ABC
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက်နေ့ သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် တိုနီအာဘော့တ်နဲ့ တွေ့ဆုံခဲ့သလို သြစတြေးလျ သတင်းထောက်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က တချို့လူတွေ ယူဆထားသလို မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်နေပြီ ဆိုတဲ့အခြေအနေမရောက်သေးပဲ ခုအချိန်ဟာ ဒီမိုကရေစီ အစပိုင်း အချိန်သာ ရှိနေတဲ့အကြောင်း လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်နိုင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ရရှိနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
လူနည်းစုမွတ်စလင်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပြည့်အဝ မလုပ်ပေးဘူးဆိုတဲ့ ဝေဖန်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်လိုက်ပြီး အစွန်းရောက်သမားတချို့ရဲ့ လုပ်ရပ်အပေါ် အာရုံစိုက်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ပြဿနာ ပိုဖြစ်ရုံသာရှိမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
ခုလို ဝေဖန်မှုတွေလုပ်မယ့်အစား ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးရှိအောင် လုပ်ပေးဖို့ အစိုးရကို တိုက်တွန်းသင့်တဲ့အကြောင်း တရားဥပဒေစိုးမိုးရေးရှိပြီး အကြမ်းဖက်မှုတွေ ထပ်မဖြစ်တော့ရင် ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တွေအကြားက မတူကွဲပြားမှုတွေ အလိုလို ဖြေရှင်းနိုင်လိမ့်မယ်လို့လည်း ပြောသွားခဲ့ပါတယ်။
စစ်အစိုးရလက်ထက်အတွင်း ရက်စက်မှုတွေ ခံခဲ့ကြတဲ့အတွက် တချို့လူတွေအတွက် စစ်တပ်ကို ခွင့်လွတ်ဖို့ ခက်ခဲမယ်ဆိုတာ နားလည်ပေမယ့် ဒေါသကို ဒေါသခြင်း၊ အကြမ်းဖက်မှုကို အကြမ်းဖက်မှုခြင်း တုန့်ပြန်မယ့်အစား ဒါတွေနဲ့ ဝေးအောင်နေပြီး အနာဂတ်မှာ တည်ရှိစေချင်တဲ့ နိုင်ငံတော်ပုံစံကို ဦးတည် လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ အေဘီစီကို ပြောသွားခဲ့ပါတယ်။
သြစတြေးလျနိုင်ငံကို လှေတွေနဲ့ တရားမဝင်ခိုးဝင် ရောက်ရှိလာသူတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို မေးရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ရှိမယ်ဆိုရင် ဥပဒေအတိုင်း ဆောင်ရွက်ဖို့လိုကြောင်း ဒါပေမယ့် သနားကြင်နာမှုကို စိတ်နှလုံးသွင်းပြီး တရားရေးဆိုင်ရာ ဆုံးဖြတ်ရေးတွေ လုပ်သွားသင့်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။
အဲဒါ့အပြင် သြစတြေးလျနိုင်ငံ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ HIV, AIDS ရောဂါ တိုက်ဖျက်ရေးညီလာခံဖွင့်ပွဲကို တက်ရောက်ဖို့ ဖြစ်ပြီး ဒီလို အရေးတယူဆောင်ရွက်ရတာဟာလည်း လူမှုရေးလောကမှာ HIV ရောဂါခံစားရသူတွေအပေါ် ခွဲခြားမှုတွေရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုယ်နဲ့မတူတဲ့ လူတွေကို မကောင်းတဲ့လူတွေလို့မမြင်ပဲ မတူတာတွေကို လက်ခံဖို့သင့်ကြောင်း အများနဲ့မတူတဲ့လူတွေအနေနဲ့ လူအများလက်ခံလာအောင် တိုက်ပွဲဝင်ရတာမျိုး မဖြစ်ရအောင် ခုလို HIV ရောဂါသည်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ လုံးဝပပျောက်အောင် ကြိုးစားဆောင်ရွက်နေတဲ့ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်တာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
No comments:
Post a Comment