Friday, November 29, 2013

အဖွဲ့အစည်းတိုင်းအမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာရန် ကရင်နီအမျိုးသမီးလုပ်ရှားမှု စတင်

စူးမယ်

ကရင်နီလူမှုအသိုင်းအ၀ိုင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုအသင်းအဖွဲ့များတွင် အမျိုးသမီးများ ပါဝင်မှုရာနှုန်းနည်းပါးလျက်ရှိနေသည့်အတွက် အခြေအနေတိုးတက်မှုရှိလာရန် ကရင်နီအမျိုးသမီးအဖွဲ့မှ ၁၆ရက်တာ လုပ်ရှားမှုအတောအတွင်း ဆောင်ရွက်သွားမည်ဟုဆိုသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ခြင်း ၁၆ ရက်တာလှုပ်ရှားမှုကို လူဦးရေ ၁၅၀၀၀ ခိုလုံနေထိုင်လျက်ရှိသည့် ထိုင်းမြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတွင် နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာ ၁၀ရက်နေ့အထိ ကရင်နီအမျိုးသမီးအဖွဲ့ KNWO မှ ဦးဆောင်ပြီးလုပ်ဆောင်သွားမှာဖြစ်သည်။

KNWO ဥက္ကဌ မော်သိုးမြာက “ကျားမတန်းတူရေးကို အခြေခံပြီး ပြောမယ်ဆိုရင် စခန်းအခြေနေ နောက်ပြီး အဖွဲ့ တိုင်းမှာ ကျားမ တန်းတူရေးအတွက် အဖွဲ့စည်းတိုင်းမှာ အနည်းဆုံးအမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာနိုင်ရန်အတွက် အလှူရှင်များကနေပြီး ပိုဖိအားပေးတဲ့အတွက် အဖွဲ့အစည်း တော်တော်များများက မိမိတို့အဖွဲ့စည်းထဲမှာ အမျိုးသမီးများကို ထည့်သွင်းစဉ်းစားအကောင်ထည်ဖော် နေတဲ့ အခြေနေများလည်းရှိ လာပြီ” ဟုပြောသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့သည် နိုင်ငံတကာ အမျိုးသမီးများအပေါ်မှာ အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၅ရက်နေ့က ကရင်နီဒုက္ခသည် စခန်း ရပ်ကွက် (၁) မှ အခမ်းနားတရပ်ကျင်းပရာ ရပ်ကွက် (၈) အထိ ချီတက်ပွဲပြုလုပ်ကြပြီး ချီတက်သူတိုင်းကို ၁၆ ရက်တာ လှုပ်ရှားမှုအတွက် အင်္ကျီ၊ ဦးထုပ်၊ နှင့် ထီးတယောက်တခုစီ အမှတ်တရပေးဆောင်ပြီး စခဲ့ကြသည်။

ထိုအခမ်းအနားတွင် သီချင်းဆိုခြင်း၊ အကတင်ဆက်ခြင်း၊ ပြဇာတ်ပြခြင်းနှင့် အလှမယ်လျှောက်ခြင်းတို့ရှိပြီး အခမ်းနားအပြီးတွင် ဂိမ်းများပြိုင်ကြပြီး ဆုပေးခြင်းအစီစဉ်တို့လည်း ရှိသည်ဟု အခမ်းအနားတက်ရောက်ခဲ့သူ မပိုးမြာကပြောသည်။

အမျိုးသမီးများနိုင်ငံရေးတန်းတူမှုထက် လက်ရှိလုပ်နိုင်သည်မှာ ကျားမတန်းတူရေးကို အခြေခံပြီးလုပ်ဆောင် နေတာဖြစ်သည်ဟု ဥက္ကဌ မော်သိုးမြာကဆိုသည်။

မော်သိုးမြာက “တချို့သောအမျိုးသမီးကတော့ မိမိတို့လူမှုအတိုင်းအ၀ိုင်း အတွင်းမှာ Gender Box ကနေ မထွက်နိုင်သေးတဲ့အပြင် အချို့အမျိုးသမီးများက မိမိကိုယ်ကိုယုံကြည်မှု မတည်ဆောက်နိုင်သေးဘူး” ဟု ပြောသည်။

ကရင်နီအမျိုးသမီးအစည်းအရုံးမှ အမျိုးသမီးများမိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်လာနိုင်ရန်နှင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ပညာပေးခြင်းလုပ်ဆောင်မှုများကိုလည်း ၁၆ရက်တာလုပ်ရှားမှုအတွင်းဆောင်ရွက်သွားမည်ဟုဆိုသည်။

အမျိုးသမီးတို့၏အခြေအနေများ လက်ရှိအနေအထားတက် ပိုပြီးတိုးတက်လာရန် လက်ရှိလုပ်ရှားမှုများထက်မက ထပ်မံလုပ်ဆောင်ရန်လိုအပ်နေသေးပြီး အလှူရှင်ဖိအားပေး၊ မပေး ဆိုသည်ထက် လူမှုအသိုင်းဝိုင်းမှ ယူဆချက်အမြင်များပြောင်းလဲလာမှု အမှန်တကယ် လိုအပ်သည်ဟု မော်သိုးမြာက ဆက်ပြောသည်။

မော်သိုးမြာက “တိုင်းရင်းသူအမျိုးသမီးများက အမျိုးသားတွေကြား ပါဝင်မှု နည်းပါးရတာက အခွင့်အရေး နဲ့ အခွင့်အလမ်းပေါ်မှာလည်း အများကြီးမူတည် တယ်လို့မြင်ပါတယ်”ဟု ပြောသည်။

အမျိုးသမီးများသည် အမျိုးသားများ၏ အကြမ်းဖက်မှုများ မခံရအောင် ဗဟုတုတရများရရှိရန် နှင့် Confident (မိမိကိုယ်ကို ယုံကြည်မှု) ရှိရန် သင်တန်းများနှင့် ပညာပေးရေးအစီအစဉ်တို့ကို မကြာခဏ ပေးနိုင်လျှင်ကောင်းမည်ဟု စခန်းတွင်းက ကျောင်းဆရာတဦးဖြစ်သည့် ခူးပိုးရယ်က ဆိုသည်။

ခူးပိုးရယ်က “မိန်းကလေးဆိုတာ ယောက်ျားလေးအတွက် အကြမ်းဖက်ဖို့ စော်ကားဖို့ မဟုတ်ဘူးဆိုတာ သိဖို့နဲ့ မိန်းကလေးက ယောက်ျားလေးတွေထက် အခွင့်အရေးရှိတယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်”ဟု ပြောသည်။

အမျိုးသမီးများသည် အမျိုးသားများအကြား ပါဝင်နိုင်ရန် အမျိုးသားများသည်လည်း အမျိုးသမီးများကို လက်တွဲဖိတ်ခေါ်ဖို့ လိုအပ်သည်ဟု ပိုးရယ်ကပြောသည်။

ပိုးရယ်က “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန်အတွက် KNWO ရော KNYO (ကရင်နီ အမျိုးသားလူငယ်အဖွဲ့အစည်း) ရော နောက်ပြီး အကြမ်းဖက်မှုတွေကို ရပ်စေချင်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းရင်ရနိုင်တယ်လို့ ထင်တယ်”ဟု ဆိုသည်။

ဥက္ကဌ မော်သိုးမြာက “အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာဖို့ ဆိုတာ ကရင်နီအမျိုးသမီး အစည်းအရုံးအနေနဲ့ လာမယ့် နှစ် ဗျူဟာရေးဆွဲ မယ့်အစီအစဉ်မှာ စတင်ပြီး ထည့်သွင်း မှာဖြစ်တဲ့အတွက် ဘယ်လောက်ထိ ပါဝင်မှု ရှိလဲဆိုဒါ လက်ရှိအခြေနေမှာ မပြောနိုင်သေးဘူး မတိုင်းတာနိုင်သေးဘူး”ဟု ပြောသည်။

၂၀၀၆ ခုနှစ်မှစတင်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကို WLB (အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ) မှ စတင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယ၊ တရုတ်နယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ် တွေမှာရှိသည့် ပလောင်၊ မွန်၊ ကရင်နီ၊ ရှမ်း စသည့် အမျိုးသမီး အစည်းအရုံးများကလည်း လုပ်ဆောင်လာခဲ့ကြသည်။

No comments: