Friday, November 29, 2013

မန်စီမြို့နယ် KIA တပ်ရှိရာတို့ အစိုးရတပ်များ အင်အားတိုးချဲ့လှုပ်ရှားမှုကြောင့် တိုက်ပွဲဆက်ဖြစ်

KNG

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) တပ်ရင်း (၂၇) ဒေသတွင် အစိုးရတပ်မှ စစ်အင်အားများဆက်လက်တိုးချဲ့နေပြီး တိုက်ပွဲများဖြစ်ပွားနေကြောင်း KIA ရှေ့တန်းအရာရှိများပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၇ နံနက် ၁၀ နာရီကျော်ချိန် ကိုင်ထိပ် (Kai Htik) မှ မဂျီဂုန်ကဂျီ (Maji Gung Kaji) သို့ စစ်အင်အားထပ်မံတိုးချဲ့လာသော အင်အား ၁၀၀ ကျော်ရှိသည့်အစိုးရစစ်ကြောင်း ခလရ (၆၈) နှင့် KIA တပ်ရင်း (၂၇) ကြား အူလန်ပါ (U Lang Pa) အနီး မကေါတ်ပါ (Makawk Pa) တွင် နာရီ ဝက်ကျော် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင် ပြောသည်။

“အထက်ကတော့ ချောင်းမပစ်ဖို့ပြောတယ် ဒါမဲ့အစိုးရတပ်တွေက ကျနော်တို့ငြိမ်နေလည်း သူတို့က ငြိမ်မနေဘူး ကျနော်တို့အထဲဝင်ပြီး စစ်အင်အားတွေ တိုးတိုးလာပြီး နှစ်ဖက်တပ်ကနေ ပစ်ကြတာ။ သေဆုံးဒဏ်ရာရတာတော့ မသိသေးဘူး”


အဆိုပါ စစ်အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကြောင်း ၁ ကြောင်းသည် ယမန်နေ့ မဂျီဂုန်ကဂျီ (Maji Gung Kaji) သို့ အင်အားများ တိုးချဲ့လာခြင်းဖြစ်ပြီး ယနေ့နံနက်တွင်လည်း နောက်ထပ် အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကြောင်း ၁ ကြောင်း ပြန်လည်တိုးချဲ့လာကြောင်းသိရသည်။

၎င်းအစိုးရတပ် ခလရ ၆၈ စစ်ကြောင်းသည် မဂျီဂုန်ကဂျီ (Maji Gung Kaji) သို့ တိုးချဲ့လာချိန် တမော်မန်းကိန် (Tamaw Mang King) တွင် တပ်ရင်း ၂၇ ထောင်ထားသော မြေမြုပ်မှိုင်းမိပြီး သေဆုံးဒဏ်ရာရမှုများရှိကြောင်း KIA ရှေ့တန်းအရာရှိများ ပြောသည်။

ယခုချိန် KIA တပ်ရင်း ၂၇ ဒေသတွင် အစိုးရ စစ်အင်အားများသည် ၃၀၀ ကျော်ဖြင့် လှုပ်ရှားနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ပြီး ၄င်းမဂျီဂုန်ကဂျီသည် KIA တပ်ရင်း ၂၇နှင့် ၁၂ ကြားတွင် တည်ရှိခြင်း ကြောင့် တပ်ရင်း ၁၂ ဒေသတို့တွင် ဆက်လက်ပြင်းထန်လာနိုင်ကြောင်း သိရသည်။

အဆိုပါနယ်မြေများတွင် ၂၀၁၁ ခုနှစ် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ ကြား တိုက်ပွဲများစတင်ဖြစ်ပွားချိန် အစိုးရတပ် ခမရ ၃၄၈ နှင့် တပ်မ ၉၉ ကွပ်ကဲမှုအောက်မှ တပ်ရင်း ၁ ရင်း တို့ကို KIA တပ်ရင်း ၁၂ မှခုခံတိုက်ခိုက်နိုင်ခဲ့ သောကြောင့် အစိုးရတပ်မှ ယခုပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည် KIA တပ်ရင်း ၁၂ မှ သုံးသပ်ပြောဆိုသည်။

ယခုချိန် ထိုသို့ ကချင်ပြည်နယ် အချို့နေရာများတွင်ဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းမှုများလည်းရှိနေသည်ဟု အစိုးရ နည်းပညာအဖွဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေပြောသည်။

ထိုသို့ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးချိန် ပဋိပက္ခများကိုဖြေရှင်းရန် သဘောတူညီမှုရရှိခဲ့သော်လည်း တိုက်ပွဲများကိုချက်ခြင်းရပ်တန့်သွားနိုင်ရန်မှာ အချိန်ဆွေးနွေးသွားမည့်ကိစ္စသာဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များကပြောသည်။

No comments: