Monday, October 28, 2013

မွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်တဲ့ စွပ်စွဲချက် ဒေါ်စုငြင်းဆို

ABC

မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​လူမျိုးရေး ​ပဋိပက္ခတွေအတွင်း ​ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ​လူမျိုးတုန်း ​သတ်ဖြတ်ရာ ​ရောက်တယ်ဆိုတဲ့ ​ပြောဆိုမှုကို ​ဒေါ်အောင်ဆန်းစုကြည်က ​ငြင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​မွတ်စလင်လူမျိုးတွေ ​ပစ်မှတ်ထား ​ခံနေရသလို ​ဗုဒ္ဓဘာသာဝင်တွေလည်း ​အကြမ်းဖက်မှုတွေ ​ခံရတဲ့အကြောင်း ​နှစ်ဦးနှစ်ဖက် ​စလုံးက ​အကြောက်တရားတွေနဲ့ ​နေရတာကြောင့် ​ခုလို ​ပြဿနာတွေ ​ဖြစ်နေတာလို့ ​ပြောသွားတာဖြစ်ပါတယ်။

မွတ်စလင်တွေကို ​ကြောက်တဲ့စိတ်နဲ့ ​ဗုဒ္ဓဘာသာဝင်တွေက ​တုန့်ပြန်မှုလုပ်နေကြတာဖြစ်ပြီး ​ကမ္ဘာပေါ်မှာ ​မွတ်စလင်တွေရဲ့ ​အင်အားကြီးမားလွန်းတယ်ဆိုတဲ့ ​အမြင်ကို ​ကမ္ဘာ့နိုင်ငံတချို့မှာ ​စွဲကိုင်ရုံသာမက ​မြန်မာနိုင်ငံသားတွေလည်း ​အဲဒီအတိုင်း ​မြင်ကြတာတွေ ​ရှိနေတယ်လို့ ​ပြောသွားခဲ့ပါတယ်။

အဲဒါ့အပြင် ​ဒေါ်အောင်ဆန်းစုကြည်က ​မြောက်အိုင်ယာလန်နိုင်ငံကို ​သွားရောက်လေ့လာခဲ့ပြီး ​အဲဒီဒေသက ​ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ​လေ့လာခဲ့ပါတယ်။

မြောက်အိုင်ယာလန်နိုင်ငံမှာ ​ပရိုတက်စတန့်တွေနဲ့ ​ကက်သလစ်ဘာသာဝင်တွေအကြား ​နှစ်ပေါင်း ​သုံးဆယ်ကျော်ကြာ ​တိုက်ခိုက်မှုတွေလုပ်ခဲ့ကြပြီးနောက် ​ခုလို ​အုပ်ချုပ်ရေးအာဏာကို ​ခွဲဝေပြီး ​အတူတူယှဉ်တွဲနေထိုင်ကြတဲ့အဆင့်အထိ ​ဘယ်လို ​လုပ်ဆောင်ကြသလဲဆိုတာကို ​ဒေါ်အောင်ဆန်းစုကြည်က ​လေ့လာနေတာဖြစ်ပါတယ်။

အခက်အခဲတွေကြားကနေ ​ငြိမ်းချမ်းရေးရဖို့အတွက် ​ဘယ်လို ​ဆွေးနွေးညှိနှိုင်းခဲ့ကြသလဲဆိုတာတွေကို ​အဓိက ​လေ့လာဖို့အတွက် ​အိုက်ယာလန်နိုင်ငံကို ​လာရောက်တာဖြစ်တယ်လို့ ​ဒေါ်အောင်ဆန်းစုကြည်က ​အိုင်ယာလန်နိုင်ငံက ​နိုင်ငံရေးသမားတွေ၊ ​ရဲအမှုထမ်းတွေနဲ့ ​ကျောင်းသားတွေကို ​တွေ့ဆုံစဉ်မှာ ​ပြောလိုက်ပါတယ်။

မြောက်အိုင်ယာလန်နိုင်ငံက ​တစ်ဖက်နဲ့တစ်ဖက် ​ခွဲခြားမှုတွေဟာ ​မြန်မာနိုင်ငံထက် ​ဆိုးဝါးခဲ့ပေမယ့် ​မြန်မာနိုင်ငံက ​ပြဿနာကလည်း ​ပိုမို ​ရှုတ်ထွေးတယ်လို့ ​ပြောပါတယ်။


သံတွဲမြို့က ​ဘာသာရေးလူမျိုးရေး ​ပဋိပက္ခ ​နောက်ဆက်တွဲ

ရခိုင်ပြည်နယ် ​သံတွဲမြို့နယ်အတွင်း ​စက်တင်ဘာလကုန်နဲ့ ​အောက်တိုဘာလ ​အစောပိုင်းမှာ ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခကြောင့် ​အိုးမဲ့ ​အိမ်မဲ့ ​ဖြစ်နေတဲ့ ​ဒုက္ခတွေအနေနဲ့ ​ဒီလကုန်မှာ ​နေအိမ်သစ်တွေမှာ ​ပြန်လည်နေထိုင်နိုင်ဖို့ရှိတယ်လို့ ​သံတွဲမြို့နယ် ​အုပ်ချုပ်ရေးမှူးရုံးက ​ပြောပါတယ်။

မီးရှို့အကြမ်းဖက်မှုကြောင့် ​အိုးမဲ့ ​အိမ်မဲ့ ​ဖြစ်ခဲ့ရတဲ့ ​ဒုက္ခသည်တွေကို ​နဂိုမူလနေရာမှာပဲ ​ပြန်လည် ​နေရာချထားဖို့ ​ရှင်းလင်းရေး ​လုပ်ငန်းတွေနဲ့ ​ဆောက်လုပ်ရေး ​လုပ်ငန်းတွေ ​ပြီးစီးသလောက် ​ဖြစ်နေပြီလို့ ​အုပ်ချုပ်ရေးမှူး ​ဦးကျော်စိုးလွင်က ​ပြောပါတယ်။

“နေရာတွေရှင်းတယ်ကွာ၊ ​ရှင်းပြီးတော့ ​အခုတိုင်တွေထူနေပြီကွာ။ ​တစ်ချို့ဆို ​မိုးနေပြီကွာ။ ​တော်တော်များများကို ​ပြီးနေပါပြီ။ ​ဒီလကုန် ​အပြီးဆောက်ပြီးသူတို့ ​အိမ်မှာ ​သူတို့ပြန်နေကြမယ်။ ​သူတို့ ​အိမ်ပေါ် ​သူတို့ ​ပြန်ပို့ပေးမယ်ကွာ”

ဒုက္ခသည်တွေကို ​မူလနေရာမှာပဲ ​နေရာချပေးဖို့ ​ပြည်နယ် ​အစိုးရက ​ညွှန်ကြားခဲ့ပြီး ​အိုးအိမ်တည်ဆောက်ရေးနဲ့ ​ဘဝပြန်လည်ထူထောင်ရေးအတွက် ​တစ်အိမ်ထောင်ကို ​ကျပ်ငွေ ​၁၀ ​သိန်း ​၅ ​သောင်းဆီ ​ထောက်ပံ့ ​ပေးခဲ့တယ်လို့လည်း ​ဆိုပါတယ်။

သံတွဲမြို့နယ်တွင်းမှာ ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခကြောင့် ​အိမ်ခြေ ​၁၁၂ ​လုံး၊ ​ဘာ ​သာရေး ​အဆောက်အအုံ ​၃ ​ခု၊ ​ဆီ ​ဂိုဒေါင်တခု ​မီးလောင် ​ကျွမ်းခဲ့ပြီး ​လူဦးရေ ​၄၈၇ ​ဦး ​အိုးမဲ့ ​အိမ်မဲ့ ​ဖြစ်ပြီး ​သေဆုံးသူ ​စုစုပေါင်း ​၇ ​ဦးနဲ့ ​ဒဏ်ရာ ​ရသူ ​၅ ​ဦးရှိတယ်လို့ ​အစိုးရ ​ထုတ်ပြန်ထားပါတယ်။

တစ်ဆက်တည်းမှာပဲ ​ဒီပဋိပက္ခကြောင့် ​ဖမ်းဆီးထိန်းသိမ်းခဲ့သူ ​အယောက် ​၈၀ ​လောက်ရှိပြီး ​အောက်တိုဘာလ ​၃၁ ​ရက်နေ့မှာတော့ ​ရခိုင်တိုင်းရင်းသား ​တိုးတက်ရေး ​ပါတီ ​(RNDP) ​ရဲ့ ​သံတွဲမြို့နယ် ​ဥက္ကဌ ​ဦးမောင်ပု ​အပါအဝင် ​၁၄ ​ဦးကို ​သံတွဲမြို့နယ် ​တရားရုံးမှာ ​ရုံးတင်စစ်ဆေးမှာ ​ဖြစ်တယ်လို့ ​ပြန်လည် ​လွတ်မြောက်လာတဲ့ ​သံတွဲမြို့နယ် ​နာရေး ​ကူညီမှု ​အသင်း ​ဥက္ကဌ ​ဦးဝင်းကိုလေးက ​ပြောတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျသတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: