Monday, October 28, 2013

ကျောက်ဖြူဟိုတယ်ဇုန် အကောင်အထည်ဖော်ရန် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက အစိုးရကို တင်ပြထား

ကေဇင်ဦး

ကျောက်ဖြူဟိုတယ်ဇုန် အကောင်အထည်ဖော်ရန် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက အစိုးရကို တင်ပြထားရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အများပိုင်ကုမ္ပဏီတည်ထောင်ပြီး ကျေးရွာ ၁၂ ရွာကို ဟိုတယ်ဇုန်စီမံ ကိန်း အကောင်အထည်ဖော်ရန်အတွက် ဒေသတွင်း စီးပွာရေးလုပ်ငန်းရှင်များက ရခိုင်ပြည်နယ် အစိုးရ အဖွဲ့သို့ တင်ပြထားသည်ဟု ကျောက်ဖြူ လူမှုကွန်ရက်မှ ဦးထွန်းလွင်က အောက်တိုဘာ ၂၄ တွင် မဇ္ဈိမ သို့ ပြောသည်။

ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်းပေါ်ရှိ ကျေးရွာ ၁၂ ရွာကို ဟိုတယ်ဇုံအဖြစ် အကောင်အထည်ဖော်ရန် ရည်ရွယ်၍ ၂၀၁၃သြဂုတ်လက ကျောက်ဖြူ အများပိုင်ကုမ္ပဏီကို ဖွဲ့စည်းလိုက်ပြီး ယင်းလတွင်ပင် ရခိုင် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားသည်ဟု အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ပြော သည်။

ကျောက်ဖြူအများပိုင်ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင်ဦးဝင်းစိုးက “အထူးစီးပွားရေးဇုန်လည်း တည်ဆောက် မှာဖြစ်တယ်၊ ကျောက်ဖြူမှာ ဒေသခံမဟုတ်တဲ့ စီးပွားရေးသမားတွေ လာရောက်ကြတဲ့အတွက် ဒီနေရာ ကို ဟိုတယ်ဇုန်လုပ်ဖို့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေက ကြိုးပမ်းကြတာဖြစ်ပါတယ်”ဟု မဇ္ဈိမကို ပြော သည်။

ဟိုတယ်ဇုန်စီမံကိန်းအတွက် ကျေးရွာ ၁၂ ရွာမှ မြေဧက ငါးထောင်ကျော် သတ်မှတ်ထားပြီး ယင်းကျေး ရွာများသည် ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်းပေါ်တွင် တည်ရှိသည်။ ယင်းမြေများမှာ ကျောက်ဖြူမြို့နယ် ၏ကမ်းခြေ လှပသောနေရာများဖြစ်ပြီး ကမ်းခြေတစ်လျောက်၊ စိုက်ပျိုးမြေများ၊ သစ်တောများလည်းရှိ သည်ဟု ဦးထွန်းလွင်က ဆိုသည်။

ကျောက်ဖြူ ဟိုတယ်ဇုန် အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ဒေသခံကျေးရွာသားများကမူ မြေယာ မျာကို ရောင်းချလိုခြင်းမရှိဟု ကျောက်ဖြူ လူမှုကွန်ရက်မှ ဦးထွန်းလွင်က ပြောသည်။

“ဒေသခံတွေကတော့ သူတို့ပိုင်တဲ့မြေတွေကို အသုံးပြုမယ်ဆိုရင် ရောင်းချခြင်းထက် အကျိုးတူ ပူးပေါင်း ချင်ကြတယ်။ အများပိုင်ကုမ္ပဏီဘက်က လူတွေကတော့ မြေကွက်တွေကို တစ်ဦးချင်းသော်လည်း ကောင်း ကုမ္ပဏီအနေနဲ့သော်လည်းကောင်း ပိုင်ဆိုင်ဖို့ ကြိုးစားကြတယ်၊ အချို့နေရာတွေက ရွာပိုင်မြေ ဖြစ်ပြီးဂရန်မပြနိုင်တဲ့အခါ ကုမ္မဏီထဲကလူတွေက ဂရန်ခံပြီး ပိုင်ဆိုင်အောင်ကြိုးစားလာကြတယ် ကုမ္မဏီ နဲ့ရွာသားတွေကြားမှာ အဲဒါ ပြသနာဖြစ်နေတယ်”ဟု ကျောက်ဖြူလူမှုကွန်ရက်မှ ဦးထွန်းလွင်က မဇ္ဈိမသို့ ပြောသည်။

ကျောက်ဖြူတွင် အစိုးရက အစီအစဉ် အကောင်အထည်ဖော်လျက်ရှိသော ကျောက်ဖြူ သဘာဝဓာတ် ငွေ့ပိုက်လိုင်းစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ အကောင် အထည်ဖော်လျက်ရှိပြီး မြေယာလျော်ကြေးကိစ္စ အရှုပ်အထွေးများလည်း ဖြေရှင်းရဆဲဖြစ်သည်။

အဆိုပါ ကျောက်ဖြူဟိုတယ်ဇုန်စီမံကိန်းမှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များမှ အကောင်အထည်ဖော် ရန် လိုလားသော စီမံကိန်းဖြစ်ပြီး အစိုးရမှ တရားဝင်ခွင့်ပြုမိန့် ရရှိရန် ကြိုးစားဆဲဖြစ်သည်ဟု ဦးထွန်းလွင် က ဆိုထားသည်။

အောက်တိုဘာ ၂၆ ရက်တွင် ကျေးရွာဒေသခံများနှင့် အများပိုင်ကုမ္မဏီမှ တာဝန်ရှိသူများ တွေ့ဆုံပြီး မြေယာကိစ္စများ ညှိနှိုင်းကြမည်ဖြစ်သည်။

ယင်းအပြင် ကျောက်ဖြူတွင် အထူးစီးပွားရေးဇုန် တည်ထောင်ရန်လည်းရှိပြီး ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းချက် အနေဖြင့် ကျပ်သန်းကိုးသောင်းခန့် ရင်းနှီးမြှုပ်နှံမှု ဖြစ်လာနိုင်ပြီး အလုပ်သမားဦးရေခန့်မှန်းချက်မှာ လေး သောင်းခန့် ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

No comments: