Thursday, November 28, 2013

အကျဉ်းထောင်များတွင် နိုင်/ကျဉ်းများကို B Class ထားပေးရန်အဆို လာမည့် လွှတ်တော်တွင် ဦးသိန်းညွန့် တင်မည်

တင်ဇာအောင်

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများကို B Class အဆင့်ထားပေးနိုင်ရန်အတွက် လာမည့် လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းမည်ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုဝင်ဘာ ၂၅ တွင် မဇ္ဈိမကို ပြောသည်။

“နိုင်ငံရေးအကျဉ်းသားကို B Calss အဆင့်ထားဖို့ နောင်လာမယ့်လွှတ်တော်မှာ ကျွန်တော်တင်မယ်။ ဒါက အရင်ကိုလိုနီခေတ်ကတည်းက ပေးခဲ့တာပါ။ ကြိုးပမ်းဆောင်ရွက်မှာပါ”ဟု ဆိုသည်။

B Class အဆင့် အကျဉ်းကျခံရသူသည် တစ်နေ့လျှင် အသား ၁၁ အောင်စရမည်ဖြစ်ခြင်း၊ ညအိပ်ရန် အတွက် ခြင်ထောင်၊ စောင်၊ မွေ့ရာ၊ ခုတင်၊ စားပွဲများ ထားရှိနိုင်ခြင်း၊ စာအုပ်များ ဖတ်ရှုနိုင်ခြင်း၊ မိမိအစီ အစဉ်ဖြင့် ၀ယ်ယူနိုင်ခြင်း၊ ဗလာစာအုပ်ဝယ်ယူနိုင်ခြင်း၊ ခွင့်ပြုချက်ရပါက ပြင်ပဆရာဝန်ဖြင့် ကျန်းမာရေး ကိစ္စ ဆွေးနွေးခွင့်ရှိခြင်း စသည့်အခွင့်များ ရရှိနိုင်မည်ဖြစ်သည်ဟုလည်း ဦးသိန်းညွန့်က ဆိုသည်။

ယင်းနှင့်ပတ်သက်၍လည်း လက်ကျန် နိုင်/ကျဉ်း စိစစ်ရေးကော်မတီဝင် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့မှ ဦးရဲအောင်က “အဲဒါက အင်္ဂလိပ်ခေတ်တုန်းကတောင် ပြဋ္ဌာန်းထားခဲ့တာပဲလေ။ နိုင်ငံရေးအကျဉ်းသားနဲ့ ဆက်နွှယ်ပြီး ထောင်ကျတဲ့ အကျဉ်းသားတွေကို သီးခြားသတ်မှတ်ထားပေးဖို့ ဥပဒေပြဋ္ဌာန်း တယ်ဆိုတာကောင်းပါတယ်။ ဒါကိုလွှတ်တော်ထဲမှာ တင်သင့်တယ်လို့လည်း ထင်ပါတယ်”ဟု ဆိုသည်။

အဆိုပါဥပဒေကို အသစ်ရေးဆွဲသည်ဖြစ်စေ၊ လက်ရှိဥပဒေများထဲတွင် ထည့်သွင်း၍ဖြစ်စေ မည်သည့်နည်းဖြင့်ဖြစ်ဖြစ် ပါဝင်စေရန် ကြိုးပမ်းသွားမည်ဟုလည်း ဦးသိန်းညွန့်က ဆိုသည်။

လက်ရှိတွင် လာမည့် ၂၀၁၃ ခုနှစ်ကုန်၌ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမည်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ကတိပေးထားပြီးဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအကျဉ်းသား ရှိနိုင်သေးသည်ဟုလည်း ဦးသိန်းညွန့်က ဆိုသည်။

“နောက်ဘယ်အစိုးရတက်တက် အတိုက်အခံလုပ်မယ့်သူတွေအတွက်၊ ထောင်ကျမယ့်သူတွေအတွက် အကျဉ်းထောင်ဥပဒေမှာ B Class ထားရှိတာဟာ အကောင်းဆုံးသော ဖြေရှင်းနည်းလို့ ယုံတဲ့အတွက် ကျွန်တော် လာမယ့် လွှတ်တော်မှာတင်မှာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသော အကျဉ်းထောင် ဥပဒေများမှ ၁၈၉၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အကျဉ်း ထောင်များအက်ဥပဒေ၊ အင်္ဂလိပ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော The Identification of Prisoners Act နှင့် ၁၉၀၀ ပြည့် နှစ်က ပြဋ္ဌာန်းခဲ့သော The Prisoners Act တို့ ဖြစ်သည်။

အသုံးပြုနေသော အကျဉ်းထောင်ဥပဒေများ ပြင်ဆင်နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒုတိယပုံမှန် လွှတ်တော်အစည်းအဝေးတွင် ဦးသိန်းညွန့်က အဆိုတင်ခဲ့သေးသည်။

No comments: