Thursday, November 28, 2013

နိုင်ငံတော်သမ္မတ အရည်အချင်းကန့်သတ်ချက် မပြင်ရန် ဧရာဝတီတိုင်း ၂၀၀၈ ဖွဲ့စည်းပုံလေ့လာရေးကော်မတီ ဆုံးဖြတ်

မင်းမင်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ပါ သမ္မတအရည်အချင်း ကန့်သတ်ချက်ကို မပြင်ရန် ဧရာဝတီတိုင်း လွှတ်တော်တွင် တိုင်းအမတ် ၂၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံလေ့လာရေးကော်မတီ က ဆုံးဖြတ်လိုက်သည်ဟု ကော်မတီဝင်များက နိုဝင်ဘာ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်း ဖွဲ့စည်းပုံလေ့လာရေးကော်မတီက ဖွဲ့စည်းပုံပါ အချက်ကိုးချက်ကို ပြင်ဆင်ရန် ဆုံးဖြတ် ထားသော်လည်း သမ္မတအရည်အချင်း ကန့်သတ်ချက်များနှင့် ပတ်သက်၍ ပြင်ရန် အချက်များကို ကော်မတီက ထည့်သွင်းထားခြင်းမရှိပေ။

“ဒီဥပဒေက နိုင်ငံတော်ကာကွယ်ရေးအတွက် ထည့်သွင်းထားတဲ့ ဥပဒေပါ။ ဒါကိုအခုမှ ကိုယ်လိုရာဆွဲယူပြီး ပြောနေကြတာကတော့ အပြစ်မတင်ပေမယ့် ကျွန်တော်တို့ကတော့ သဘောမတူပါဘူး”ဟု ဖွဲ့စည်းပုံ လေ့လာရေးကော်မတီဝင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအမတ် ဦးဇော်ဝင်းက ဆိုသည်။

ကော်တီက ပြင်ဆင်ရန် ဆုံးဖြတ်ထားသည့် အချက်များကို နိုဝင်ဘာ ၂၈ ရက်တွင် ပြန်လည်စတင်မည့် တိုင်းလွှတ်တော်သို့ အစီရင်ခံစာတင်ပြီးနောက် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက် တင်ပြမည်ဖြစ် သည်။

လက်ရှိတွင် NLD ပါတီအနေနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် သမ္မတအရည်အချင်း ကန့်သတ်ချက်ကို ပြင် ဆင်လိုသော်လည်း ဧရာဝတီတိုင်းလွှတ်တော်တွင် အမတ်ဦးရေ ၇၀ ကျော်ရှိပြီး လွှတ်တော်တစ်ခုလုံးနှင့် ဖွဲ့စည်းပုံလေ့လာရေးကော်မတီဝင် ၂၀ တွင် ကြံ့ခိုင်ရေးပါတီအမတ်များ အများစုပါဝင်ကာ NLD ပါတီဝင် တစ်ဦးသာ ရှိပေသည်။

တစ်ဦးတည်းဖြစ်သည့် NLD အမတ် ဒေါက်တာဒေါ်လှမြတ်သွေးက “စပြီး ဆွေးနွေးကတည်းကိုက ပုဒ်မ ၅၉ ကို ဒီအတိုင်းထားသင့်ပါတယ်လို့ ပြောတယ်။ အန်တီက ဒီအချက်တွေ ဆွေးနွေးလို့မရဘူးဆိုတာ သိ ပြီးသားလေ။ ဘာဖြစ်လို့လည်းဆိုတော့ NLD အနေနဲ့က ဒီအချက်တွေ (ပြင်ရမှာ) ပဲလေ”ဟု ဆိုသည်။

သမ္မတ၊ ဒု-သမ္မတ ဖြစ်ခွင့်ရှိသူ၏ အရည်အချင်း ကန့်သတ်ချက်များနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃)၊ ပုဒ်မ(၅၉)(စ)တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင်ပွန်းသည် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”ဟု ပါရှိသည်။

အထက်ပါအချက်များကို ပြင်ဆင်မှသာ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

ပြင်ဆင်သင့်သည်ဟု ကော်မတီတင်ပြထားသည့် အစီရင်ခံစာပါ အချက်များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ အခန်း ၁၂ ပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ ပုဒ်မ ၈ နှင့် လွှတ်တော်အမတ်များကို အစိုးရ၀န် ကြီးအဖြစ် ခန့်အပ်သည့်အခါ လွှတ်တော်အမတ်အဖြစ်မှ နုတ်ထွက်ရန် မလိုဘဲ ထိုလွှတ်တော်အမတ် အနေဖြင့် ပါတီလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ခွင့်ရှိရန် စသည်တို့ ပါဝင်သည်။

အခန်း ၁၂ ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းတွင် ပါဝင်သည့် ဖွဲ့စည်းပုံပြင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အာလုံး၏ ၇၅ ရာ ခိုင်နှုန်းကျော် သဘောတူပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဟူသည့် အချက်နှင့်ပတ်သက်ပြီး လပွတ္တာအမတ် ဦးဇော်ဝင်းက “အဲ့ဒီဥပဒေက တင်းကျပ် လွန်းနေတယ်။ ဒါကို နည်းနည်းလေး ပြန်လျှော့ပေးမှ တခြားဥပဒေတွေကို ပြင်ဖို့ လွယ်မယ်လေ။ ဒါကို ပြင်ဖို့ကတော့ တစ်ညီတစ်ညွတ်တည်းပါပဲ”ဟု ပြောသည်။

တိုင်းလွှတ်တော်က ဖွဲ့ထားသည့် ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်းက ဦးဆောင်ပြီး တပ်မတော်သားအမတ် နှစ်ဦးလည်း ပါဝင်သေးရာ “သူတို့ကတော့ ပြောရမယ်ဆို ရင် အိမ်ဖြည့်သဘောပါ။ ဘာမှ ဝေဖန်ဆွေးနွေးခြင်းမရှိပါဘူး”ဟု တပ်မတော်သားအမတ်များကို ရည် ညွန်းကာ ဦးဇော်ဝင်းက ပြောသည်။

ယခုကဲ့သို့ ဧရာဝတီတိုင်းလွှတ်တော်က ဖွဲ့စည်းပုံလေ့လာရေးနှင့်ပတ်သက်၍ ကော်မတီဖွဲ့ကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမည်ဖြစ်သော်လည်း ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက လာမည့်နှစ် ၂၀၁၄ ဇန်န၀ါရီ ၃၁ တွင် နောက် ဆုံး အစီရင်ခံစာ တင်မည်ဖြစ်သည်။

ထို့ပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်တို့နှင့် ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က အကြောင်းကြားစာ ပေးပို့ထားပြီး အကြောင်းပြန်ခြင်း မရှိသေးပေ။

လက်ရှိတွင် ဖွဲ့စည်းပုံလေ့လာရေးကော်မတီကို ဧရာဝတီတိုင်းတစ်ခုတည်းတွင်သာ ဖွဲ့စည်းထားသည်ကို တွေ့ရှိရပြီး အခြားတိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် ဖွဲ့စည်းထားခြင်း မရှိသေးပေ။ ဧရာဝတီတိုင်းလွှတ်တော် ဖွဲ့စည်းပုံလေ့လာရေးကော်မတီကို တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးက ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်

No comments: