မိုင်ကျော်ခန့်အထိ ထပ်မံပိတ်ဆို့ခဲ့ရာ မကွေးတိုင်း ပုံတောင်အဆင်းလမ်းရှိ ရေကန်ကွေ့အနီးတွင် အတက်အဆင်းယာဉ် ၇၀ ကျော် ပိတ်ဆို့နေကြောင်း သိရသည်။

ထိုမှတစ်ဆင့် မိုင်တိုင်အမှတ် ၆၃ အနီး ရေကျော်အတက်တွင်လည်း အတက်အဆင်း ယာဉ် ၂၀ ကျော် ပိတ်ဆို့လျက်ရှိသည်ဟု ယာဉ်ကြောပိတ်ဆို့မှုအား ကူညီဆောင်ရွက်ပေးနေသည့် ရဲဝန်ထမ်းတစ်ဦးက အတည်ပြု ပြောကြားသည်။

အဆိုပါ အနောက်မြောက် ကုန်သွယ်ရေးလမ်းကြောင်းသည် ပွင့်လင်းရာသီကာလများတွင် မုံရွာ-ယာကြီး - ကလေး လမ်းမကြီးမှ ပြေးဆွဲလေ့ရှိသော်လည်း မိုးရာသီကာလတွင် ထိုလမ်းမကြီးသည် တောင်ပေါ်မြေ သားလမ်းပျက်ဆီးခြင်းကြောင့် ပြေးဆွဲမရနိုင်ဘဲ မုံရွာ- ပုလဲ- ဂန့်ဂေါလမ်းမှ ပြေးဆွဲရခြင်း ဖြစ်သည်။

ယခုအခါ မုံရွာ- ပုလဲ- ဂန့် ဂေါလမ်းလည်း ထပ်မံပျက်စီးကာ ပိတ်ဆို့နေခြင်း ဖြစ်သည်။ ယာဉ်ကြော ပိတ်ဆို့နေခြင်းကြောင့် တောင်ပေါ်လမ်းတွင် ခရီးသည်များအနေဖြင့် စားသောက်နေထိုင်ရေး အခက်အခဲနှင့် ကြုံတွေ့နေရပြီး ခြောက်ဘီးကုန်တင်ယာဉ် တစ်စီး၊ တစ်ဆယ့်နှစ်ဘီး ကုန်တင်ယာဉ်တစ်စီး၊ အန်စာတုံး ခရီးသည်တင်ယာဉ်တစ်စီး တိမ်းစောင်းကာ တောင်ကမ်းပါးနံရံတွင် မှီနေရကြောင်းလည်း ယာဉ်ကြော ပိတ်ဆို့မှုအား ကူညီဆောင်ရွက်ပေးနေသည့် ရဲဝန်ထမ်းက ပြောသည်။

No comments: