Saturday, November 30, 2013

ဧရာဝတီတိုင်းအတွင်းရှိ လက်ကျန် မြေယာပြဿနာများ တိုင်းလွှတ်တော်တွင် အဖြေရှာမည်

မင်းမင်း

လယ်ယာမြေအမှုများကို မြေစာရင်းဦးစီးဌာနက ဖြေရှင်းပေးမှု အားနည်းနေသည့်အတွက် တိုင်းအစိုးရမှ တာဝန်ယူ၍ ထိရောက်စွာ ဖြေရှင်းပေးရန် နိုဝင်ဘာ၂၈ ရက်က ဧရာဝတီတိုင်းလွှတ်တော်တွင် အဆိုတင် သွင်းခဲ့ပြီး ယင်းအဆိုကို လွှတ်တော်တွင်ဆွေးနွေးမည်ဖြစ်သည်ဟု အဆိုတင်သွင်းခဲ့သူ ငပုတောမြို့နယ် မှ လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က မဇ္ဈိမကို ပြောသည်။

ယင်းအဆိုကို ဆွေးနွေးရန် တိုင်းလွှတ်တော် ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် လက်ခံဆွေးနွေးရန် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်လိုက်သော်လည်း မည်သည့်အချိန်တွင် ဆွေးနွေးမည်ကိုမူ ထည့်ပြောသွားခြင်း မရှိသေးဟုလည်း ၎င်းက ဆိုသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ငပုတောမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ၎င်း၏ မြို့နယ် တစ်ခုတည်းတွင်ပင် မြေယာအမှုပေါင်း ၄၀၀ ကျော်ရှိနေသည်ဟု ဆိုသည်။

“မြေယာမှုခင်းတွေ ဖောင်းပွနေတာဟာ အခုအချိန်ထိ မြေစာရင်းဝန်ထမ်းအချို့ကြောင့် ဖြစ်ပေါ်နေရတယ်။ လက်လုပ်လက်စားလေးတွေကို ဘာမှ ထိထိရောက်ရောက် မဖြေရှင်းပေးဘူး”ဟု ပြောသည်။

ဦးအေးကြည်၏ “မြေယာကိစ္စ အငြင်းပွားနေမှုများကို တိုင်းအစိုးရက ထိရောက်စွာဖြေရှင်းရေး” အဆိုကို တိုင်းစိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က လွှတ်တော်တွင် ဖြေကြားခဲ့သော်လည်း မြေစာရင်း ဦးစီးဌာနမှ ဆောင်ရွက်နေမှုများကိုသာ အသေးစိတ် ပြန်ရှင်းပြခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ယင်းအတွက် တိုင်းလွှတ်တော်ဥက္ကဋ္ဌက “ခင်ဗျားက အစိုးရအဖွဲ့ကိုယ်စား ဖြေနေတာလား။ မြေစာရင်း ကိုယ်စား ပြောနေတာလား”ဟု သတိပေး ပြောဆိုခဲ့သေးသည်ဟုလည်း ဦးအေးကြည်က မဇ္ဈိမကို ပြော သည်။

ဖြေရှင်းရန် အားနည်းနေသည်ဟု လွှတ်တော်တွင် အရေးဆိုခဲ့သည့် မြေယာအမှုများမှာ မဆလ အစိုးရ လက်ထက်က တာဝန်ကျေ စပါးမပေးနိုင်၍ သိမ်းထားသောလယ်များ၊ လယ်သမားချင်း ပေါင်နှံပြီး သိမ်း ထားသောလယ်များ၊ မိသားစုချင်းအမွေခွဲရာမှ ပြဿနာဖြစ်သော လယ်များဖြစ်သည်ဟု အဆိုရှင်ဦးအေး ကြည်က ပြောသည်။

ယင်းကဲ့သို့သော မြေယာအမှုများမှာ ဧရာဝတီတိုင်းရှိ ၂၆ မြို့နယ်စလုံးတွင်ပင် အနည်းနှင့်အများ ရှိနေသည်ဟု ဦးအေးကြည်၏အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် ထောက်ခံခဲ့သည့် လပွတ္တာမြို့ နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက မဇ္ဈိမကို ပြောကြားသည်။

No comments: