Thursday, November 28, 2013

အကျဉ်းကျနေသူများနှင့် အချုပ်သားများထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု တစ်ရက်အတွင်း သုံးမှုထိရှိ

ဇော်ဇော်ထွေး

အကျဉ်းကျခံနေရသူများနှင့် အချုပ်ကျခံနေရသူများထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုများသည် နိုဝင်ဘာ ၂၅ ရက်က သုံးမှုထိ ဖြစ်ပွားခဲ့သည်ဟု ရဲမှတ်တမ်းများတွင် တွေ့ရှိရသည်။

လှိုင်သာယာမြို့နယ် တရားရုံးအချုပ်ခန်းတွင် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်တွင် အချုပ်ယာဉ်ပေါ်မှ တရားရုံး အချုပ်ခန်းသို့ ခေါ်ဆောင်လာသော တရားရုံးရာကြီး အမှတ် ၂၁၆၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် တရား ရုံးစစ်ဆေးဆဲ တရားစွဲတင်ခံထားရသည့် အသက် ၃၀ နှစ်ရှိသူ အမျိုးသားတစ်ဦးကို မသင်္ကာသဖြင့် စစ် ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

၎င်း၏ ၀ဲဘက်ခြေထောက်ရှိ ဒူးစွပ်အတွင်း၌ ပလတ်စတစ်ဖြင့် ထုတ်ပိုးက ယူဆောင်လာသော ဆေး ခြောက်ဟုယူဆရသည့် အလေးချိန် နှစ်ဂရမ်ခန့်စီပါ အထုပ်သေးကိုးထုပ် (ကာလတန်ဖိုး ကျပ်၂၀,၀၀၀ ဖိုး)ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လတ်တလော စစ်ဆေးနေဆဲဖြစ်သည်။

တစ်ချိန်ထဲမှာပင် တရားရုံးရာကြီး အမှတ် ၂၅၄၇/၂၀၁၂ ၊ ပြစ်မှုပုဒ်မ ၃၈၀ အမှုဖြင့် တရားရင်ဆိုင်နေရ သူ ၀င်းဇော်ဦးထံမှလည်း မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

၎င်း၏ ယာဘက်ဒူးတွင် အပြာရောင် ဒူးစွပ်အတွင်း ထည့်လျက်ပလတ်စတစ်အိတ်ဖြင့်ထုပ်ကာ စီးကရက် ဘူးခွံအတွင်း ထည့်ထားသော ကျပ်၂၀၀၀ တန်ဖိုးရှိ၊ သခွားမွှေးဆေးလုံး၂၀၀ လုံးအား တွေ့ရှိခဲ့ခြင်းဖြစ် သည်။

ထို့အတွက် ၎င်းကို အရေးယူရန် လှိုင်သာယာရဲစခန်းက ရဲအရေးမပိုင်မှု ပုဒ်မအမှတ်စဉ် ၁၃/၂၀၁၃၊ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ ဖြင့် တရားရုံးသို့ တင်ပို့ထားသည်ဟု သိရသည်။

ထို့ပြင် ကြည့်မြင်တိုင်မြို့နယ် တရားရုံးတွင်လည်း မြို့နယ်ရဲစခန်းမှ တရားရင်ဆိုင်နေရသူ သက်နိုင်ဦး (ခ) တာတီး ၃၅ နှစ်ထံ အရက်ရောထားသော ရေအားပေးပို့ရန် ကြံစည်လုပ်ဆောင်သူတစ်ဦးကိုလည်း မ်းဆီးရမိခဲ့သည်။

အချုပ်သားအား ဧည့်တွေ့စဉ် ပေးအပ်သော ရေသန့်ဘူးမှာ အရက်များရောထားသည်ကို စစ်ဆေးတွေ့ ရှိခဲ့သဖြင့် ပေးပို့သူ သန်းထိုက်ဆိုသူကို အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ ဖြင့် တရားရုံးသို့ တင်ပို့ ထားဆဲဖြစ်သည်။

“ထောင်ထဲမှာက မိန်းမကလွဲလို့ မူးယစ်ဆေးဝါး၊ ပိုက်ဆံ အကုန်ရနေတာကို တွေ့နေရတယ်။ မိန်းမ တောင် ရဲဘက်ကို ရောက်ရင်ရတယ်လို့သိရတယ်။ ထောင်ဝန်ထမ်းတွေနဲ့ သွင်းနေကြတာရှိသလို၊ တချို့လည်း ကိုယ်တိုင်ဝှက်ပြီး သွင်းနေတာတွေရှိတယ်၊ အခုလိုဖမ်းမိလာတယ်ဆိုတော့ ပြန်ပြီး စည်း ကမ်းတင်းကျပ်လာတဲ့ သဘောပါပဲ”ဟု ထောင်သက်တမ်း ၁၂ နှစ်ကျခဲ့ဖူးသူ နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက ပြောပြသည်။

အကျဉ်းထောင်များထဲတွင် ဘိန်းဖြူ၊ ဘိန်းမဲ၊ ဆေးခြောက်များမှာ ပိုက်ဆံရှိပါက အလွယ်တကူဝယ်ယူ ရရှိနိုင်ကြောင်းနှင့် ငွေကြေးနှင့် ယင်းပစ္စည်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ထောင်တွင်းသို့ တင်သွင်းမှု များရှိနေသည်ဟု ၎င်းက ပြောသည်။

အကျဉ်းထောင်များထဲတွင် မူးယစ်ဆေးဝါးများ အလွယ်တကူရရှိနေခြင်းမှာ ထောင်ဝန်ထမ်းများတွင် လည်း လာဘ်ပေးလာဘ်ယူမှုများရှိနေပြီး အောက်ခြေ၀န်းထမ်းမှအစထောင်ရှိအကြီးဆုံး အရာရှိများ ကိုယ်တိုင် စည်းကမ်းလိုက်နာမှုနှင့် စွမ်းရည်မြှင့်တင်ပေးမှုများ လိုအပ်နေသည်ဟု အထက်လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကလည်း ထောက်ပြခဲ့ဖူးသည်။

နိုဝင်ဘာ ၁၃ ရက်ကလည်း သန်လျင်ရဲစခန်းအချုပ်ခန်းတွင် ချုပ်နှောင်ခံထားရသူတစ်ဦးအား သခွားမွှေး ချောင်းဆိုးပျောက်ဆေးများ ပေးသွင်းရန် ကြိုးပမ်းသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့သဖြင့် မြို့ နယ်တရားရုံးက ထောင်ဒဏ်လေးလ ချမှတ်ခဲ့သည်။

ယင်းအပြင် သင်္ဃန်းကျွန်းမြို့နယ်တွင်လည်း ယင်းကဲ့သို့ မူးယစ်ဆေးဝါးပေးပို့နေသည့် အမျိုးသမီး တစ်ဦးကို ခရိုင်တရားရုံးက နေ့တွင်းချင်းပင် ထောင်ဒဏ်သုံးလချမှတ်ခဲ့သည်။

No comments: