Saturday, November 30, 2013

ဆန်တန်ချိန် ၁ ဒဿမ ၈ သန်း တင်ပို့မည်ဟု အစိုးရပြောဆိုချက် ဖြစ်နိုင်ချေနည်းပါး

ထင်လင်းအောင်

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆန်တင်ပို့မှု ၁ ဒဿမ ၈သန်း အထိရောက်ရှိရန်လျှာထားသည်ဟု ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် မဖြစ်နိုင်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က မဇ္ဈိမသို့ နိုဝင်ဘာ ၂၈ ရက်တွင် ပြောသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မြန်မာ့ဆန်တင်ပို့မှုသည် ၂ဒဿမ၅သန်းအထိ တိုးမြှင့်မည်ဖြစ်ကာ ယခုဘဏ္ဍာနှစ်တွင် ခန့်မှန်းချေ ၁ ဒဿမ ၈ သန်း တင်ပို့မည်ဟု ဟောင်ကောင်တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားဖော်ပြ ခဲ့သည့်အပေါ် မဇ္ဈိမက မေးမြန်းရာတွင် ဦးလူမော်မြင့်မောင်က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လာမယ့် မတ်လအထိကတော့ မြန်မာနိုင်ငံအနေနဲ့ တစ်သန်းထက်ကျော်မှာ မဟုတ်ပါဘူး။ အစိုးရပိုင်းကတော့ သူတို့ရဲ့လျှာထားချက်တွေကိုပြောတာပါ။” ဟုပြောသည်။မြန်မာ့ဆိပ်ကမ်း အနေဖြင့်လည်း အားနည်းချက်များစွာရှိနေခြင်းကြောင့် ဆိပ်ကမ်းမှ သင်္ဘောတင်ခနှုန်းထား တစ်ခုတည်းတွင်ပင် အခြား နိုင်ငံများနှင့်နှိုင်းယှဉ်ပါက ဆန်တစ်တန်လျှင် ကန်ဒေါ်လာ ၂၀ခန့် ပိုမိုပေးဆောင်နေရခြင်းကြောင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့်ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်ရန်မှာ အခက်အခဲများစွာရှိနေသည်ဟု ဆက်လက် ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့မှုအားမြှင့်တင်ရန်မှာ ဆိပ်ကမ်းဘက်ဆိုင်ရာအဆောက်အအုံများနှင့် အရည်အသွေးများကိုပိုမိုကောင်းမွန်ဆောင်လုပ်ဖို့လိုသေးသည်ဟု တစ်နှစ်လျှင်ဆန်တန်ချိန် လေးသိန်း ခန့် ရောင်းဝယ်ပေးနေသည့် Alliance Commodities(Suisse)SA ၏ ဥက္ကဋ္ဌ မာမာဒိုးဆစ်က ပြောသည်ဟု ဘန်ကောက်ပို့စ်တွင် ရေးထားသည်။

လက်ရှိအချိန်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလကျော်သာကျန်ရှိတော့ခြင်းဖြစ်သော် လည်း မြန်မာ့ဆန်တင်ပို့မှုမှာတန်ချိန် ၅ သိန်းနီးပါးသာရှိနေသေးသည်။

No comments: