Monday, October 28, 2013

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးသဘောတူညီမှု အကောင်အထည်ဖော်ရေး ဆွေးနွေး

ဂျွန်ချစ်ငြိမ်း

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြု လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် ပထမဆုံးအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီးဟိုတယ် တွင် အောက်တိုဘာလ ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

“အဓိကကတော့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်မှာပါတဲ့ အချက်တွေထဲက ကြီးကြပ်စောင့် ကြည့်ရေးကိစ္စလိုမျိုးလုပ်ရင် ဘယ်လို ပူးပေါင်းဆောင်ရွက်ဖို့လိုလဲဆိုတာကို ကျွန်တော်တို့ မြန်မာငြိမ်းချမ်း ရေးစင်တာ (MPC) အနေနဲ့ ကမကထပြုပြီး လုပ်ပေးတဲ့သဘောဖြစ်တယ်” ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးက မဇ္ဈိမ ကိုပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးမှုကို ပထမအကြိမ် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ နှစ်ဖက်အပစ်အခတ် ရပ်စဲရေးကိစ္စများ၊ ဆက်ဆံရေးရုံးများနှင့် ပတ်သက်သည့် အကြောင်းအရာများကို အဓိကဆွေးနွေးခဲ့သည်ဟု RCSS/SSA မှ ဗိုလ်မှူးချုပ် စိုင်းလူးက မဇ္ဈိမကို ပြောသည်။

“အထူးသဖြင့် ဆက်ဆံရေးရုံးတွေ ဘယ်လိုချိတ်ဆက်ပြီး အလုပ်လုပ်မလဲဆိုတာတွေ၊ ပြီးတော့အစိုးရရော၊ တိုင်းရင်းသားရော ဆက်ဆံရေးရုံးတာဝန်ခံတွေကြားမှာ ဘယ်လိုကွန်ရက် တည်ထောင်ဆက်သွယ်ရမလဲ၊ ဆက်ဆံရေးရုံး အားကောင်းမှ အောက်ခြေမှာရှိတဲ့ တချို့ ပစ်ခတ်တိုက်ခတ်မှုကိစ္စတွေ ကာကွယ်နိုင်ဖို့၊ ဖြစ်လာရင်လည်း အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ဆက်ဆံရေးရုံးတွေ အားကောင်းဖို့လိုတယ်” ဟု အလုပ်ရုံဆွေး နွေးပွဲတွင် ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက မဇ္ဈိမကို ပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ နည်းပညာအထောက် အကူပြုအဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊“၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကရင်နီပြည်သူ့ပါတီ (KNPP)တို့မှစုစုပေါင်း ၂၆ ဦး တက်ရောက် ဆွေးနွေးခဲ့သည်။

No comments: