Friday, November 29, 2013

ရှမ်းတောင်ပိုင်း ဘိန်းဖျက်ဆီးရေးစီမံချက်ကာလ ဘိန်းစိမ်း ၃၀ ကီလိုကျော်နှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ

အေးမြင့်စန်း

ရှမ်းပြည်နယ်တောင်ပိုင်း ဘိန်းစိုက်ခင်းဖျက်ဆီးရေး စီမံချက်ကာလ စတင်ခဲ့သည့် အောက်တိုဘာလမှ စ၍ နှစ်လအတွင်း ဘိန်းစိမ်း ၃၅ ဒသမ ၃၄၁ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၈,၁၇၁ ပြား ဖမ်းဆီးရမိခဲ့ သည်ဟု ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု ၂၅ မှ ဒုတိယရဲမှူး အောင်စိုးကြိုင်က နိုဝင်ဘာ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဘိန်းစိုက်ခင်းများ စီမံချက်ဖြင့် ဖျက်ဆီးနေချိန်အတွင်း ပင်လောင်းမြို့တွင် ဘိန်းစိမ်း ၁၀ မှုနှင့် နမ့်ဆန်မြို့ ၌ စိတ်ကြွဆေးပြားအမှု လေးမှု စစ်ဆေး အရေးယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့များ ရောက်မလာသေးခင် ဘိန်းအစေး ခြစ်ယူနေမှုများနှင့် စိတ်ကြွဆေးပြားအမှုများကို ရွေ့လျားအဖွဲ့များဖြင့် လိုက်လံဖော်ထုတ် အရေးယူခဲ့ခြင်း ဖြစ်သည်။

“မဖျက်ခင်အချိန်မှာ ခြစ်ယူပြီး ဘိန်းစိမ်းထုတ်လုပ် ဖြန့်ဖြူးကြတာ”ဟု ဒုတိယရဲမှူးအောင်စိုးကြိုင်က ပြော သည်။ စီမံချက်ကို ဇန်န၀ါရီလကုန်အထိ ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ဘိန်းစိုက်ဧက သုံးသောင်းခန့် ရှိသည်ဟု ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးမှ စာရင်းများက ဆိုသည်။

ဘိန်းခင်းဖျက်ဆီးမှုလုပ်ငန်းများကို ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်၊ ဟိုပုံးမြို့များတွင် ဆောင်ရွက်နေခြင်းဖြစ် သည်။ နိုဝင်ဘာလ ၂၇ ရက်အထိ ပင်လောင်းမြို့တွင် ဘိန်းစိုက်ခင်း ၃,၆၁၃ ဒသမ ၇၅ ဧက၊ ဖယ်ခုံမြို့ နယ်တွင် ၁၀၆၀ ဧကနှင် ဟိုပုံးမြို့နယ်တွင် ကျေးရွာ ၅ ရွာမှ ဘိန်းစိုက်ခင်း ၇၁၈ ဧကကို ဖျက်ဆီးနိုင်ခဲ့ သည်ဟု စာရင်းဇယားများက ဆိုသည်။

စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ဘိန်းစိုက်ရာသီ ကျော်လွန်ပါက တရားမ၀င် လျှို့ဝှက်စိုက်ပျိုးမှုများ ကို ဖော်ထုတ် အရေးယူသွားရန် စီစဉ်ထားသည်။

ယခုနှစ်စီမံချက်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အထိ ဘိန်းစိုက်ဧက စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းကိုသာ ဖျက်ဆီးနိုင်သေးသည်ဟု ဒုတိယရဲမှူးအောင်စိုးကြိုင်က ပြောသည်။ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်အင်အား မလုံလောက်ခြင်းက ကြန့်ကြာမှုများဖြစ်ပေါ်စေသည်ဟု ၎င်းက ဆိုသည်။

စီမံချက်အတွင်း ဘိန်းစိုက်တောင်သူများကို ဖမ်းဆီးအရေးယူခြင်းမပြုဘဲ အသိပညာပေးခြင်းဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်သည်။ ယမန်နှစ် ၂၀၁၂-၁၃ စီမံချက်ကာလအတွင်း ဘိန်းစိုက်ဧက ၂၉,၄၁၈ ဧက ဖျက်ဆီးနိုင်ခဲ့သည်ဟု မူးယစ်တားဆီးနှိမ်နင်းရေးအဖွဲ့ စာရင်းများက ဆိုသည်။

No comments: