Thursday, November 28, 2013

မိကျောင်းကန်သပိတ်စခန်း ဒုတိယနေ့ ဆက်ဖွင့်

နန်းမြင့်

သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊၂၊ ၃ ရပ်ကွက်များမှ မူလပိုင်ရှင်များက ဒုတိယနေ့အဖြစ် သပိတ်စခန်း ဆက်လက်ဖွင့်ထားပြီး တောင်းဆိုနေသည်ဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ မနေနွယ်သန်းက နိုဝင်ဘာ ၂၇ တွင် မဇ္ဈိမကို ပြောသည်။

သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် တိုင်းအစိုးရမှဖြေရှင်းပေးစေလိုသဖြင့် ရန်ကုန်တိုင်းသင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂ နှင့် ၃ မူလပိုင်ရှင်များက နိုဝင်ဘာ ၂၆ ရက်တွင် ယင်း နေရာ၌ပင် သပိတ်စခန်းဖွင့်လှစ် တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ် သပိတ်စ ခန်းဖွင့်လှစ်ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ လာရောက်ညှိနှိုင်းမှုများ မရှိသေးဟုလည်း မနေနွယ်သန်း က ဆိုသည်။

မနေနွယ်သန်းက “အခုချိန်အထိ ဆန္ဒပြနေတုန်းပဲ သပိတ်စခန်းကို တိုင်းအစိုးရမှ လာရောက်ဖြေရှင်းပေးခြင်း မလုပ်မချင်း မရုပ်သိမ်းဘူး။ ဘယ်သူမှလဲ သပိတ်စခန်း ရုပ်သိမ်းပါလို့ လာပြီး မပြောဘူး”ဟု နိုဝင် ဘာ ၂၇ ရက် ညနေ ၆ နာရီခန့်က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ မြေသိမ်းမှုများနှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်ကော်မရှင်က အစီ ရင်ခံစာ သုံးစောင် ထုတ်ပြန်ထားပြီး မိကျောင်းကန် မြေသိမ်းခံရခြင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တောင်ဥက္ကလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း လင်းက “သူတို့ကိစ္စကို ကျွန်တော်တို့ရဲ့ အစီရင်ခံစာ အပိုင်းလေးမှာ ထည့်ပြီး တင်ပြသွားမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွတ်တော်ထဲမှာ မေးခွန်းမေးထားတယ်။ အဖြေမထွက်သေးဘူး။ ဒီမြေတွေက သိမ်းထား တယ်ဆိုပေမယ့် ဘာလုပ်ငန်းမှလည်း မလုပ်ဘူးဆိုတော့ သူတို့ကို ပြန်ပေးစေချင်တယ်”ဟု ပြောသည်။

သိမ်းဆည်းမြေများ ပြန်ရရန် ၎င်းတို့က အောက်တိုဘာ ၂ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီး တွင် ပထမအကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံ စမ်းရေးကော်မရှင်မှ ယင်းကိစ္စကို တာဝန်ယူသည်ဟု ကတိပေးခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက်တွင် သပိတ်စခန်း ပိတ်သိမ်းခဲ့သည်။

မိကျောင်းကန် အပိုင်း ၁၊၂၊၃ မြေနေရာများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ၁၉၉၁ ခုနှစ်က ယခုဆန္ဒပြ သည့် မူလပိုင်ရှင်များထံမှ သိမ်းယူခဲ့ပြီး သီးပင်၊ စားပင် စိုက်ပျိုးသူများကို အငှားချထားပေးသည်။

ယင်းအငှားချထားသူများကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက နေရာပြောင်းရွှေ့ခိုင်းရာတွင် အင်အားသုံးဖြေ ရှင်းခဲ့သည်။ ယင်းနောက် တပ်စည်ပင်က လွှဲပြောင်းယူခဲ့ပြီး ခြံစည်းရိုးများ ကာထားခဲ့ခြင်း ဖြစ်သည်။

လယ်ယာမြေ သိမ်းဆည်းခံရမှုများကြောင့် နစ်နာခဲ့ရသည့် ပြည်သူများအနေဖြင့် ပြည်ထောင်စုလွှတ် တော်က ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်သို့ ဆက်သွယ် တိုင်ကြားနိုင်သည်။ ယင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် မြေအသုံးချ မှုစီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် အောက်ခြေကော်မတီအဆင့်ဆင့်မှ မည်သည့်အဆင့်ကိုမဆို တိုင်ကြားနိုင်သည်။

No comments: