Friday, November 29, 2013

ပည်သူများ အကြောက်တရားနှင့် ရင်ဆိုင်နေရဆဲဟု ကယားပါတီကဆို

ဖဲဘူး

ကယားပြည်နယ် လွိုင်ကော်မြို့ အခြေစိုက် ကယား(ကရင်နီ)ပြည်သူများသည် နိုင်ငံရေးနှင့်ပတ်သက်ပြီး အကြောက်တရားများနှင့် ရင်ဆိုင်နေကြရဆဲရှိသည်ဟု ကယားလူမျိုးစုဒီမိုကရေစီပါတီမှ ပါတီစည်းရုံးရေးဆင်းစဉ်အတောအတွင်း ပြောဆိုသည်။

“ကြောက်နေတုန်းပဲ ပွင့်ပွင့်လင်းလင်းမပြောရဲဘူး ကျနော်တို့ပါတီထဲ နိုင်ငံရေးထဲ ၀င်လာဖို့တောင်မှ .. ပါတီထဲမပြောနဲ့ နိုင်ငံရေး ထဲဝင်လာဖို့တောင်မှသူတို့က မ၀ံ့မရဲဖြစ်နေတယ်”ဟု ကယားလူမျိုးစု ဒီမိုကရေစီပါတီ KUDP မှ ဥက္ကဌ ဆရာဒယ်နီယယ်က ပြောသည်။

ကယားပြည်နယ်အတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့အကြားပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကစပြီး အပစ်ခတ်ရပ်ဆဲရေး သဘောတူလက်မှတ်ရေးထိုးပြီးနောက် ၂၀၁၃ခုနှစ် စက်တင်ဘာမှာ KUDP ပါတီအားထူထောင်လိုက်ခြင်းဖြစ်သည်။ ပါတီရုံးအားလွိုင်ကော်မြို့တွင် ဖွင့်လင့်ထားရှိသည်။

ယခင်စစ်အစိုးရလက်ထက်က နိုင်ငံရေးနှင့်ပတ်သက်ပြီး ပြည်သူ/သားများအား ဖိနိုပ်ချုပ်ချယ်မှုများရှိခဲ့သည့်အတွက် ယနေ့အရပ်ဘက်အစိုးရလက်ထက်ထိတိုင် ပြည်သူများ နိုင်ငံရေးနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ပါဝင် ပြောဆိုခြင်း မရှိကြောင်း ထောက်ပြသည်။

“ကျနော်တို့ နိုင်ငံရေးနိုးကြားမှုမရှိတဲ့ ကယားပြည်နယ်ကို စည်းရုံးရတဲ့အခါမှာ အခက်ခဲတော့ရှိတာပေါ့” ဟု KUDP ပါတီ နာယက ဦးအောင်တင်ကပြောသည်။

ယခုပါတီစည်းရုံးရေးဆင်းချိန်အတောအတွင်း ပြည်သူများနိုင်ငံရေးကိုစိတ်ဝင်တစား ရှိလာကြပြီး ရွာလုံးကျွတ်ပါဝင်လာမှု ရှိနေသည်ကိုတွေ့ရသည်ဟု ဆိုသည်။

ပါတီ မှတ်ပုံတင် စတင်ရရှိသည့် စက်တင်ဘာလမှစ၍ လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှားတော စသည့်မြို့များတွင် ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိပြီး ယခုအခါအဖွဲ့ဝင်များကို မှတ်သားထားသော မှတ်တမ်းများအရ လူဦးရေ ၁၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဦးအောင်တင်ကပြောပါသည်။

No comments: