Wednesday, November 27, 2013

ပုဒ်မ ၁၈ဖြင့် ထောင်တစ်လကျသည့် ကိုဒီငြိမ်းလင်း စာမေးပွဲဖြေခွင့်ရရန် ဝန်ကြီးဌာနများကို စာတင်မည်

ယုဝေ

ပုဒ်မ ၁၈ဖြင့် တရားရုံးသုံးရုံးပေါင်း ထောင်ဒဏ်တစ်လ ချမှတ်ခံရသူ ကိုဒီငြိမ်းလင်းကို ဒီဇင်ဘာလ ၂ရက်တွင် ဖြေဆိုရမည့် စာမေးပွဲဖြေခွင့်ပေးရန် အကျဉ်းဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများကို စာတင်မည်ဟု ကိုဒီငြိမ်းလင်း၏ မိခင် ဒေါ်ဌေးဌေးက မဇ္ဈိမကို ပြောသည်။

ကိုဒီငြိမ်းလင်းသည် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တွင် ဘူမိဗေဒ တတိယနှစ် ကျောင်းသားဖြစ်ပြီး နောက်ဆက်တွဲ လေးဘာသာအတွက် ဒီဇင်ဘာလ ၂ရက်တွင် ဖြေဆိုရန်ရှိသောကြောင့် အကျဉ်းဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို နိုဝင်ဘာလ ၂၆ရက်၌ စာပေးပို့မည်ဟု ဒေါ်ဌေးဌေးက ပြောသည်။

ကိုဒီငြိမ်းလင်းအပါအဝင် လက်ပံတောင်းအရေးလှုပ်ရှားသူ ခြောက်ဦးကို နိုဝင်ဘာလ ၂၅ရက်က စမ်းချောင်း၊ အလုံနှင့် ကြည့်မြင်တိုင်တရားရုံး သုံးရုံးပေါင်း ပုဒ်မ ၁၈ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ စာမေးပွဲဖြေရက်နှင့် တိုက်ဆိုင်နေ၍ ခွင့်ပြုပေးရန် စာတင်ရခြင်းဖြစ်သည်။

ကိုဒီငြိမ်းလင်းသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဘူမိဗေဒ တတိယနှစ် တက်နေစဉ်အတွင်း ၂၀၀၇ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း၌ ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၁၅နှစ် ကျခံခဲ့ရပြီး ၂၀၁၂ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ယင်းသို့ ပြန်လွတ်လာပြီးနောက် ကျောင်းပြန်လည်တက်ရန် ၂၀၁၃ခုနှစ် သြဂုတ်လတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပေးသဖြင့် ၂၀၁၃- ၂၀၁၃ပညာသင်နှစ်တွင် ကျောင်းပြန်တက်ခွင့် ရရှိခဲ့သည်။

ယခုအခါ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက်က လက်ပံတောင်းဒေသတွင် သံဃာများအား အာဏာပိုင်များက ဖြိုခွင်းခြင်းကြောင့် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့ကြောင့် ကိုဒီငြိမ်းလင်းအပါအဝင် လူ၅၀၀ခန့်သည် ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ရာ ခွင့်ပြုချက်တောင်းခံခြင်းမရှိသဖြင့် ကိုဒီငြိမ်းလင်း၊ ကိုမိုဃ်းသွေးတို့အပါအဝင် ခြောက်ဦးကို ၂၀၁၃ခုနှစ် နိုဝင်ဘာလထဲတွင် တရားရုံးသုံးရုံးက ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ခြင်းဖြစ်သည်။

No comments: