Friday, November 29, 2013

တရားဝင်သစ်တောကြိုးဝိုင်းများမှ သစ်များကိုသာ အီးယူနှင့် အမေရိကား ၀ယ်ယူမည်

ထင်လင်းအောင်

မြန်မာနိုင်ငံက အီးယူနှင့်အမေရိကား ဈေးကွက်သို့ သစ်တင်ပို့မည်ဆိုပါက တရားဝင်သစ်တောကြိုးဝိုင်း များမှ သစ်များဖြစ်ကြောင်း ထောက်ခံချက် Legal Timber Certificate လိုအပ်ခြင်းကြောင့် ယင်းအချက် အား ဆောင်ရွက်ရန်လိုအပ်မည်ဟု မြန်မာနိုင်ငံမှ သစ်နှင့် သက်ဆိုင်သော အဖွဲ့အစည်းများမှ တာဝန်ရှိ သူများက နိုဝင်ဘာ ၂၈ ရက်က ပြောသည်။

ဥရောပသမဂ္ဂအုပ်စုဝင် ၂၇ နိုင်ငံက တရားဝင်ဖြစ်သော သစ်များကိုသာ လက်ခံရန်အတွက် ၂၀၀၃ ခုနှစ်၊ မတ် ၃ ရက်က စတင် အသက်ဝင်သော အီးယူသစ်တောစည်းမျဉ်း (EU Timber Regulation) သဘော တူညီချက်တစ်ရပ်အား အီးယူပါလီမန်တွင် ဆောင်ရွက်ထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံမှ သစ်တင်ပို့ရာတွင် ယင်းအချက်များနှင့်ကိုက်ညီရေးအတွက် အီးယူ-မြန်မာ ဆွေးနွေးမှု တစ်ရပ်ကို နိုဝင်ဘာ ၂၈ နှင့် ၂၉ ရက်တွင် ချက်ထရီယမ်ဟိုတယ်၌ ဆွေးနွေးနေခြင်းအပေါ် မြန်မာနိုင်ငံသစ်တော ဦးစီးဌာန၊ မြန်မာ့သစ်တောလုပ်ငန်း၊ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေး ကော်မတီနှင့် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းများမှ တာဝန်ရှိသူများက ထောက်ခံချက်လိုအပ်မှု ကို ပြောခြင်းဖြစ်သည်။

မြန်မာနိုင်ငံ သစ်တောထောက်ခံချက်ပြုရေးကော်မတီဥက္ကဋ္ဌ ဦးရွှေကျော်က “တရားဝင် သစ်တောတွေ ကနေ ထုတ်လုပ်တဲ့ သစ်တွေကိုသာ အီးယူနဲ့ အမေရိကား ဈေးကွက်ကို တင်ပို့ဖို့အတွက် တွန်းအားပေး နေတယ်။ အဲတော့လတ်တလောမှာ ကျွန်တော်တို့ နိုင်ငံကနေ သစ်တင်ပို့ရင် တရားဝင်သစ်အတတ်နိုင် ဆုံး ဖြစ်အောင်ဆောင်ရွက်ဖို့လုပ်ရပါမယ်”ဟု ပြောသည်။

အဆိုပါ ထောက်ခံချက်တွင် သစ်တောရေးရာဝန်ကြီးဌာန၏ခွင့်ပြုချက်ရရှိထားသောသစ်များဖြစ်ရန်၊ သဘာဝပတ်ဝန်းကျင်အားထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ထားသောကြိုးဝိုင်းများမှ သစ်များ ဖြစ်ရန်နှင့်သစ်လုပ်ငန်းနှင့်သက်ဆိုင်သည့် လူမှုဘ၀များ၏ရပိုင်ခွင့်နှင့်အခွင့်အရေးအားထည့်သွင်းဆောင် ရွက်မှုရှိရန်စသော အချက်များအား ညီမျှစွာလုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း ဖော်ပြထားရမည်ဖြစ် သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါဈေးကွက်များသို့တင်ပို့နိုင်ရေးအတွက် ဥရောပသမဂ္ဂအုပ်စုဝင် နိုင်ငံများမှဆောင်ရွက်နေသည့် Forest Law Enforcement Governance and Trade (FLEGT) ဟုခေါ်သည့် သစ်တောဥပဒေကိုစိုးမိုးစေရန် ဆောင်ရွက်၍ကုန်သွယ်ခြင်းအစီအစဉ်ကို ၀င်ရောက်နိုင်ရေး အတွက် လိုအပ်သော အချက်အချို့ကိုလည်း အီးယူသို့တင်ပို့ထားပြီးဖြစ်သည်ဟု ပြောသည်။

သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် နယ်စပ်လမ်းကြောင်းများမှသစ်မှောင်ခိုများရှိနေခြင်းကလည်း Legal Timber Certificate ဖြင့်သစ်တင်ပို့ရန် ညှိနှိုင်းဆောင်ရွက်နေမှုများကို အခက်အခဲအနည်းငယ်ဖြစ်စေ မည်ဟု ယင်းတို့က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဘာဘာချိုက “နယ်စပ်က သစ် မှောင်ခိုတွေ ရှိနေတာကိုတော့ အာဏာပိုင်အဖွဲ့အစည်းကပဲ လုပ်လို့ရမယ့် ကိစ္စပါ။ ဒီအချက်ကလည်း အီးယူတို့ အမေရိကားတို့အနေနဲက ကြည့်ရင်တော့ မြန်မာနိုင်ငံအတွက် အမည်းစက်လေးတွေဖြစ်စေမှာပေါ့။ ဒါပေမယ့် တရားဝင်လုပ်ဆောင်နေတဲ့အပိုင်းအနေနဲ့တော့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားရမှာ ပါ”ဟုပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် လက်ရှိအချိန်တွင် သစ်တင်ပို့မှုအများဆုံးနိုင်ငံမှာ အိနိ္ဒယနိုင်ငံနှင့် ဒုတိယအများ ဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ဥရောပဈေးကွက်သို့လည်း တင်ပို့နေခြင်းဖြစ်ကြောင်း မြန်မာ့သစ်လုပ် ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်ကပြောသည်။ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်းမြန်မာနိုင်ငံက ကျွန်းသစ် ကုဗမီတာ ၆ သိန်း နှင့် သစ်မာ ၁ ဒဿမ ၇ ကုဗမီတာ တင်ပို့ခဲ့ကာ ၂၀၁၄ခုနှစ်တွင် သစ် ထုတ်လုပ်မှုအား လျှော့ချသွားရန် ၀န်ကြီးဌာနက ကြေညာထားသည်။

No comments: