Thursday, November 28, 2013

ဒေါ်အောင်ဆန်းစုကြည် မြန်မာ မိသားစုတွေနဲ့ တွေ့ဆံ

ABC

အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်း ​စုကြည်ရဲ့ ​သြစတြေးလျ ​နိုင်ငံ ​ပထမနေ့ ​ခရီးစဉ် ​အတွင်းမှာ ​ဆီဒနီမြို့က ​မြန်မာမိသားစုတွေနဲ့ ​လည်းတွေ့ဆုံ ​ခဲ့ပါတယ်။

မြန်မာမိသားစုတွေနဲ့ ​တွေ့ဆုံတဲ့ပွဲမှာ ​အဓိက ​ပြောသွားတာကတော့ ​တိုင်းရင်းသားအရေးနဲ့ ​ပတ်သက်ပြီးတော့လည်း ​ဒေါ်ဆောင်ဆန်းစုကြည်က ​ဗမာဆိုတာဟာလည်း ​တိုင်းရင်းသားတစ်ခုဖြစ်တဲ့အကြောင်း ​လူများစုဖြစ်နေလို့ ​တခြားလူတွေကို ​နိုင်ဖို့မဟုတ်ပဲ ​လူများစု ​ဖြစ်လေလေ ​တာဝန်များများ ​ယူတာမျိုးဖြစ်မယ့် ​အကြောင်းတွေကို ​ပြောသွားခဲ့ပါတယ်။

အဲဒါ့အပြင် ​တိုင်းရင်းသားစာပေနဲ့ဘာသာစကားကိုလည်း ​ပြည်နယ်တွေမှာ ​သင်ရမယ်၊ ​အားပေးရမယ်ဆိုခဲ့အကြောင်းတွေကိုလည်း ​ပြောသွားခဲ့ပါတယ်။ ​တချို့ပြည်နယ်မှာတော့ ​လူမျိုးတွေ ​တစ်ခုထက်မနည်းရှိတဲ့အတွက် ​ခက်ခဲနိုင်ပေမယ့် ​အပေးအယူတွေ ​လုပ်ကြရမှာဖြစ်တယ်လို့ ​ဆိုပါတယ်။

အဝေးရောက်မြန်မာတွေလည်း ​မြန်မာနိုင်ငံမှာ ​အမြဲတမ်းမဟုတ်ရင်တောင် ​တစ်လဖြစ်ဖြစ် ​မြန်မာနိုင်ငံကို ​ပြန်ပြီး ​ကိုယ်တတ်တဲ့ ​ပညာတွေ ​ဖလှယ်သင့်ကြောင်း ​ဥပမာ ​သူနာပြုတွေ ​ကျေးလက်ဒေသကို ​သွားပြီး ​အကျိုးပြုနိုင်တယ်လို့ ​ပြောပြသွားပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် ​၂၀၁၅ ​ခုနှစ်အထိ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေကို ​ပြင်ဆင်မှုမလုပ်ရင် ​သပိတ်မှောက်မှာလားလို့ ​မေးရာမှာတော့ ​ဒေါ်အောင်ဆန်းစုကြည်က ​ခုချိန်မှာ ​ပြောဖို့စောနေသေးတဲ့အကြောင်း ​ဒါပေမယ့် ​ဖွဲ့စည်းပုံအခြေခံဥပဒေအမြန်ဆုံး ​ပြောင်းလဲအောင် ​ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့လိုကြောင်း ​ဖြေကြားခဲ့ပါတယ်။

မြန်မာမိသားစုနဲ့ ​တွေ့ဆုံမှုမှာ ​အစီအစဉ်မှူးအဖြစ် ​ဆောင်ရွက်သူကတော့ ​ကျမတို့ရေဒီယိုကနေတဆင့် ​စိတ်ကျန်းမာရေးပညာပေးမှုတွေ ​အမြဲတမ်းလုပ်ခဲ့တဲ့ ​ဒေါက်တာတင့်ဝေပဲ ​ဖြစ်ပါတယ်။

ဒေါက်တာတင့်ဝေက ​ဒေါ်အောင်ဆန်းစုကြည်ကနေ ​သြစတြေးလျနိုင်ငံကို ​လာရောက် ​လည်ပတ်တာတွေက ​ကမ္ဘာမှာ ​ဂုဏ်ယူစရာတွေဖြစ်တဲ့အကြောင်း ​အထင်ကရ ​Opera ​House ​လိုနေရာမျိုးမှာ ​မိန့်ခွန်းပြောတဲ့အတွက် ​မြန်မာတွေ ​Opera ​House ​မှာ ​လာရောက်စုဝေးကြတဲ့အတွက် ​ဒီအထင်ကရနေရာဟာလည်း ​မြန်မာရွာကြီးသဖွယ်ဖြစ်နေတဲ့အတွက် ​ဖော်မပြနိုင်အောင် ​ဂုဏ်ယူမိတယ်လို့ ​ပြောသွားပါတယ်။

ပြီးတော့ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​တိုင်းရင်းသားအရေးနဲ့ ​ပတ်သက်ပြီး ​ဟိုးအရင်က ​ပြောဆိုခဲ့တဲ့အတိုင်း ​ဗမာတစ်ကျပ် ​ရှမ်းတစ်ကျပ်ဆိုတဲ့ ​ပြောဆိုမှုမျိုးအတိုင်း ​လုပ်ဆောင်မယ်လို့မျော်လင့်ကြောင်း ​မြန်မာပညာ ​အရည်အသွေးမြင့်တင်ဖို့ ​နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ​ဖလှယ်မှုတွေ ​လုပ်နိုင်ဖို့ ​တိုက်တွန်းမှုတွေလုပ်ဖို့လည်း ​ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ​ပတ်သက်ပြီး ​လူတွေက ​သူ့ကို ​ဆိတ်ငြိမ်ခဲ့တယ်လို့ ​ပြောဆိုတဲ့အပေါ်မှာ ​ဒေါ်အောင်ဆန်းစုကြည်က ​သူ့အနေနဲ့ ​နိုင်ငံသား ​ဖြစ်သင့်သူတွေကို ​နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ ​လူ့အခွင့်အရေးနဲ့ ​ကိုက်ညီအောင် ​လုပ်ဆောင်ဖို့ဆိုတာမျိုးကို ​အမြဲတမ်းပြောပေမယ့် ​လူတွေက ​တဖက်ဖက်ကို ​ရှုတ်ချအပြစ်တင်တာမျိုး ​လိုချင်ကြတယ်လို့ ​သူကပြောပါတယ်။

ဒီကိစ္စက ​တဖက်ဖက်ကို ​ရှုတ်ချ ​အပြစ်တင်တာနဲ့ ​ကောင်းကျိုးဖြစ်လာမှာ ​မဟုတ်တဲ့အတွက် ​သူ့အနေနဲ့ရှုတ်ချတာတွေ ​မလုပ်ခဲ့တာလို့ ​ပြောပါတယ်။ ​ဒါပေမယ့် ​ရိုဟင်ဂျာတွေအပေါ် ​လူမျိုးတုန်းသတ်ဖြတ်တယ် ​ဆိုတဲ့ ​အသုံးအနှုန်းမျိုးတော့ ​သူမအနေနဲ့ ​လက်မခံနိုင်ဘူးလို့ ​ပြောပါတယ်။

ခုလို ​လူမျိုးရေး၊ ​ဘာသာရေး ​ပြဿနာတွေ ​ဖြစ်နေတာဟာ ​တစ်ဦးပေါ်တစ်ဦး ​ထားရှိတဲ့ ​အကြောက်တရားတွေကြောင့် ​ဖြစ်ပေါ်လာရတာဖြစ်ပြီး ​အကြောက်တရားနဲ့ ​နေနေရသူတွေဟာ ​ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအားနည်းကြပြီး ​မိမိကိုယ်ကိုကာကွယ်ဖို့အတွက် ​ခုလို ​လုပ်ဆောင်ကြတဲ့အကြောင်း ​အစွန်းရောက်သူတချို့ရဲ့ ​ပြောစကားတွေကို ​နားယောင်မိတာဖြစ်ကြောင်းလည်း ​ပြောဆိုခဲ့ပါတယ်။

No comments: